ထိုင်းအထွေထွေ ရွေးကောက်ပွဲကို မတ်လ ၂၄ တွင် ကျင်းပမည်ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် က ဗုဒ္ဓဟူးနေ့တွင် ကြေညာလိုက်သည်။ ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် ကာလများစွာကပင် ကြိုတင်ပုံနှိပ်ထားပြီးဖြစ်သော တော်ဝင် ဒီကရီ အမိန့် ထွက်ပေါ်လာပြီးနောက် နာရီပိုင်းအတွင်း ယင်း သို့ ကြေညာလိုက်ခြင်းဖြစ်သည်။
လက်ရှိ အစိုးရကလည်း ယခုနှစ်လယ်ပိုင်းတွင် လွှတ်တော်ကိုယ်စားလှယ်အသစ်များနှင့် အစိုးရသစ်ကို ဖွဲ့စည်းနိုင်မည်ဟု ယုံကြည်ကြောင်းဆိုသည်။
တော်ဝင်အမိန့်ဒီကရီကို Royal Gazette တွင် ဖော်ပြလိုက်ပြီးနောက် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ ဝင်များ တွေ့ဆုံဆွေးနွေးကာ ရွေးကောက်ပွဲကို မတ်လ ၂၄ ရက်ဟု သဘောတူအတည်ပြု လိုက်ခြင်း ဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ အစ်တီပေါင် ဘွန်ပရာကောင်က ပြောသည်။
ထိုင်းဘုရင်က အဆိုပါ အမိန့်ဒီကရီကို လက်မှတ်ရေး ထိုးပေးပြီးနောက် ချက်ချင်း သက်ရောက်မှု ရှိသဖြင့် ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ရက် သတ်မှတ်နိုင်ခြင်းဖြစ်သည်။
ဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာက ဖြည့်စွက်၍ လက်မှတ်ထိုးထားသော အဆိုပါ အမိန့်ဒီကရီအရ ရွေး ကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက လာမည့် တနင်္လာနေ့တွင် အကောင်အထည်ဖော်ရမည် ဖြစ်သော် လည်း ကော်မရှင်အနေဖြင့် ခက်ခဲသည့် အခြေ အနေတခုကို သတိကြီးကြီးဖြင့် ကိုင်တွယ်ရသည့် အနေ အထားမရှိသည့် အတွက် ရွေးကောက်ပွဲရက်ကို နာရီပိုင်းအတွင်း ကြေညာနိုင်ခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်ကြသည်။
ဥပဒေအရမူ ကော်မရှင်သည် ရွေးကောက်ပွဲရက်ကို တော်ဝင်အမိန့်ဒီကရီ ထုတ်ပြန်ပြီးနောက် ၅ ရက်အတွင်း သတ်မှတ် ပေးရမည် ဖြစ်သည်။
ရွေးကောက်ပွဲနှင့် ဆက်စပ်သည့် အခြားမဲပေးမှု အစီအစဉ်များကိုလည်း ကြေညာခဲ့ပြီဖြစ်၍ ကော်မရှင်ကို အဆိုပါ ဒီကရီ အမိန့်အတွက် အပြည့်အ၀ သိသာထင်ရှားစွာ ပြင်ဆင်ခဲ့ရသည် ဟုလည်း သိရသည်။
ထိုင်းပြည်သူများ ကြိုတင်မဲ ပေးနိုင်ရန် မှတ်ပုံတင် စာရင်းပေးရမည့် ကာလအဖြစ် ဇန်နဝါရီလ ၂၈ ရက်မှ ဖေဖော်ဝါရီလ ၁၉ အထိ သတ်မှတ်ထားသည်။
ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများ မှတ်ပုံတင်ရမည့်ရက်မှာ ဖေဖော်ဝါရီလ ၄ ရက်မှ ၈ ရက်အထိ ဖြစ်သည်။ အဆိုပါ ၅ ရက်အတွင်း ဝန်ကြီးချုပ် နေရာဝင် ပြိုင်နိုင်ရန် ပါတီတပါတီချင်းစီက ကိုယ်စားလှယ်လောင်း စာရင်းပေးတင်သွင်းရမည်ဟု ဆိုသည်။
နိုင်ငံရပ်ခြားမှ မဲပေးသူများအနေဖြင့် ၎င်းတို့မဲများကို မတ်လ ၄ ရက်မှ ၁၆ ရက်အတွင်း ပေးနိုင် ကြမည်ဖြစ်ပြီး၊ မတ်လ ၁၇ ရက်ကို ကြိုတင်မဲ ပေးနိုင်သည့်နေ့အဖြစ် သတ်မှတ်ထားသည်။
ရွေးကောက်ပွဲ ကျင်းပရေး တောင်းဆို ဆန္ဒပြနေသူများကလည်း ၎င်းတို့စုဝေးမည့်အစီအစဉ် ဖျက်သိမ်းတော့မည် ဖြစ်ကြောင်း ပြောကြားကြသည်။
ရွေးကောက်ပွဲ ရက် သတ်မှတ်ခြင်းနှင့် ပတ်သက်၍ နိုင်ငံတကာတုံ့ပြန်သုံးသပ်မှာ နှေးကွေးနေပြီး အများအားဖြင့် နှုတ်ဆိတ်နေဆဲဖြစ်သလို၊ ရွေးကောက်ပွဲနှင့် ပတ်သက်၍ စောင့်ကြည်စရာမလိုကြောင်း ထိုင်းအစိုးရက ပြောဆိုထားပြီး ဖြစ်သည်။
ထိုင်းနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး ပစ်ကာတ ပီယိုလာက Twitter လူမှုကွန်ရက်တွင် ရေးသားရာ၌ တော်ဝင် အမိန့်ဒီကရီဖြင့် ရွေးကောက်ပွဲ မဲပေးရမည့်ရက်ကို ကြေညာခြင်းသည် ထိုင်း နိုင်ငံတွင် ဒီမိုကရေစီပြန်လည်ထွန်းကားရန် အရေးကြီးသည့် အဆင့်များပင်ဖြစ်ကြောင်း သဘော ထားမှတ်ချက်ပေးသည်။
“တန်းတူရည်တူ စည်းရုံးလှုံ့ဆော်မှုတွေနဲ့ အတူ ပွင့်လင်းပြီး ငြိမ်းချမ်းကြစေဖို့ မျှော်လင့်ပါတယ်။ ထိုင်းနိုင်ငံကို မိတ်ဆွေ အနေနဲ့ အီးယူက ကူညီဖို့ အသင့်ပါ” ဟု ဆိုသည်။
နောက်ထပ် အပြုဆောင်၍ စောစီးစွာထွက်ပေါ်လာသော သဘောထားမှတ်ချက်တခုမှာ ဒိန်းမတ်နိုင်ငံ ခြားရေး ဝန်ကြီးဌာန ထံမှ ဖြစ်ပြီး၊ အဆိုပါ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောခွင့်ရသူတဦးက Twitter ၌ ရေးသားရာတွင် “ရွေးကောက်ကျင်းပဖို့ ကြေညာလိုက်တာဟာ ထိုင်းနိုင်ငံက သတင်းကောင်း တပုဒ်ပါပဲ။ ဒီမိုကရေစီပြန်လည်ထွန်းကားဖို့ အရေးကြီးတဲ့ အဆင့်တွေ ပါ” ဟု ဆိုထားသည်။
“အားလုံးပါဝင်နိုင်ပြီး ယုံကြည်ရတဲ့ရွေးကောက်ပွဲအဖြစ် မြင်ရဖို့ ကျနော်တို့မျှော်လင့်ပါတယ်” ဟု ဒိန်းမတ်ကြေညာချက်တွင် ဖော်ပြထားသည်။