သမဝါယမ ဦးစီးဌာနလက်အောက်ရှိ သမပိုင်မြေများနှင့် အဆောက်အအုံများကို ရပ်ကွက်နှင့် ကျေးရွာများများ မူရင်းပိုင်ရှင်များ ထံသို့ ပြန်လည် လွှဲပြောင်းပေးရန် အတွက် ယနေ့ကျင်းပသည့် အမျိုးသားလွှတ်တော်တွင် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၇ မှ ကိုယ်စားလှယ် ဦးကျော်တုတ်က တောင်းဆိုလိုက်သည်။
ရပ်ကွက်ကျေးရွာများရှိ အခြေံခံ သမဝါယမ အသင်းတို့၏ အသင်းပိုင်မြေများ အ ဆောက်အဦးများကို ရပ်ကွက်ကျေးရွာများသို့ ဥပဒေ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ပြန်လည် လွှဲပြောင်းပေးရန် အစီအစဉ်ရှိ မရှိကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်တုတ် က မေးမြန်းခဲ့ခြင်း ဖြစ်သည်။
ဦးကျော်တုတ်က “အခြေခံ သမ အသင်းများက မြေနှင့် အဆောက်အအုံများ အသုံးပြုကာ စီးပွားရေးလုပ်ငန်းများ မလုပ်ကိုင် တော့သည် မှာ နှစ်ပေါင်း ၄၀ ကျော် ၅၀ နီးပါး ရှိခဲ့ပြီ ဖြစ်ပါတယ်” ဟု လွှတ်တော် အစည်းအဝေးတွင် ပြောသည်။
ထိုအဆောက်အအုံများ တည်ဆောက်စဉ် ကလည်း ပြည်သူများ ထည့်ဝင်သည့် ငွေကြေးဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ယခု အချိန်မှာ စီးပွားရေး လုပ်ငန်း ၊ လူမှုရေး လုပ်ငန်းများ အတွက် အသင်း၏ တာဝန်များကို အကောင် အထည်ဖော်ဆောင် ရွက်ခြင်း မရှိသဖြင့် ဟောင်းနွမ်း ပျက်ဆီးနေသည့် အဆောက်အအုံများကို ရပ်ကွက်ကျေးရွာများမှ ပြုပြင်လိုသော်လည်း ပြုပြင်ခွင့် မရှိကြောင်း ဦးကျော်တုတ်က ထောက်ပြဆွေးနွေးခဲ့သည်။
ထိုကဲ့သို့ ထောက်ပြဆွေးနွေးမှု အပေါ်တွင် တည်ဆဲ ဥပဒေနှင့် အညီ စီးပွားရေးလုပ်ငန်းများကို မလုပ်ကိုင်သော သမဝါယမ အသင်း ဆုံးဖြတ်ချက်များအရ စာရင်းရှင်းလင်း ဖြတ်သိမ်းပေးရန်နှင့် အခြားလုံလောက်သော အကြောင်းပါရှိလျင် ညွှန်ကြားရေးမှူးချုပ် အဆင့်ရှိသူမှ သမဝါယမ အသင်းများကို ဖျက်သိမ်းပေးနိုင်ကြောင်း စိုက်ပျိုးမွေးမြုူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဦးလှ ကျော်ကပြန်လည်ဖြေကြားခဲ့သည်။
ထို့ကြောင့် ရပ်ကွက်၊ ကျေးရွာ အခြေခံ သမဝါယမ အသင်းများ၏ အသင်းသားများ အနေဖြင့်မိမိတို့ အသင်းပိုင် စီးပွားရေးလုပ်ငန်းနှင့် ရင်းနှီးပစ္စည်းများ စီမံခန့်ခွဲခြင်းကို မိမိတို့ အသင်း၏ အမြင့်ဆုံး အာဏာပိုင် အဖွဲ့အစည်းဖြစ်သည့် အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ဆုံး ဖြတ်ချက်ဖြင့် ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း ဒုတိယ ဝန်ကြီးက ဆက်လက်ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ခင်တန်းကျေးရွာမှဒေသခံ ဦးမြင့်ဦးကလည်း “ရွာက သမရုံးက ပျဉ်ကာထားတာဆိုတော့ လူမနေတော့ ခြစားပြီး ပျက်စီးနေလို့ ရွာက ဥက္ကဋ္ဌ နဲ့ ရွာသားတွေ ပေါင်းပြီး ပြင်ပေးထားတယ်။ အခု ရွာကိုတာဝန်ကျတဲ့ ကျောင်းဆရာ၊ ဆရာမတွေကို အဆောင်လုပ် ပေးထားတယ်” ဟုပြောသည်။
သမဝါယမ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးအောင်ကလည်း “ချေးငွေတွေကို ၆ လတကြိမ် အတိုးအရင်း ပြန်ဆပ် စနစ်နဲ့ ဆောင်ရွက် နေပါတယ်။ ရပ်ကွက်ကျေးရွာမှာ ရှိတဲ့ အဆောက်အအုံတွေ မြေတွေဟာ အလဟဿ မဖြစ်ဘူးဆိုတာတော့ ပြောချင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
သမဝါယမ အသင်း၏ ပုံစံမှာ ခေတ်စနစ် ရွေ့လျာလာသည်နှင့် အညီ ယခင်ကဲ့သို့ ကုန်စုံဆိုင် အဆင့်သာ မဟုတ်တော့ဘဲ လယ်ယာ ဝန်ဆောင် မှု ပေးသည့် လယ်ထွန်စက်ကြီးများ ၊ လက်တွန်း ထွန်စက်များနှင့် ရိတ်သိမ်းချွေလေ့စက်များ ကို အဆိုပါ မြေအဆောက် အအုံများတွင်ထားရှိနေသဖြင့် အသုံးတည့်နေကြောင်း ဦးမျိုးအောင်က ဆိုသည်။
စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အနေဖြင့် သမဝါယမ လုပ်ငန်းကို အောင်မြင်အောင် ဆက်လက်လုပ်ကိုင်မည် ဖြစ်သောကြောင့် တချို့သော ကျေးလက်ဒေသများတွင် သမဝါယမ ရုံးများ ဟောင်းနွမ်း ပျက်စီးနေမှုကို ပြန်လည်ပြုပြင်၍ ဆောင်ရွက်သွားရမည် ဖြစ် ကြောင်း၊ ပြည်သူ့လွှတ်တော် ၊ စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ကျေးလက် လူမှု ဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အဖွဲ့ဝင် ဒေါက်တာ သန်းစိုးအောင် က ဧရာဝတီသို့ ပြောသည်။
ဒေါက်တာ သန်းစိုးအောင် က “သုံးမရတာ ကြာလို့ ဆိုပြီး ပျက်နေတာပြင်ပြီးတော့ စာကြည့်တိုက်လုပ်မယ်။ ဆေးပေးခန်း လုပ်မယ်ဆိုပြီး ပြောင်းလုပ်မယ်ဆို ခေါင်းစဉ်က လွဲသွားမှာ ဖြစ်ပါတယ်” ဟုပြောသည်။
မြန်မာနိုင်ငံတွင် ၁၉၀၄ ခုနှစ် သမဝါယမ အသင်း ဥပဒေနှင့် အတူ သမဝါယမ စတင်ခဲ့ပြီး ခေတ် အဆက်ဆက် ပြောင်းလဲလာသည့် ခေတ်နှင့် အညီ လုပ်ငန်းများ လိုက်ပါ ဆောင်ရွက်နိုင်ရေးအတွက် ဥပဒေများ အဆင့်ဆင့် ပြင်ဆင်ပြဌာန်းခဲ့ပြီး ၁၉၇၀ ခုနှစ်တွင် သမဝါယ မ အသင်းကို ဆိုရှယ်လစ် စီးပွားရေးနှင့် အညီ ပြဌာန်းခဲ့သည်။
ထို့နောက် ၁၉၈၈ ခုနှစ်နောက်ပိုင်း ပြောင်းလဲလာသည့် ဈေးကွက် စီးပွားရေး စနစ်ကို လိုက်လျော ညီထွေ ဖြစ်စေရန်အတွက် ၁၉၉၂ ခု နှစ် သမဝါယမ အသင်းဥပဒေကို ၁၉၉၂ ခုနှစ် ဒီဇင်ဘာလတွင် ပြဌာန်းခဲ့သည်။
အဆိုပါ ၁၉၉၂ ခုနှစ် သမဝါယမ အသင်း ဥပဒေ ပုဒ်မ ၃၇ တွင် “၁၉၇၀ ခုနှစ် ၊ ပြည်ထောင်စု မြန်မာနိုင်ငံ သမဝါယမ အသင်း ဥပဒေ အရ တည်ထောင် ခဲ့သော အသင်းများကို ဤဥပဒေ အရ မှတ်ပုံတင်ထားသော အသင်းများ ဖြစ်သည်ဟု မှတ်ယူရမည်။ သတ်မှတ်ကာ လ အတွင်း ဤဥပဒေနှင့် ပြန်လည်ဖွဲ့စည်းရမည်” ဟု ပြဌာန်းချက်တွင် ပါရှိသည်။
သို့ဖြစ်၍ ယင်းဥပဒေအတိုင်း သမဝါယမ အသင်းများကို ဖွဲ့စည်းခဲ့ရာ ယနေ့ အချိန်ထိ ဖွဲ့စည်းပြီး သမဝါယမ အသင်းပေါင်း ၄၀၄၉၉ သင်း ရှိပြီး ၊ ရပ်ကွက်ကျေးရွာ အခြေခံ အသင်းပေါင်း ၄၀၀၁၆ သင်းရှိပြီး၊ အသင်းသားပေါင်း ၄.၄၂ သန်းခန့်ရှိကြောင်း သမဝါယမ ဦးစီးဌာနမှ သိရသည်။
ခေတ်မီဖွင့်ဖြိုးမှု နောက်ကျ ကျန်နေသည့် ကျေးရွားများတွင် သမဝါယမ အဆောက်အအုံများမှာ ဟောင်းနွမ်း ဆွေးမြေ့မှု များရှိနေသည် ကိုလည်း ကျေးရွာများ၏ မြေပြင်ခြေနေတွင် တွေ့ရသည်။
သမဝါယမ ၏ လုပ်ငန်းဆောင်ရွက်ချက်များမှာ အသေးစား အရင်းအနှီး ချေးငွေ ထုတ်ချေးခြင်း၊ လယ်ယာသုံး စက်ကိရိယာ အရစ်ကျ ရောင်းချခြင်း၊ လယ်ယာမြေ အဆင့် မြှင့် ပြုပြင်ခြင်း၊ မျိုးကောင်း မျိုးသန့် ထုတ်လုပ်ခြင်း အပါအဝင် အသင်းသား လယ်သမားနှင့် လက်လုပ် လက်စားများ အတွက် ငွေကြေးဝန်ဆောင်မှု ပေးနေသည့် လုပ်ငန်း တခုဖြစ်သည်ဟု ဒုတိယ ဝန်ကြီး ဦးလှကျော်က ဆိုသည်။