ရခိုင်ပြည်နယ် အနောက်ဘက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ပစ်ခတ်မှုတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၂ ဦးနှင့် နယ်စပ်ခြံစည်း ရိုးကာရန်နေသည့် တပ်မတော်အင်ဂျင်နီယာတပ် ( GE ) မှ ဝန်ထမ်းတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။
ယနေ့ နံနက်ပိုင်းက မောင်တောမြို့နယ် မိုင်တိုင်အမှတ် ၄၁ အနီးတွင် နယ်စပ်လုံခြုံရေး ဆောင်ရွက် နေသော မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ကို ဘင်္ဂလားဒေ့ရ်ှ နိုင်ငံဘက်မှ လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်က ပြောသည်။
ဗိုလ်မှူးကြီး ဖုန်းတင့် က “မနက်က ဘင်္ဂလားဒေ့ရ်ှနယ်ဘက်ခြမ်းကနေ ပစ်သွားတာ။ ဘယ်အဖွဲ့ ဆိုတာတော့ မသိသေးဘူး။ စီစစ်နေတုန်းပဲ ရှိသေးတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်အခြမ်းမှ စတင်ပစ်ခတ်ခဲ့ပြီးနောက် မြန်မာ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက ပြန်လည် ပစ်ခတ်ခဲ့ရာ အဆိုပါ လက်နက်ကိုင်အဖွဲ့မှာ တဖြည်းဖြည်း ဆုတ်ခွာသွားခဲ့ကြောင်းလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
ယင်း မိုင်တိုင်အမှတ် ၄၁ အနီးပစ်ခတ်မှုဖြစ်ပွားသည့် နေရာသည် ဒေသခံရွာသားများ နေထိုင်ရာ ကျေးရွာများနှင့် အလှမ်းဝေးကွာသည့် အတွက် ပစ်ခတ်မှုဖြစ်ပွားနေသည့် အခြေအနေကို အသေးစိတ် မသိရှိသော်လည်း တပ်ဖွဲ့ဝင် ၂ ဦးနှင့် GE ဝန်ထမ်းတဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ကိုတော့ ကြားသိရကြောင်း မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က ပြောသည်။
ဦးမြင့်ခိုင် က “ပစ်ခတ်မှု ဖြစ်တာက ကျနော်တို့ အုပ်ချုပ်တဲ့ ကျေးရွာတွေနဲ့ အလှမ်းဝေးတော့ ပစ်ခတ်မှုဖြစ်ပွားတဲ့ အသေးစိတ် အကြောင်းအ ရာကိုတော့ မသိဘူး။ ဟိုဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝိုင်းပစ်တော့ ကျနော်တို့ ဘက်က လက်နက်ကြီးအစ ထိမှန်တာ ၃ ယောက် ရှိတယ်လို့ ပြောတယ်။ ရဲတပ်ဖွဲ့ဝင် ၂ ယောက်နဲ့ ခြံစည်းရိုးကာနေတဲ့ GE အလုပ်သမား တယောက်လည်း ထိတယ်။ စိုးရိမ်ရတဲ့ အခြေအနေတော့ မဟုတ်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်း ဇန်နဝါရီလ ၁၆ ရက်နေ့ကလည်း နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ လုံခြုံရေးဆောင်ရွက်နေသည့် ကားကို မောင်တော်မြို့နယ် ဝက်ကျိန်းကျေးရွာတံတားအနီး၌ ARSA အကြမ်းဖက်အဖွဲ့က ခြုံခိုတိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းလည်း ဇန်နဝါရီလ ၁၉ ရက်နေ့က အစိုးရမှ ထုတ်ပြန်ခဲ့သည်။
ဇန်နဝါရီလ ၄ ရက်နေ့ မနက်ပိုင်းကကလည်း ရက္ခိုင့်တပ်မတော် (AA) အဖွဲ့က ဘူးသီးတောင်မြို့နယ်ရှိ ခထီးလှ၊ ငမြင်းဘော်၊ ကျောင်းတောင်နှင့် ဂုပ္ပီ စသည့် ရဲကင်းစခန်းများကို တပြိုင်တည်း အလစ်အငိုက် ဝင်တိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးပြီး ၉ ဦး ဒဏ်ရာ ရရှိကာ တပ်ဖွဲ့ဝင် များနှင့် ၎င်းတို့၏ မိသားစုဝင် စုစုပေါင်း ၁၈ ဦးကိုလည်း ဖမ်းဆီးသွားခဲ့သည်။ ဖမ်းဆီးခံရသူများ ကိုတော့ ယင်းနေ့ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။