စီးပွားရေး လုပ်ငန်းရှင်ကြီးများ၏ မှန်ကန်သည့် အခွန်ပေးဆောင်မှုများသည် နိုင်ငံတော် အသုံးစရိတ်ကို တဖက်တလမ်းက ဖြည့်ဆည်းပေးနေခြင်းဖြစ်၍ အင်အားတရပ် ဖြစ်ပေါ်စေကြောင်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ပြောသည်။
ယနေ့ နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ကျင်းပပြုလုပ်သည့် ၂၀၁၇-၁၈ စည်းကြပ်နှစ် အခွန်အများဆုံး ထမ်းဆောင်သူများ အနက်မှ ၄၅ ဦးကို ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်စဉ် ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
“တာဝန်သိ၊ တာဝန်ကျေပွန်တဲ့ အခွန်ထမ်းကြီးများ ဖြစ်ကြတဲ့အတွက် နိုင်ငံတော် အနေနဲ့ ချီးကျူး ဂုဏ်ပြုသင့်လို့ ချီးကျူးဂုဏ်ပြုရ ခြင်း ဖြစ်ပါတယ်”ဟု သမ္မတ ဦးဝင်းမြင့်က ပြောသည်။
အစိုးရ အနေဖြင့် ပြည်သူများ၏ လူမှု စီးပွားဘဝ မြင့်မားတိုးတက်ရေးအတွက် ဗဟိုချုပ်ကိုင်မှု လျော့ချပြီး ပုဂ္ဂလိကကဏ္ဍ ဦးဆောင်သည့် ဖွံ့ ဖြိုးတိုးတက်ရေး ကြိုးပမ်း စီမံဆောင်ရွက်ရာတွင် စိန်ခေါ်မှုများ အခက်အခဲများ ရှိနေကြောင်း သမ္မတက ဝန်ခံခဲ့ပြီး အသေးစိတ် ပြောဆိုခြင်း မရှိပါ။
သို့သော် ပြည်သူများ ထည့်ဝင်ထားသည့် အခွန်ငွေများကို အလေ့အလွင့် မရှိအောင် စိစစ်သုံးစွဲနေကြောင်း၊ ပေးဆောင်သင့် ပေးဆောင်ထိုက်သည့် အခွန်ငွေများကိုလည်း မှန်မှန်ကန်ကန် ပေးဆောင်ခြင်းဖြင့် မိမိအကျိုး၊ နိုင်ငံတော် အကျိုးကို မျှတစွာ သယ်ပိုးကြရန်လည်း ၎င်းက မှာကြားခဲ့သည်။
ယနေ့ ဂုဏ်ပြုပွဲတွင် ၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ၇ နှစ်ဆက်တိုက် ဝင်ငွေခွန် အများဆုံးပေးဆောင်ခဲ့သည့် အခွန်ထမ်း ဖြစ်သူ ကမ္ဘောဇဘဏ် လီမိတက် ဥက္ကဌ ဦးအောင်ကိုဝင်းကို အထူးဂုဏ်ထူးဆောင်ဆုနှင့် အထူးဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။
၂၀၁၇-၁၈ ခုနှစ်အတွက် ဝင်ငွေခွန် အများဆုံး ပေးဆောင်သူများတွင် စီးပွားရေး လုပ်ငန်းရှင်းများ ဖြစ်သည့် ဦးဇော်ဇော်၊ ဦးအိုက်ထွန်း၊ ဦးအောင်မိုးကျော်၊ ဦးခင်မောင်အေး၊ ဦးသတိုးဟိန်းနှင့် တပ်မတော်ပိုင် မြဝတီဘဏ်၊ မြဝတီ ထရိတ်ဒင်းတို့လည်း ပါဝင်သည်။
ကမ္ဘောဇဘဏ် လီမိတက် ဥက္ကဌ ဦးအောင်ကိုဝင်းက “ကျနော်တို့ နှစ်တိုင်း ဆောင်ပါတယ်။ ကြိုတင်ငွေတွေလည်း အများကြီး ပေးသွင်းထားပါတယ်။ အခွန်ဟာ တိုင်းပြည်အတွက် အရေးကြီးပါတယ်။ နိုင်ငံသားတိုင်းဟာ အခွန်ပေးဆောင်ဖို့အတွက် တာဝန် ရှိပါတယ်”ဟု မီဒီယာများသို့ ပြောသည်။
ထို့ပြင် လာမည့် နှစ်များအတွက် ပေးရမည့် အခွန်အခတချို့ကိုပါ ကြိုသွင်းထားကြောင်း၊ သမ္မတ၏ ဂုဏ်ပြုဆု ချီးမြင့်သည့်အပေါ်တွင်လည်း ကျေးဇူးတင်ပြီး ၂၀၁၇-၁၈ စည်းကြပ်နှစ်အတွက် ကျပ် ၃၂ ဘီလီယံ အခွန်ဆောင်ခဲ့ကြောင်း ယင်းဘဏ်မှ တာဝန်ရှိသူ များထံမှ သိရသည်။
ကုမ္ပဏီတိုင်းသည် အခွန်ထမ်းဆောင် တာဝန်ရှိပြီး Telenor Myanmar အနေဖြင့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု အဖွဲ့ များထဲတွင် ပြီးခဲ့သည့် နှစ်က ဝင်ငွေခွန် ဒုတိယ အများဆုံးနှင့် ကုန်သွယ်ခွန် အများဆုံး ထမ်းဆောင်ခဲ့ကြောင်း ယင်းကုမ္ပဏီ၏ ဘဏ္ဍာရေး အရာရှိ ဒေါ်ယဉ်ယဉ်ဌေးက ပြောသည်။
“အခုလို နိုင်ငံတကာ ကုမ္ပဏီတွေကို အသိအမှတ်ပြုပေးအတွက် ကုမ္ပဏီ အားလုံးကလည်း အကုန်ဝမ်းသာနေကြတယ်။ အခွန်တွေကို လိုအပ်တဲ့ နေရာတွေမှာ သုံးနေတာ ဆိုတော့ အရမ်း အကျိုးရှိပါတယ်”ဟု ၎င်းက ပြောသည်။
ဖွံ့ ဖြိုးသည့် နိုင်ငံတော်တရပ် ထူထောင်နိုင်ရေးအတွက် ဘဏ္ဍာငွေကြေးသည် အဓိက လိုအပ်ချက် ဖြစ်ပြီး နိုင်ငံတော် တည်ငြိမ်ရေး၊ လုံခြုံရေးနှင့် တရား ဥပဒေ စိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ငွေကြေး လိုအပ်ကြောင်း သမ္မတ ဦးဝင်းမြင့်က ယနေ့ အဖွင့်မိန့်ခွန်းတွင် ပြောသည်။
ယခုလို ဆောင်ရွက်ရာတွင် နိုင်ငံတော် အနေဖြင့် မျှတပြီး ပွင့်လင်းမြင်သာသည့် စွမ်းရည်လည်း ပြည့်ဝသည့် အခွန်စနစ်ဖြင့် ပြည်တွင်း အခွန်ရရှိမှု တိုးမြင့်ရေး လုပ်ငန်းစဉ်ကို ချမှတ်ပြီး ဘဏ္ဍာငွေ အရင်းအမြစ်များ တိုးမြင့်လာစေရန် ရည်ရွယ်ထားကြောင်း သိရသည်။
“ဒီပြုပြင်ပြောင်းလဲမှုမှာ ပူးပေါင်းပါဝင်နေကြတဲ့ အခွန်ထမ်း ပြည်သူတွေရဲ့ အားထုတ်ကြိုးပမ်းမှုတွေက မြန်မာနိုင်ငံ အခွန်စနစ်အတွက် သမိုင်း တွင်ကျန်ရစ်မှာ ဖြစ်တဲ့အကြောင်း ပြောကြားလိုပါတယ်”ဟု သမ္မတ ဦးဝင်းမြင့်က ပြောဆိုခဲ့သည်။
ကုန်သွယ် လုပ်ငန်းခွန် အများဆုံးပေးဆောင်သူများထဲတွင် ဒန်ကို ရောင်းဝယ်ရေး ကုမ္ပဏီ၊ စီးတီးမတ် ဟိုးဒင်း ကုမ္ပဏီ၊ အပြည်ပြည်ဆိုင်ရာ အဖျော်ယမကာ ရောင်းဝယ်ရေး၊ ပီတိစွမ်းအား ထရိတ်ဒင်း၊ အာရှ စွမ်းအင် ကုမ္ပဏီ၊ ရွှေဗြိုင်းဖြူ ကုမ္ပဏီ၊ ကျော်စံ ကုမ္ပဏီ၊ ဧရာဟသာၤ ကုမ္ပဏီ၊ ပစ္စည်းမျိုးစုံ ရောင်းဝယ်ရေး ကုမ္ပဏီနှင့် ဘန်ဟာ ထရိတ်ဒင်း ကုမ္ပဏီတို့ ပါဝင်သည်။
အထူးကုန်စည်ခွန် ထမ်းဆောင်သူများထဲတွင် ဒဂုံ အဖျော်ယမကာ၊ ရိုင်ရယ် လပ်ကီး ဘရေ့ ချ် ၊ လင်းလက်ဝင်း ရတနာ ကုမ္ပဏီ၊ ရတနာ တောင်တန်း ကျောက်မျက် ကုမ္ပဏီ၊ ရောင်နီ အရက်ချက်လုပ်ငန်း၊ ရွှေမြန်မာ အဖျော်ယမကာ၊ ဆအောင်ကမ္ဘာကျောက် မျက်၊ ဂလိုတိုဘက်ကိုး ကုမ္ပဏီ၊ ကံပွင့်ဦး ကျောက်မျက်ရတနာ ကုမ္ပဏီနှင့် ဖြိုးသီဟကျော် ကျောက်မျက်ရတနာ ကုမ္ပဏီတို့ ဖြစ်ကြသည်။
ဝင်ငွေခွန် အများဆုံးပေးဆောင်သူနှင့် ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ပေးဆောင်သူ၊ အထူးကုန်စည်ခွန် ပေးဆောင်သူများထဲ တွင် နိုင်ငံခြား ကုမ္ပဏီများကိုပါ ဂုဏ်ပြုလက်မှတ်များ ချီးမြင့်ခဲ့ပြီး အနည်းဆုံး နိုင်ငံခြား ကုမ္ပဏီ ၁၀ ခုက ဂုဏ်ပြုလက်မှတ်များ ရရှိခဲ့သည်။