လက်ရှိ အစိုးရလက်ထက်တွင် နိုင်ငံတကာ ပြဿနာ ဖြစ်လာသည့် ရခိုင်အရေးကို ပြီးခဲ့သည့် ကြံ့ခိုင်ရေး အစိုးရ လက် ထက်တွင် ပြည်တွင်းရေးအဖြစ် အောက်ခြေတွင် ထိန်သိမ်းနိုင်ခဲ့ကြောင်း စက်မှုဝန်ကြီးနှင့် နိုင်ငံခြားရေး ဒုတိယ ဝန်ကြီး ဟောင်း ဦးမောင်မြင့်က သတင်းထောက်များကို ပြောသည်။
ယနေ့ နေပြည်တော်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (ကြံ့ခိုင်ရေး) ပါတီ လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဦးမောင်မြင့်က ရခိုင်အရေး နှင့် သက်ဆိုင်သော မေးခွန်းတခု မေးမြန်းမှုအပြီး သတင်းထောက်များနှင့် တွေ့ဆုံစဉ် ၎င်းက ပြောဆိုခြင်း ဖြစ်သည်။
ဦးမောင်မြင့်၏ မေးခွန်းမှာ ရခိုင်မြောက်ပိုင်းတွင် ဒုက္ခသည်များ ပြန်လည် လက်ခံရေးအတွက် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံ သဘောတူညီချက် ၈ ခုတွင် ပါဝင်သည့် “နိုင်ငံတကာ နယ်နိမိတ်”ဆိုသည့် စကားလုံးကို ကန့်ကွက် ဆွေးနွေး ပြီး လွှတ်တော်တွင် မေးခွန်းထုတ်ခဲ့ခြင်း ဖြစ်သည်။
“သိပ်ပြီးတော့ အင်တာနေရှင်နယ် ဆိုတဲ့ဟာကြီးက နေရာတိုင်းမှာ မသင့်တော်ဘူး။ အဲဒီတော့ တို့ဆီက လူတွေကပဲ ချဲ့ ကားရင်းနဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ဘင်္ဂါလီပြဿနာက အင်တာနေရှင်နယ် Issue ဖြစ်သွားပြီ။ နဂိုတုန်းက အောက်မှာပဲ အုပ်အုပ် ဆိုင်းဆိုင်း ဖြေရှင်း ခဲ့တယ်။ ပြီးချင်း မပြီးချင်းဆိုတာထက် ထိန်းနိုင်တယ်”ဟု ဦးမောင်မြင့်က လွှတ်တော် အပြီး တွင် ပြောသည်။
ယခုအခါ ရခိုင်ပြဿနာမှာ ပြည်တွင်းရေး မဟုတ်တော့ဘဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အထိ ရောက်ရှိနေပြီး ၁ ပတ် လျှင် ၂ ကြိမ်ခန့် အတင်ခံနေရသဖြင့် ကောင်းသည့် အခြေအနေ မဟုတ်ကြောင်း၊ သို့သော် တရုတ်နှင့် ရုရှားနိုင်ငံ တို့က ဗီတိုအာဏာ သုံး၍ကူညီနေသောကြောင့် သက်သာသည့် အနေအထား ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ရခိုင်အရေး လေ့လာစောင့်ကြည့်သူ ဦးမောင်မောင်စိုးကမူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ လက်ထက် တွင် ရခိုင်ပြဿနာကို နိုင်ငံတကာမှ အာရုံစိုက်သည်အထိ ဖြစ်သွားရခြင်းသည် ကြံ့ခိုင်ရေး အစိုးရသည် ပြဿနာများ ကို မဖြေရှင်းဘဲ ပိတ်လှောင်ထားခဲ့ခြင်း၏ အကျိုးဆက်ကြောင့် ဖြစ်ကြောင်း၊ ယခုအခါ ပြဿနာမှာ ပိုဆိုးနေသည်ဟု အများက မြင်နေကြပြီ ဖြစ်ကြောင်း ပြောသည်။
ဦးမောင်မောင်စိုးက“NLD အစိုးရက ဒီအထုပ်ကို ဆက်ဖြေရှင်းရတယ်။ ၂၀၁၇ မှာကျတော့ ပိတ်လှောင်ထားတာ ၅ နှစ်လောက် ရှိ လာတော့ ပေါက်ကွဲမှု တွေ ဖြစ်တော့ ပြဿနာက NLD လက်ထက်မှာ ပိုကြီးတယ်လို့ ထင်ရတယ်။ လက်တွေ့ ကတော့ ကြံ့ခိုင် ရေးက ၂၀၁၂ ကနေ ၂၀၁၆ အာဏာလွဲသည်အထိ ၄ နှစ်လုံးလုံး ဘာမှ မဖြေရှင်းဘဲ ဒုက္ခသည်စခန်းမှာ ထားခဲ့တဲ့ ပြဿနာက ပိုကြီးပါတယ်”ဟု ပြောဆိုသည်။
NLD အစိုးရ လက်ထက်တွင် ရခိုင်-ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) မွတ်စလင် အကြမ်းဖက် အဖွဲ့က အစိုးရ၏ ရဲလုံခြုံရေး စခန်းများကို ဝင်ရောက် တိုက်ခိုက်ခဲ့၍ ယင်း အကြမ်းဖက်မှုများကို ပြန်လည် တုံ့ပြန်သည့်အခါ တပ်မတော် နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား ကြောက်လန့်သည့် မွတ်စလင် ဘင်္ဂါလီ များသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲသို့ သိန်းနှင့် ချီ၍ ထွက်ပြေးခဲ့ကြသဖြင့် ၎င်းတို့ကို ပြန်လည် လက်ခံနိုင်ရေး နိုင်ငံတကာက ဖိအားပေး နေခြင်း ဖြစ်သည်။
ထို့ကြောင့် မြန်မာ အစိုးရသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဒုက္ခသည်များ ပြန်လည် လက်ခံရေး ၂ နိုင်ငံ သဘောတူညီချက် ရရှိရန် ကြိုးစားခဲ့ရာ ၂၀၁၈ ခုနှစ်၊ သြဂုတ်လတွင် ဝန်ကြီးအဆင့် ဆွေးနွေးပွဲတရပ် နေပြည်တော်တွင် ကျင်းပပြီး အချက် ၈ ချက်ဖြင့် ပြန်လည် လက်ခံရေး အစီအစဉ်ကို သဘောတူခဲ့ကြသည်။
ယင်းအချက် ၈ ချက်၏ အချက် (၅) တွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံကြား နိုင်ငံတကာ နယ်နိမိတ်နှင့် မြန်မာပိုင် နက်ပေါ်တွင် တည်ဆောက်ထားသည့် ခြံစည်းရိုးကြား နေထိုင်သူများဟု ဖော်ပြထားရာ ယင်းနိုင်ငံတကာ နယ်နိမိတ် ဆိုသည့် အသုံးကို ကြံ့ခိုင်ရေးပါတီ မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဦးမောင်မြင့်က ကန့်ကွက်ခြင်း ဖြစ်သည်။
မြန်မာ အစိုးရ၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင်ကမူ နိုင်ငံတကာ နယ်နိမိတ် ဆို သည် မှာ နိုင်ငံ တနိုင်ငံထက် ပိုသည့် ၂ နိုင်ငံကို ခွဲခြား၊ ပိုင်းခြား သတ်မှတ်သည့်အရာ ဖြစ်ပြီး နိုင်ငံတကာတွင်လည်း နိုင်ငံတကာ နယ်နိမိတ်ဟု သုံးနှုန်းနေခြင်း ဖြစ်၍ မှန်ကန်သည့် အသုံးတခု ဖြစ်ကြောင်း လွှတ်တော်တွင် ပြန်လည် ရှင်းလင်းခဲ့သည်။
“ဘယ်စာချုပ်မှာပဲ ဖြစ်ဖြစ် အင်္ဂလိပ်လို နှစ်နိုင်ငံခြားနယ်နိမိတ်ကို ရည်ညွှန်းတဲ့အခါမှာ International Boundary လို့ သုံးစွဲတာ မှန်ကန်ကြောင်း ဒီစာချုပ်တွေကနေ ထောက်ပြနေပါတယ်”ဟု ဦးကျော်တင်က ပြောသည်။
ဝန်ကြီး ဦးကျော်တင်၏ ပြန်လည် ဖြေကြားချက်ကို မင်းကင်း ကိုယ်စားလှယ် ဦးမောင်မြင့်က ထပ်မံ၍ မေးခွန်းထုတ် ခဲ့ပြီး စာချုပ်များတွင် ယင်းအသုံး ပါဝင်စေကာမူ တိုင်းပြည်အတွက် အကျိုးရှိမည့် အသုံးမျိုးကို ရွေးချယ်သင့်ကြောင်း ပြောဆိုခဲ့သည်။
“ငါတို့သာ နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ ရှိခဲ့တယ် ဆိုရင်တော့ ဒီစကားလုံး သုံးစရာ လုံးဝ အကြောင်း မရှိဘူး”ဟု နိုင်ငံခြားရေး ဒုဝန်ကြီးဟောင်း ဦးမောင်မြင့်က ပြောသည်။
၂ နိုင်ငံ နယ်နမိတ် ကိစ္စရပ်များကို သုံးစွဲရာတွင် မြန်မာ အစိုးရသည် No Man Land ၊ Zero Line စသည့် အသုံး အနှုန်း များကို သုံးစွဲခဲ့သဖြင့် ၎င်းကိုယ်တိုင် လွှတ်တော်တွင် မေးခွန်းမေးမြန်းပြီး ကန့်ကွက်သည့်အခါ ပြန်ကြားရေး ဒု ဝန်ကြီးက မှားယွင်း သုံးစွဲမိခဲ့သဖြင့် နောက်ပိုင်းတွင် ဆင်ခြင်မည်ဟု ဖြေကြားခဲ့ဖူးကြောင်း ဦးမောင်မြင့်က ဆွေးနွေးခဲ့ သည်။
ဦးမောင်မြင့်သည် တပ်မတော်မှ ဗိုလ်ချုပ်အဆင့်ဖြင့် အငြိမ်းစား ယူခဲ့သူတဦးဖြစ်ပြီး ယခင် အစိုးရလက်ထက်တွင် နိုင်ငံခြားရေး ဒုဝန်ကြီး၊ စက်မှုဝန်ကြီးဌာန ဝန်ကြီးတာဝန်များ ထမ်းဆောင်ခဲ့ကာ ၂၀၁၅ ရွေးကောက်ပွဲ၌ ကြံ့ခိုင်ရေး ပါတီမှ ဝင်ရောက် ယှဉ်ပြိုင်ပြီး စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အနိုင် ရရှိခဲ့ သည်။
မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ ဖိအားဖြစ်စေခဲ့သော ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းက ရခိုင်ပြည်နယ် မြောက်ပိုင်း ပဋိပက္ခကြောင့် ဒုက္ခသည် ၈ သိန်းကျော် နယ်စပ်ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သွားရောက် ခိုလှုံခဲ့ရကြောင်း နိုင်ငံတကာ ထုတ်ပြန်ချက်များနှင့် သတင်းများတွင် ဖော်ပြထားသည်။
ထို ဒုက္ခသည်များအား ပြန်လည်စိစစ်လက်ခံရန် မြန်မာဘက်မှ အသင့်ပြင်ထားသော်လည်း တနှစ်ကျော် နှောင့်နှေး ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်မှစကာ ဒုက္ခသည် ၂၀၀၀ ကို စတင် လက်ခံသွားရန် ၂ နိုင်ငံ သဘော တူညီမှု ရခဲ့သော်လည်း မစတင်နိုင်သေးဘဲ ယနေ့အချိန်ထိ ကြန့်ကြာလျက် ရှိသည်။