ဆွေမျိုးတော်သူအား လုပ်ပိုင်ခွင့် ချထားမှု၊ ကိုယ်ရေး အရာရှိ ခန့်အပ်ထားမှုများနှင့် ပတ်သက်၍ ဝေဖန်မှုများ ထွက်ပေါ် နေသည့် အပေါ် ရှင်းစရာ မလိုကြောင်း တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်က ပြောဆိုလိုက် သည်။
ဒေါက်တာ လဲ့လဲ့မော်က“ရှင်းစရာ မလိုပါဘူး။ အချိန်တန်လို့ ရှိရင် သိသွားမှာပေါ့။ သူတို့ လာစစ်ကြ။ မဟုတ်တာ လုပ်ထားရင် ပေါ်တာပါပဲ”ဟု ဧရာဝတီကို ပြောသည်။
တနင်္သာရီတိုင်း ဝန်ကြီးချုပ်က ၎င်းနှင့် ဆွေမျိုး နီးစပ်သူများ ပါဝင် ပတ်သက်မှု ရှိသော GGS ကုမ္ပဏီသို့ လုပ်ပိုင်ခွင့် များ ချထားပေးခြင်း၊ ကိုယ်ရေး အရာရှိ ခန့်အပ်ခြင်းတို့ကြောင့် ဝန်ကြီးချုပ် ရာထူးမှ အနားပေးခံရမည် ဆိုသော သတင်း များ ထွက်ပေါ်နေခြင်းနှင့် ပတ်သက်၍ ဧရာဝတီက ဝန်ကြီးချုပ်ထံ ယနေ့ နေ့လယ်ပိုင်းတွင် ဖုန်းဆက် မေးမြန်းရာ အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
“အနားပေးရင်တော့လည်း နားရမှာပေါ့ကွယ်။ တာဝန်ယူထားတဲ့သူက မဟုတ်တာ လုပ်လို့ အနားပေးလို့ ရှိရင် နားရမှာ ပေါ့။ ဒါကတော့ ထုံးစံပဲလေ။ ကိုယ်လုပ်ထားတာ ခိုင်လုံဖို့ လိုတာပေါ့”ဟု ဒေါက်တာ လဲ့လဲ့မော်က ပြောဆိုသည်။
အထက်ဖော်ပြပါ အကြောင်းခြင်းရာများနှင့် ပတ်သက်၍လည်း ပါတီဗဟိုမှ မည်သည့် အကြောင်းကြားစာမျှ မလာ ကြောင်း ၎င်းက ပြောသည်။
ကိုယ်ရေး အရာရှိ ခန့်အပ်ထားမှုနှင့် ပတ်သက်၍လည်း ဒေါက်တာ လဲ့လဲ့မော်က “ကိုယ်ရေး အရာရှိက ကျမ ထွေအုပ် က ခန့်ထားတာပါ။ ကိုဇော်လင်းအောင်လို့ ခေါ်ပါတယ်။ နေရာတကာ သူပဲ လိုက်တာပါ။ သူနဲ့ပဲ သွားနေပါတယ်”ဟု ဆိုသည်။
သို့သော် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၏ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင်လည်းဖြစ်၊ တနင်္သာရီတိုင်း NLD ဥက္ကဋ္ဌ လည်းဖြစ်သူ ဦးအောင်စိုးနှင့် ခယ်မ တော်စပ်သည့် ဒေါက်တာ လဲ့လဲ့မော်သည် ဦးအောင်စိုး၏ သမီးကို ၎င်း၏ ကိုယ်ရေး အရာရှိ အဖြစ် ဝန်ကြီးချုပ် စတင် တာဝန်ယူချိန်မှ စ၍ ယနေ့ အချိန်အထိ ခန့်အပ်ထားကြောင်း တိုင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ စုံစမ်း သိရှိရသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဝန်ကြီးချုပ်ကို မေးမြန်းရာ“ခန့်ထားတာ မဟုတ်တာတော့ မဟုတ်ဘူး။ ခန့်ထားတယ်လို့ လည်း မဟုတ်ဘူး။ ဒါပေမယ့် ဝန်ကြီးချုပ် အခန်းထဲကို တခါတလေ ဝင်ထွက်သွားလာပြီး လိုအပ်တဲ့ အလုပ်ကလေး တွေ ကွန်ပျူတာနဲ့ ပတ်သက်တဲ့ အလုပ်လေးတွေတော့ လုပ်ပေးနေပါတယ်။ သူကတော့ ကူညီနေတာပေါ့”ဟု ပြောသည်။
၂၀၁၆ ဧပြီ ၁ ရက်စွဲဖြင့် နိုင်ငံတော် သမ္မတရုံး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လက်မှတ်ထိုး ထုတ်ပြန်ထား သည့် ညွှန်ကြားချက်၌ ပြည်ထောင်စု အစိုးရ အဖွဲ့ဝင်များသည် မိမိတို့၏ ဇနီး၊ ခင်ပွန်း၊ ညီအစ်ကို မောင်နှမ၊ သားသမီး၊ သားမက်၊ ချွေးမ၊ တူ၊ တူမနှင့် မြေး၊ မြစ်တို့ကို ဌာနဆိုင်ရာ အဖွဲ့အစည်းများတွင် ကိုယ်ရေး အရာရှိ ရာထူး တာဝန်များ ခန့်အပ်ခြင်းမပြုရန်နှင့် ဌာနဆိုင်ရာ ဝန်ထမ်းကိုသာ ဝန်ထမ်း စည်းမျဉ်း စည်းကမ်းများနှင့် အညီ ရွေးချယ်၍ တာဝန်ပေး ရန် ဖော်ပြထားသည်။
အဆိုပါ ညွှန်ကြားချက်သည် ပြည်ထောင်စု အစိုးရ အဖွဲ့ဝင်ဟု ဆိုထား သဖြင့် တိုင်းနှင့် ပြည်နယ်များနှင့် မသက်ဆိုင် ဆိုသည့် ယူဆချက် အချို့ ရှိခဲ့သော်လည်း တနင်္သာရီတိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေးက အစိုးရ အဖွဲ့ဝင် အားလုံးနှင့် သက်ဆိုင်ကြောင်း မှတ်ချက်ပြုသည်။
ဦးခင်မောင်အေးက“အရေးကြီး တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်တွေကျတော့ ဆွေမျိုးသားချင်းတွေနဲ့ ပတ်သက်ပြီး ဝင်အစွက် ဖက် မခံဘူး ဆိုတာ သေချာ စဉ်းစားကြည့်တော့ မှန်ပါတယ်။ မခန့်သင့်ဘူး။ တခြားသူတွေက မြင်လို့ရှိရင် တမျိုးထင် တာ ပေါ့။ ကျနော်ကတော့ အစိုးရ အဖွဲ့ဝင် အကုန်လုံးနဲ့ ဆိုင်တယ်လို့ နားလည်ထားတယ်”ဟု ရှင်းပြသည်။
ဆက်လက်၍ ၎င်းက ထားဝယ်ခရိုင်တွင် လျှပ်စစ် ထုတ်လုပ် ဖြန့်ဖြူးနေသည့် Global Grand Service (GGS) ကုမ္ပဏီ နှင့် ပတ်သက်၍ လွှတ်တော်တွင် ပြုလုပ်သည့် ကြားနာပွဲမှ အထောက်အထားများ အရ ဦးအောင်စိုး၏ သားမက် ဦးနေမျိုးအောင် သည် GGS တွင် တာဝန်ခံအနေဖြင့် ပါဝင်ကြောင်း အတည်ပြု ပြောဆိုသည်။
GGS ကုမ္ပဏီသည် လျှပ်စစ် စတင်ထုတ်လုပ်သည့် ၂၀၁၇ ဇူလိုင်လမှ ၂၀၁၈ ခုနှစ် နှောင်းပိုင်း အထိ ပြည်ထောင်စုသို့ ဂက်စ်ဖိုး အကြွေး ကျပ်သိန်း ရှစ်သောင်းကျော် ပေးသွင်းရန် ကျန်ရှိနေကြောင်း သိရသည်။
အထက် ဖော်ပြပါ အချက်များနှင့် ပတ်သက်၍ ဒေသခံ ပြည်သူများက မကြိုက်ကြောင်း၊ ပြည်သူများထံမှ ဝန်ကြီးချုပ်၊ GGS ကုမ္ပဏီတို့နှင့် ပတ်သက်သည့် တိုင်ကြားစာများ လက်ခံ ရရှိထားပြီး တိုင်းလွှတ်တော် အနေဖြင့် သတ်မှတ်ထား သည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း တိုင်းလွှတ်တော် ဥက္ကဋ္ဌက ပြောသည်။
ဝန်ကြီးချုပ်ကတော့ ၎င်းသည် မွေးချင်းမရှိ တဦးတည်းသော သမီး ဖြစ်သည့် အတွက် ဝန်ကြီးချုပ် ဆွေမျိုး ဆိုပါက ၎င်း ၏ သားသမီး ၄ ဦးသာ ရှိကြောင်း၊ ယင်း သားသမီး ၄ ဦး စလုံးသည်လည်း ၎င်းတို့၏ အလုပ်နှင့်သာ ဖြစ်ပြီး ဝန်ကြီးချုပ် ၏ ဆွေမျိုးတဦး မှ GGS တွင် မရှိကြောင်း ဧရာဝတီ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။
အဆိုပါ ကိစ္စများနှင့်ပတ်သက်၍ NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်ကို ယနေ့ နံနက်ပိုင်းက ဆက်သွယ် မေးမြန်း ရာ တနင်္သာရီ တိုင်း ဝန်ကြီးချုပ်နှင့် ပတ်သက်၍ တိုင်ကြားစာ တစောင်မှ မရှိကြောင်း၊ သို့သော် တိုင်ကြားလာ ပါက စစ်ဆေးပြီး မှန်ကန်သည် ဆိုပါက အရေးယူမည် ဖြစ်ကြောင်း ပြောဆိုသည်။
“တိုင်စာတွေသာ ရောက်အောင် လုပ်ပါ။ မှန်တယ်ဆိုရင် ကျနော်တို့ အရေးယူပေးပါမယ်”ဟု ၎င်းက ပြောသည်။
သို့သော် ယနေ့ ညနေပိုင်းတွင် ဒေါက်တာ လဲ့လဲ့မော်နှင့် ပတ်သက်၍ တိုင်စာ ၁ စောင်ထက်မက ရောက်ရှိလာသည် ဟု သတင်းမီဒီယာ တချို့တွင် ဦးမျိုးညွန့် က ပြောကြားကြောင်း ဖော်ပြသည်ကို တွေ့ရှိရသည်။
ပြီးခဲ့သည့် ၂၀၁၈ ဇန်နဝါရီ လဆန်းပိုင်းတွင် ဧရာဝတီ၊ မကွေး၊ ပဲခူး စသည့် တိုင်းဒေသကြီးများမှ တိုင်းဝန်ကြီးချုပ် အပါအဝင် ဝန်ကြီးတချို့ အစိုးရအဖွဲ့မှ နုတ်ထွက်ခြင်း၊ ပါတီမှ အရေးယူခံရခြင်းများ ဖြစ်ပေါ်ခဲ့ပြီးနောက် တနင်္သာရီတိုင်း တွင်လည်း အစိုးရအဖွဲ့ အပြောင်းအလဲ ဖြစ်နိုင်ပြီး ဒေါက်တာ လဲ့လဲ့မော် ပါဝင်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ဖူး သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကလည်း ကချင်ပြည်နယ် အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ရေး ဝန်ကြီး ဦး H လအောင်ကို သမ္မတ အမိန့်ဖြင့် တာဝန်မှ ရပ်စဲလိုက်ပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့ စိုက်ပျိုး မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီး ဦးမြသိန်းနှင့် လူမှုရေး ဝန်ကြီး ဒေါက်တာ သင်းလွင် တို့ကို ရာထူးမှ နုတ်ထွက်ခွင့် ပြုခဲ့သည်။