အာဏာရပါတီ၏ သြဇာလွှမ်းမိုးမှုကို စိန်ခေါ်ရန် နိုင်ငံရေးပါတီ ထူထောင်မည်ဟု ယခင်သမ္မတလောင်း တဦးက ကြေညာလိုက်သောကြောင့် စင်ကာပူနိုင်ငံတွင် နိုင်ငံရေး ရေချိန်တက်လာပြီး အထွေထွေရွေးကောက်ပွဲကို ယခုနှစ်အတွင်း စောစီးစွာ ကျင်းပမည်ဟူသော ခန့်မှန်းမှုများ ဖြစ်ပေါ်လာသည်။
အာဏာရ ပြည်သူ့အရေးတော်ပုံပါတီ (People’s Action Party) ၏ ယခင် အမာခံတဦးဖြစ်သူ တန်ချန်းဘော့ခ်၏ ယခင်အပတ် သောကြာနေ့က ကြေညာချက်ကြောင့် နိုင်ငံရေး ငလျင် လှုပ်ခါမှုဖြစ်ခဲ့သည်။ တန်က စင်ကာပူ တိုးတက်ရေးပါတီ (Progress Singapore Party) ကို တည်ထောင်မည်ဟု ကြေညာပြီး ထိုပါတီတွင် PAP ကေဒါဟောင်း တချို့ ပါဝင်မည်ဟု သိရသည်။
“မေတ္တာတရား ပြည့်ဝပြီး စစ်မှန်တဲ့ ဒီမိုကရေစီရှိတဲ့ စံတန်ဖိုးတွေသာမက ပြည်သူတွေဟာလည်း အရေးပါတဲ့ အခန်းက ပါဝင်တဲ့ စင်ကာပူနိုင်ငံကိုကျနော်တို့ တည်ဆောက်ချင်တယ်။ အကြောက်တရား ကင်းမဲ့တဲ့ လွတ်လပ်စွာ ရွေးချယ်ခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်တွေကို ကျနော်တို့ အကာအကွယ်ပေးရမယ်” ဟု တန်က Facebook တွင် ရေးသားသည်။
အသက် ၇၈ နှစ်ရှိပြီဖြစ်သော တန်သည် ဝါရင့် လွှတ်တော်ကိုယ်စားလှယ်နှင့် PAP ပါတီဝင် ဖြစ်သည်။ သူသည် ၂၀၁၁ ခုနှစ်က အဆောင်အယောင်မျှသာ ဖြစ်သော သမ္မတရာထူးအတွက် ယှဉ်ပြိုင်ခဲ့သော်လည်း ဒုတိယ ဝန်ကြီးချုပ်ဟောင်း တိုနီတန်ကို မဲအနည်းငယ်ခန့်ဖြင့် ရှုံးနိမ့်ခဲ့သည်။
အငြိမ်းစား ဆရာဝန် တဦးဖြစ်သူတန်သည် ၂၀၁၆ ခုနှစ်တွင် သမ္မတ ရာထူးအတွက် ထပ်မံယှဉ်ပြိုင်မည်ဟု ကြေညာခဲ့ သောကြောင့် သတင်းစာများတွင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခံခဲ့ရသည်။ သို့သော် စင်ကာပူနိုင်ငံ၏ လူများစုဖြစ်သော တရုတ်များသာ သမ္မတရာထူးကို လွှမ်းမိုးထားခြင်းအား တားဆီးရန် ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ပြောင်းလဲလိုက် သောကြောင့် ရွေးကောက်ပွဲ မဝင်ဖြစ်တော့ပေ။
လူထု ထောက်ခံမှုများသော နိုင်ငံရေးသမားတဦး အတိုက်အခံဘက်မှ ပါဝင်လာသောကြောင့် စင်ကာပူ နိုင်ငံရေး ရှုခင်းသည် လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။ အခြား အတိုက်အခံပါတီများ အနေဖြင့် သူနှင့် ပူးပေါင်းဆောင်ရွက် ကြရန်လည်း တန်က တိုက်တွန်းခဲ့သည်။
“ပါတီအကျိုး၊ ကိုယ်ကျိုးထက် နိုင်ငံအကျိုးကို လိုလားတဲ့ အခြား အတိုက်အခံတွေနဲ့လည်း ပူးပေါင်း ဆောင်ရွက်သွားဖို့ ကျနော်တို့ မျှော်လင့်ပါတယ်” ဟုလည်း သူက ပြောသည်။
စင်ကာပူ ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ချီ ဆွန်းဂျွန်က တန်၏ စကားကို အလျှင်အမြန်တုံ့ပြန်ခဲ့ပြီး “တန်ရဲ့ ပါတီသစ် ဖွဲ့စည်းတာကို ကျနော်တို့စောင့်မျှော်နေပြီး အတိုက်အခံတွေ ပိုမိုအင်အား တောင့်တင်းအောင်၊ ကျနော်တို့နိုင်ငံကို ဒီမိုကရေစီ ပိုမိုနီးကပ်အောင်လုပ်ဖို့ မျှော်လင့်နေပါတယ်” ဟု သူက ပြောသည်။
စင်ကာပူနိုင်ငံကို စတင်တည်ထောင်သည့် ၁၉၆၅ ခုနှစ်မှစတင်ပြီး PAP ပါတီကသာ အုပ်ချုပ်နေသည်။ နောက်ဆုံး ကျင်းပသော ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်သော နေရာ ၈၉ နေရာတွင် PAP က ၈၃ နေရာအနိုင်ရရှိခဲ့သည်။
“တန်ချန်းဘော့ခ် အတိုက်အခံ နိုင်ငံရေးကို ဝင်လာတာဟာ တခြားအတိုက်အခံ ပါတီတွေအတွက် စိတ်ထက်သန်မှု ကို တွန်းအား ပေးလိုက်တာပဲ” ဟု အယ်လ်ဘနီမှ နယူးယောက် တက္ကသိုလ်၏ နိုင်ငံရေးသိပ္ပံပါမောက္ခ မဲရဒစ် ဝစ်က ပြောသည်။
အတိုက်အခံဘက်က ပိုမိုတက်ကြွလာခြင်းသည် PAP အတွက် ကြီးထွားလာနေသော ခြိမ်းခြောက်မှုဖြစ်သည်။
“ဘယ်သူက နိုင်ငံအကျိုးကို ပိုကောင်းကောင်း ထမ်းဆောင်နိုင်တယ် ဆိုတာကို စင်ကာပူ နိုင်ငံသားတွေ ဆုံးဖြတ်ရလိမ့်မယ်။ ကျနော်ကတော့ စင်ကာပူ နိုင်ငံသားတွေကို ဆုံးဖြတ်ခွင့်ပေးမှာပဲ” ဟု ဘဏ္ဍာရေးဝန်ကြီး ဟန်းဆွီကိက Straits Times သို့ပြောသည်။
ဟန်းကို နိုဝင်ဘာလက PAP ၏ ပထမ လက်ထောက် အထွေထွေအတွင်းရေးမှူး အဖြစ် ခန့်အပ်ခဲ့သည်။ ထိုရာထူးသည် ပါတီခေါင်းဆောင် ရာထူးကို ဆက်ခံမည့် ရာထူးဖြစ်သောကြောင့် စင်ကာပူ ဝန်ကြီးချုပ်ဖြစ်လာနိုင်သည်။
စီးပွားရေး နှေးကွေးနေပြီး နိုင်ငံရေးအခြေအနေ ရုတ်တရက် ပြောင်းလာနေသောကြောင့် ရွေးကောက်ပွဲစောစီးစွာ ကျင်းပမည် ဟူသော ခန့်မှန်းချက်များ ကြီးထွားနေသည်။ အထွေထွေ ရွေးကောက်ပွဲကို ၂၀၂၁ ဧပြီလတွင် ကျင်းပရန် သတ်မှတ်ထားသည်။ သို့သော် ဝန်ကြီးချုပ် လီရှန်လွန်းသည် ယခုနှစ်အတွင်း ရွေးကောက်ပွဲများ ကျင်းပမည့် လက္ခဏာ ရှိနေသည်။
“ဒီ ပါတီညီလာခံဟာ အထွေထွေ ရွေးကောက်ပွဲမတိုင်မီ နောက်ဆုံး ပါတီညီလာခံ ဖြစ်သွားနိုင်တယ်” ဟု လီက နိုဝင်ဘာလက ကျင်းပသည့် ပါတီညီလာခံတွင် ပြောသည်။
စင်ကာပူနိုင်ငံ ရင်ဆိုင်နေရသော စီးပွားရေး အခြေအနေကြောင့် ရွေးကောက်ပွဲ စောစီးစွာ ကျင်းပခြင်းသည် အာဏာရ ပါတီအတွက် အသာစီးရစေသည်ဟု ကျွမ်းကျင်သူများက ဆိုသည်။
“စင်ကာပူက နိုင်ငံတကာ ဈေးကွက်ကို အကြီးအကျယ် မှီခိုတာရယ်၊ တရုတ်နဲ့ အမေရိကန်အကြား ကုန်သွယ်ရေး ပြဿနာ လတ်တလော ပြေလည်ဖို့ လမ်းမမြင်တာရယ်ကြောင့် စင်ကာပူစီးပွားရေးဟာ ၂၀၁၉ ခုနှစ်ကုန်ရင် ပိုလို့တောင်မှ နှေးကွေးမယ်” ဟု သြစတြေးလျနိုင်ငံ မာ့ဒေါက် တက္ကသိုလ် အာရှသုတေသန ဌာနမှ ဒါရိုက်တာ ဂယ်ရီ ရော့ဒန်ပြောသည်။
“စင်ကာပူနိုင်ငံအနေနဲ့ ဒီလိုအန္တရာယ်မျိုးကို စွန့်စားချင်မှာ မဟုတ်ဘူး။ နောက်လာမယ့် ရွေးကောက်ပွဲမှာ ပါတီရဲ့ စတုတ္ထ မျိုးဆက်တွေကို ပွဲထုတ်မယ့် အခွင့်အရေးလို့ ဝန်ကြီးချုပ်လီက ကြေညာထားတော့ ဒီလိုစွန့်စားရတာမျိုးကို ပိုတောင် ရှောင်ရှားချင်မယ်” ဟုလည်း သူက ပြောသည်။
ယခုနှစ်တွင် စင်ကာပူစီးပွားရေး ၂.၆ ရာခိုင်နှုန်း တိုးတက်မည်ဟု ခန့်မှန်းရပြီး ယခင်နှစ်က ၃.၃ ရာခိုင်နှုန်းထက် နှေးကွေး သွားကြောင်း စင်ကာပူ ငွေကြေးအာဏာပိုင်အဖွဲ့၏ ခန့်မှန်း တွက်ချက်မှုများအရ သိရသည်။ အာဏာရပါတီအတွက် အခြားသော အတားအဆီးများတွင် ဝင်ငွေကွာဟမှု ကျယ်ပြန့်လာခြင်းနှင့် အခွန်မြင့်မားလာခြင်းတို့ ပါဝင်နေသည်။
အတိုက်အခံ ပါတီများသည်လည်း ပိုမိုစောစီးသော ရွေးကောက်ပွဲအတွင် စတင် ပြင်ဆင်နေကြပြီဖြစ်သည်။
လွတ်တော်တွင် အမတ်နေရာရရှိထားသည့် တခုတည်းသော အတိုက်အခံပါတီဖြစ်သည့် အလုပ်သမားပါတီ ဇန်နဝါရီလ ၁၃ ရက်နေ့က ညီလာခံတခု ကျင်းပခဲ့ပြီး ပါတီ အထွေထွေအတွင်းရေးမှူး ပရစ်တန် ဆင်းက ပါတီဝင်များအနေဖြင့် တိုက်ပွဲအတွက် ပြင်ဆင်ရန် တိုက်တွန်းခဲ့သည်။
“တိုင်းပြည်ကို ဘယ်ပါတီပဲအုပ်ချုပ်အုပ်ချုပ်၊ ဘယ်ပါတီတွေပဲ အတိုက်အခံဖြစ်နေနေ အတိုက်အခံရဲ့ လက်ထဲမှာ ကိုယ်စားလှယ် နေရာ အနည်းဆုံး သုံးပုံတပုံရှိတဲ့ စစ်မှန်စွာ ကွဲပြားခြားနာတဲ့ လွှွတ်တော်ကို ကျနော်တို့ရည်မှန်းရမယ်” ဟု သူက ပြောသည်။
ပြဿနာမှာ အတိုက်အခံတို့သည် မေလက မလေးရှား ရွေးကောက်ပွဲတွင် မဟာသီယာ မိုဟာမက်၏ တပ်ပေါင်းစုက ဆောင်ရွက်ခဲ့သကဲ့သို့ နိုင်ငံရေးဒီလှိုင်းကို ဖန်တီးပြီး စင်ကာပူ၏ ပထမဆုံး အစိုးရအပြောင်းအလဲကို လုပ်နိုင် မလုပ်နိုင် ဟူသော မေးခွန်းဖြစ်သည်။
အတိုက်အခံတို့ လုံးဝနိုင်ခြင်းမျိုး ဖြစ်တန်ရာမရှိကြောင်း နယူးယောက်တက္ကသိုလ်မှ ဝစ်က ပြောသော်လည်း “PAP ကို ပြိုင်ဖို့နည်းလမ်း ရှာတွေ့ရင် အတိုက်အခံတွေ ပိုပြီး ရှေ့တန်းရောက်လာမယ်” ဟု သူက ပြောသည်။
လူနေမှုစရိတ် မြင့်မားခြင်းနှင့် တိုင်းပြည်ကို ဦးဆောင်ရန် မျိုးဆက်သစ် ခေါင်းဆောင်များ၏ စွမ်းရည်မရေရာမှု တို့သည့် အာဏာရပါတီအတွက် အခက်အခဲများဖြစ်စေမည်ဟု အချက်အလက် အများအပြားကို သူက ကိုးကားဖော်ပြသည်။
မာ့ဒေါက်တက္ကသိုလ်မှ ရော့ဒန်က “စင်ကာပူက အတိုက်အခံ လှုပ်ရှားမှုများ ပိုမိုညီညွတ်ဖို့လိုတယ်။ ပါတီပိုများဖို့ မလိုဘူး။ လာမယ့် ရွေးကောက်ပွဲမှာ အတိုက်အခံပါတီတွေ အတွက် ကိုယ်စားလှယ်ပိုရဖို့ထက် ပိုမိုများပြားတဲ့ မဲဝေစုရရှိရေးသာ စစ်မှန်တဲ့ အလားအလာဖြစ်တယ်” ဟု ပြောသည်။
ကိုးကား။ ။ Nikkei Asian Review, Straits Times