မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် က မိမိ၏ ရုပ်ပုံ အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်ထဲရေး ဝန်ကြီးနှင့် ရတနာပုံ တက္ကသိုလ် ပါမောက္ခချုပ်တို့၏ ပုံကို အသုဘ အခမ်းအနား ပုံစံပြုလုပ်၍ မီးရှို့ခဲ့မှုဖြင့် အဖမ်းခံခဲ့ရသည့် ရတနာပုံ တက္ကသိုလ် ကျောင်းသားများ၏ အမှုကို ဖြေလျှော့ပေးမည်ဟု ပြောဆိုလိုက်သည်။
အဖမ်းခံထားရသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ) ကျောင်းသား ၇ ဦး လွတ်မြောက်ရေးအတွက် ဗကသ ကျောင်းသားများနှင့် ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်တို့ ယနေ့ တွေ့ဆုံခဲ့ကြရာတွင် ဖြေလျှော့ပေးမည်ဟု ကတိပေးလိုက်ခြင်း ဖြစ်ကြောင်း ဝန်ကြီးချုပ်နှင့် တွေ့ဆုံခဲ့သည့် ကျောင်းသားများက ပြောသည်။
မြေလတ်ဒေသလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုသက်မောင်မောင်က “ဝန်ကြီးချုပ်အနေနဲ့ ကတိကဝတ် ပေးလိုက်တာကတော့ တက်နိုင်တဲ့ဘက်ကတော့ တရားစွဲ ထားတဲ့အမှုတွေကို ဖြေလျှော့ ပေးသွားမယ်လို့ ပြောလိုက်တယ်၊ နောက်ပြီး တိုင်းအတွင်းမှာ ဖြစ်နေတဲ့ ကျောင်းသား အသတ်ခံရမှုတွေကိုလည်း အတတ်နိုင်ဆုံး ဆောင်ရွက်ပေးနေတယ်လို့ ပြောကြားခဲ့ပါတယ်” ဟု ပြောသည်။
ရတနာပုံ တက္ကသိုလ် ကျောင်းသားသမဂ္ဂ (ဗကသ) များအဖွဲ့ချုပ်သည် ကျောင်းလုံခြုံရေး၊ ကျောင်းဖွံ့ဖြိုး တိုးတက်ရေးနှင့် ပတ်သက်ပြီး လုပ်ဆောင်ပေးရန်နှင့် ရတနာပုံတက္ကသိုလ် ကုန်ထုတ်ဓါတုဗေဒက နောက်ဆုံးနှစ် ကျောင်းသားတဦး ရတနာပုံ တက္ကသိုလ် အနီး ကန်ပတ်လမ်းတွင် လုယက် သတ်ဖြတ်ခံရမှုဖြစ်ပွားခဲ့သောကြောင့် လုံခြုံရေးတိုးမြှင့်ပေးရန် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့က ဆန္ဒပြခဲ့ကြသည်။
ယင်းသို့ဆန္ဒပြရာတွင် ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ လျှပ်စစ်နှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးဇာနည်အောင် ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း ၊ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ နှင့် ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မောင်မောင်နိုင်တို့၏ ဓာတ်ပုံများအား အခေါင်းပုံစံပေါ်တွင် တင်၍ နာရေးပုံစံ မီးရှို့ခဲ့ကြခြင်းဖြစ်သည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ဗကသ ကျောင်းသား ၇ ဦးအဖမ်းခံခဲ့ရခြင်းဖြစ်ပြီး ၎င်းတို့ကို ဇန်နဝါရီလ ၂၃ ရက်နေ့က အမရ ပူရမြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ပြီး ယင်းရုံးထုတ်တွင် လာရောက်ဝန်းရံခဲ့ကြသည့် ကျောင်းသားများက ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နှင့် တွေ့လိုကြောင်း တောင်းဆိုသဖြင့် ယနေ့မနက်ပိုင်းက တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
ယင်းတွေ့ဆုံမှုတွင် ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် နှင့် အတူ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးဇာနည်အောင်၊ တိုင်းဒေသကြီးလုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှုးကြီး ကျော်ကျော်မင်း၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မြင့်ဦး၊ ပါမောက္ခချုပ် ဒေါက်တာ ဆင့်စိုး (မန္တလေးနည်းပညာတက္ကသိုလ်)၊ ပါမောက္ခချုပ်ဒေါက်တာ မောင်မောင်နိုင်(ရတနာပုံတက္ကသိုလ်)၊ ပါမောက္ခချုပ် ဒေါက်တာ ဝင်းဆွေ (မန္တလာဒီဂရီကောလိပ်) နှင့် ဗကသအဖွဲ့ချုပ်မှ ကျောင်း သား ကိုယ်စားလှယ် ၃ ဦး ပါဝင်ဆွေးနွေးကြသည်။
လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးဇာနည်အောင် က “ဒီနေ့ကျောင်းသားတွေနဲ့ တွေ့ဆုံခဲ့တာမှာ ဝန်ကြီးချုပ် ကတော့ သူတို့တောင်းဆိုတဲ့ အချက်တွေထဲက အဖမ်းခံထားရတဲ့ ကျောင်းသားတွေကိစ္စကို အတတ်နိုင်ဆုံး ကြိုးစား ဆောင်ရွက် ပေးသွားမယ်လို့ ပြောခဲ့တယ်ဆိုတာ မှန်ပါတယ်၊ ကျနော်တို့ ဘက်က အခုလို လိုက်လျောပေးသလို ကျောင်းသားတွေ အနေနဲ့ကလည်း ပြောထားတဲ့အတိုင်း လိုက်နာဆောင်ရွက်ပေးဖို့ လိုတယ်၊ ကျနော်တို့ NLD အစိုးရက အမြဲတမ်း ပြည်သူနဲ့ အတူရှိတယ်၊ ပြည်သူ့ဆန္ဒကို ဘယ်တော့မှ ဆန့်ကျင်မှာ မဟုတ်ပါ ဘူး” ဟု ပြောသည်။
မိတ္ထီလာ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဖွဲ့ သတင်းနှင့်ပြန်ကြာရေးတာဝန်ခံ ကိုမင်းထက်မြတ် ကလည်း “ဘာပဲပြောပြောပါ ဒီနေ့တွေ့ဆုံဆွေးနွေးမှုကတော့ အားရစရာအခြေ အနေတခုပါ၊ ဝန်ကြီးချုပ် အနေနဲ့ကတော့ သူရဲ့လုပ်ပိုင် ခွင့်ရှိသလောက် ကျောင်းသားတွေကိစ္စကို ကြိုးစားပေမယ်လို့ ပြောတယ်၊ ဘယ်လောက်လုပ်ပိုင်ခွင့်ရှိလို့ ဘယ်လောက်အထိ လုပ်မလဲဆိုတာကတော့ ကျနော်တို့က စောင့်ကြည့်သွားရမှာပေါ့” ဟု ပြောသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဖမ်းဆီးခံကျောင်းသားများနှင့် ပတ်သက်၍ အတတ်နိုင်ဆုံးဖြေလျော့ပေးသွား ဟု ပြောဆိုသကဲ့သို့ ကျောင်းသားများထံမှလည်း တန်ပြန်တောင်းဆိုမှုများရှိခဲ့ကြောင်း တွေ့ဆုံခဲ့သည့် ကျောင်းသားများက ပြောသည်။
ကိုမင်းထက်မြတ် က “ဖမ်းဆီးခံကျောင်းသားတွေနဲ့ ပက်သက်ပြီး တရားရုံးမှာ လာရောက် ဝန်းရံတဲ့အခါမှာ ဆန္ဒပြတဲ့ အသွင်မျိုး မလုပ်ဆောင်ကြဖို့ မေတ္တာရပ်ခံပါတယ်ပေါ့နော်၊ အဲဒီအပေါ်မှာလည်း ကျနော်တို့အနေနဲ့ အတတ်နိုင်ဆုံး ထိန်းသိမ်း လုပ်ဆောင် ်သွားမှာပါ” ဟု ပြောသည်။
ဆက်စပ်ဖတ်ရှုရန် – ဖမ်းဆီးထားသည့် ရတနာပုံ ဗကသ ကျောင်းသားသုံးဦးကို ချုပ်ရမန်ယူ