ပြည်ပ ကြွေးမြီများတွင် အတိုးနှုန်း အများဆုံး ဖြစ်နေသည့် တရုတ် ချေးငွေကို ဆပ်နိုင်သမျှ အမြန်ဆုံး ပြန်ဆပ်သင့်ကြောင်း ယမန်နေ့ က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် ကိုယ်စားလှယ်များက တိုက်တွန်း လိုက်သည်။
ပြည်ထောင်စု အစိုးရ အဖွဲ့မှ ပေးပို့သော ၂၀၁၈ ခုနှစ် ကာလလတ် ကြွေးမြီ စီမံခန့်ခွဲမှု မဟာဗျူဟာ ထုတ်ပြန်ရေးနှင့် ယင်းအစီရင်ခံစာ အပေါ် ပြည်သူ့ ငွေစာရင်း ပူးပေါင်း ကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာ ( ၁/ ၂၀၁၉ ) တို့နှင့် စပ်လျဉ်း၍ ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
အုတ်တွင်း မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ချိုချိုက“လက်ရှိ ဆောင်ရွက်နေတဲ့ ချေးငွေ သဘောအရ ဆပ်လိုတဲ့ အချိန် မှာ ဆပ်ချင်တဲ့ ငွေပမာဏကို ဆပ်နိုင်တာ ဖြစ်လို့ အတိုးများပြီး နိုင်ငံတော် စုစုပေါင်း ကြွေးမြီ လက်ကျန်ရဲ့ ၄၀ ရာခိုင်နှုန်းခန့် ရှိတဲ့ ချေးငွေ လက်ကျန် အများဆုံး ဖြစ်တဲ့ တရုတ်ချေးငွေကို ဆပ်နိုင်သမျှ စောလျင်စွာ ပြန်လည် ပေးဆပ်သင့်ပါတယ်”ဟု ပြောသည်။
၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ စ၍ နှစ်အလိုက် ပြည်ပ ကြွေးမြီ လက်ကျန် အခြေအနေကို လေ့လာကြည့်ရာတွင် တရုတ်ချေးငွေ လက် ကျန် အများဆုံး ဖြစ်သည့် အပြင် ပေးရသည့် အတိုးနှုန်းကလည်း အများဆုံး ဖြစ်နေကြောင်း ၎င်းက လွှတ်တော်တွင် ထောက်ပြ ဆွေးနွေး သည်။
ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် ၄ မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိုး (ဘောဂဗေဒ) ကလည်း တရုတ် ကြွေးမြီများကို ပြန်ဆပ်ရန် အတွက် ကြွေးမြီ ပြန်ဆပ်ရေး မဟာဗျူဟာ နည်းလမ်းမှာ အရေးတကြီး လိုအပ်ကြောင်း၊ တချို့ နိုင်ငံများတွင် ပြည်တွင်း ထုတ်ကုန်များနှင့် ကြွေးမြီများကို ပြန်လည် ပေးဆပ်မှုများ ရှိနေသဖြင့် မိမိတို့ နိုင်ငံ အနေဖြင့်လည်း ပြည်တွင်း ထုတ်ကုန်ဖြစ် သည့် ဆန်တင်ပို့မှုနှင့် ဆပ်၍ ရနိုင်ကြောင်း ဆွေးနွေးသည်။
ဆက်လက်၍ ၎င်းက“တရုတ်ကြွေးမြီ အများစုဟာ အရင် အစိုးရ အဆက်ဆက်က ချေးယူခဲ့တဲ့ ငွေတွေ ဖြစ်ပြီးတော့မှ အခုအခါ ကြွေးမြီ ပြန်ဆပ်ရမယ့် ကာလကို ရောက်နေပါပြီ”ဟုလည်း ပြောဆိုသည်။
တရုတ်သို့ ပေးဆပ်ရမည့် ကြွေးမြီများနှင့် ပတ်သက်၍ အကြွေးလျှော်ပစ်ရန် (သို့မဟုတ်) အတိုးနှုန်း လျှော့ချကာ ပြန်ဆပ်ရမည့် အချိန် အား ပြင်ဆင် ရေးဆွဲမှုများ လုပ်ဆောင်ရန် အတွက် ညှိနှိုင်းသင့်ကြောင်းလည်း ပုလဲ မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် က ၂၀၁၈ ဒီဇင်ဘာလ အတွင်း ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော်၌ ဆွေးနွေးဖူးသည်။
ပြည်သူ့ ငွေစာရင်း ကော်မတီမှ အတွင်းရေးမှူး ဦးခင်မောင်သန်းက“အတိုးနှုန်း မြင့်မားတဲ့ အတွက် ကိုယ်စားလှယ်တွေက တော့ အရေးကြီးတဲ့ အနေအထားနဲ့ ပြန်ဆပ်စေချင်တာပေါ့။ ပြန်ဆပ်ရမယ့် ကိစ္စလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ချေးငွေရဲ့ ပုံစံမှာ ချေးငွေရဲ့ မူလ သတ်မှတ်ချက်ကို ပြန်ကြည့်မှ ရမယ်။ ငွေသား ယူထားလို့ ငွေသား ပြန်ဆပ်ရမယ် ဆိုလည်း ဒါဟာ ဆပ်သင့်တဲ့ ကိစ္စပါ”ဟု ဧရာဝတီကို ပြောသည်။
ဆက်လက်၍ ၎င်းက“လုပ်ငန်း အရ စီမံချက်တွေ အတိုင်း ဆောင်ရွက်တာ ဆိုရင်လည်း ပရော့ဂျက်တွေ အတိုင်း ဆောင်ရွက် ပြီးတော့ ဆိုင်းငံ့ ဘယ်လောက်၊ အရစ်ကျ ဘယ်လောက် ဆပ်မယ် ဆိုရင်တော့ အဲ့ဒီအတိုင်းပဲ ကျနော်တို့ သွားရမှာ ဖြစ်ပါ တယ်။ ကျနော်တို့မှာ ငွေရှိလို့ ပုံပေးမယ်။ ဒါ ဆပ်လိုက်တော့မယ် လို့ ပြောရင်တောင် တော်တော် ညှိနှိုင်းရမယ့် ကိစ္စပါ”ဟု ပြောဆိုသည်။
အစိုးရ ကြွေးမြီ မှတ်တမ်း အရ ပြန်ဆပ်ရမည့် ငွေများမှာ ၁၉၈၈ ခုနှစ် မတိုင်ခင် ကာလအတွင်း အမေရိကန် ဒေါ်လာသန်း ၄၀၀၀ ကျော်၊ ၁၉၈၈ ခုနှစ်မှ ၂၀၁၁ ခုနှစ် အထိ ဒေါ်လာသန်း ၂၇၀၀ ကျော်ရှိပြီး ယင်းကာလ ချေးငွေများ၏ ၉၇ ရာခိုင်နှုန်း မှာ တရုတ်နိုင်ငံမှ ဖြစ်သည် ဟု သိရသည်။
၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ် ( ဦးသိန်းစိန် အစိုးရ လက်ထက်) အထိ ဒေါ်လာ သန်း ၃၀၀၀ ကျော် ရှိပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ လက်ထက် ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၁၇ – ၂၀၁၈ ခုနှစ် အထိ ဒေါ်လာ ၉၁ သန်းကျော်သာ ရှိသည်ဟု ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာနှစ် အတွက် အစိုးရ၏ နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။
ယင်း အစီရင်ခံစာ အရ ပြည်ပသို့ ပေးဆပ်ရမည့် ကြွေးမြီ ဒေါ်လာ သန်းပေါင်း ၁၀၂၀၀ ကျော် ရှိရာ ယင်းမှ ဒေါ်လာ သန်း ၄၀၀၀ ကျော်မှာ တရုတ်သို့ ပြည်လည် ပေးဆပ်ရမည် ဖြစ်ပြီး တချို့ တရုတ် အတိုးနှုန်းမှာ ၄ ဒသမ ၅ ရာခိုင်နှုန်း အထိ ပေးဆပ်နေရကြောင်း ကိုယ်စားလှယ်များက ပြောဆိုကြသည်။
ထို့ပြင် ပြည်တွင်းကြွေးမြီတွင် အစိုးရငွေတိုက်လက်မှတ်များ၊ ငွေတိုက်စာချုပ်များ ထုတ်ဝေရောင်းချခြင်းဖြင့် ဘတ်ဂျက် လိုငွေကို ဖြည့် ဆည်းရန် ရည်မှန်းထားသော်လည်း ထိုစာချုပ်များကို အဓိကအားဖြင့် နိုင်ငံတော် ဗဟိုဘဏ်သို့ ရောင်းချခဲ့ ခြင်း ဖြစ်သောကြောင့် ဘတ် ဂျက် လိုငွေကို ဗဟိုဘဏ်ကသာ ဖြည့်ဆည်း နေရသည့်သဘော ဖြစ်နေကြောင်း ဒေါ်ချိုချိုက ဆက်လက် ပြောသည်။
“ငွေတိုက် လက်မှတ်တွေ ငွေတိုက် စာချုပ်တွေကို လေလံ စနစ်ဖြင့် ရောင်းချရာမှာ ပုဂ္ဂလိကဘဏ်များ၊ ငွေကြေး အဖွဲ့ အစည်းများက ပိုမို ဝယ်ယူလာရန် အတိုးနှုန်းကို ဈေးကွက်ပေါက်ဈေးဖြင့် သတ်မှတ်ခဲ့ရသောကြောင့် လက်ရှိအခြေအနေတွင် အတိုးနှုန်းမှာ ငွေတိုက်လက် မှတ်များအတွက် ၈ ရာခိုင်နှုန်းကနေ ၈ ဒသမ ၂ ရာခိုင်နှုန်း ၊ငွေတိုက်စာချုပ်များ အတွက် ၉ ရာခိုင်နှုန်းမှ ၉ ဒသမ ၅ ရာခိုင်နှုန်း အထိ ရှိနေသောကြောင့် အစိုးရအတွက် အတိုးတာဝန် ကြီးလေးလာနိုင်ပါတယ်”ဟုလည်း ဒေါ်ချိုချိုက ထောက်ပြဆွေးနွေးသည်။
၂၀၁၇-၂၀၁၈ ခုနှစ်ဘဏ္ဍာရေးနှစ် အစိုးရ၏ကြွေးမြီ ဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာတွင် မြန်မာနိုင်ငံမှ ပြည်ပသို့ ပေးဆပ်ရန် ကျန်ရှိ နေသော ကြွေးမြီသည် ၂၀၁၈ ခုနှစ် မတ်လ ၃၁ ရက် အထိ အမေရိကန်ဒေါ်လာ ၁၀၂၀၀ ဒသမ ၁၇၀ သန်း ကျန်ရှိနေပြီး ပြည်တွင်း ကြွေးမြီမှာ ကျပ် ၂၀၇၂၄ ဒသမ ၆ ဘီလီယံ ရှိပြီ ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များကို သက်ဆိုင်ရာ ပြည်ထောင်စု အဖွဲ့စည်းဝင်များက ပြန်လည် ရှင်းလင်း ဆွေးနွေး ခြင်းနှင့် ကျန်ရှိသည့် အစီအစဉ်များကို ဇန်နဝါရီလ ၂၉ ရက်တွင် ကျင်းပမည့် အစည်းအဝေး၌ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ဆက်စပ် ဖတ်ရှုရန်
တရုတ်ထံမှ အတိုးနိမ့်ချေးငွေယူရန် မြန်မာစဉ်းစားနေ
တရုတ်အကြွေး ဆပ်နေရပေမယ့် ပြစရာ စီမံကိန်း မရှိဟု အမတ်များ ဝေဖန်