ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင်း အခြေစိုက်နေသည့် ရက္ခိုင့်တပ်မတော် (AA) ၏ တပ်ဖွဲ့ဝင်များက ပလက်ဝကို ရခိုင်နယ်မြေဟု ပြောဆိုခြင်းများကို ချင်းနိုင်ငံရေးပါတီများက လက်မခံနိုင်ဟု ပြောသည်။
ပလက်ဝကို ရခိုင်နယ်မြေဟုပြောဆိုနေခြင်းကို ကန့်ကွက်ကြောင်း ပလက်ဝမြို့နယ်တွင် ပါတီဌာနချုပ် အခြေစိုက်ထားသည့် ခူမီးအမျိုးသား ပါတီက ဇန်နဝါရီလ ၂၄ ရက်တွင် ကြေညာချက် တစောင်ထုတ်ခဲ့ သကဲ့သို့ ချင်းဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ တို့ကလည်း လက်မခံနိုင်ကြောင်း ဧရာဝတီကိုပြောသည်။
ခူမီးအမျိုးသားပါတီ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဦးစံလင်းက ပလက်ဝမြို့နယ်တွင်း သွားလာလှုပ်ရှားနေသည့် AA တပ်ဖွဲ့ဝင်များက ရခိုင်ရွာများသို့ စည်းရုံးရေးဆင်းရာတွင် ပလက်ဝသည် ရခိုင်နယ်မြေ ဖြစ်ကြောင်း ထည့်သွင်း ပြောဆို နေကြသဖြင့် ၎င်းတို့ပါတီက ကန့်ကွက်ကြောင်း ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု ပြောသည်။
ဦးစံလင်း က “ရွာတွေမှာသူတို့ အဲ့လိုပဲ ကြေငြာနေတယ်။ AA တွေကပြောနေတာပါ။ ဒီလိုတွေပြောတာ သိပ်မကြာသေးဘူး။ ၂၀၁၉ အခုလထဲမှာ စပြောတာ။ ရခိုင်ရွာတွေထဲ စည်းရုံးရေးဝင်ရင် ပလက်ဝဟာ ရခိုင်ပိုင်နက် ဖြစ်တယ်။ တော်လှန်ရေးပြီးရင် ပလက်ဝက ရခိုင်နယ်မြေမှာ ပါမယ်ဆိုပြီး ပြောတာပါ”ဟု ဆိုသည်။
ခူမီးအမျိုးသားပါတီ၏ ထုတ်ပြန်ချက်ထဲတွင် အင်္ဂလိပ်လက်ထက် အုပ်ချုပ်စဉ်က ပလက်ဝသည် တောင်တန်းဒေသ အပိုင်း (၁) နယ်မြေ ၁၀ ခုထဲတွင် ပါဝင်ပြီး လွတ်လပ်သော နယ်မြေ ဖြစ်ကာ အင်္ဂလိပ်က ဥပဒေအရ ရခိုင်တောင်တန်း ဥပဒေ၊ ရခိုင် တောင်တန်း တရားစီရင်ရေး ဥပဒေတို့ဖြင့် အုပ်ချုပ်ခဲ့သော်လည်း ရခိုင်တိုင်းလက်အောက်တွင် မပါဝင်ခဲ့ပါဟု ရေးသား ထားသည်။
ပလက်ဝသည် ခူမီးတိုင်းရင်းသားတို့၏ လွတ်လပ်သည့် နယ်မြေဖြစ်ခဲ့ပြီး ရခိုင်တိုင်း လက်အောက်ထဲ မပါသလို ချင်းတောင်တန်း ဒေသ၏ လက်အောက်ခံလည်း မဟုတ်ခဲ့ဘဲ လွတ်လပ်ရေးရယူရန် ကြိုပမ်းစဉ် ၁၉၄၇ ခုနှစ် အခြေခံ ဥပဒေအရ ချင်းဝိသေသတိုင်း၊ ချင်းပြည်နယ်ထဲ ပါဝင်လာခြင်း ဖြစ်သည်ဟုသိရသည်။
ဦးစံလင်းက “သူတို့ဟာပလက်ဝက ရခိုင်ပြည်နယ်လို့ သတ်မှတ်ထားတယ်။ အဓိကကတော့ ကျနော်တို့ ဒါကို ငြင်းချင်တာပါ။ ဘယ်တုန်းကမှ ကျနော်တို့ ရခိုင်ပြည်နယ်ထဲမှာမပါခဲ့ဘူး”ဟုပြောသည်။
ချင်းဒီမိုကရေစီအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ ဦးငိုင်ဆာ့ခ်က AA ၏ တရားဝင် သဘောထားကို မသိရသော်လည်း အောက်ခြေ AA တပ်ဖွ့ဲဝင် များက ချင်းပြည်နယ်တွင်း ပြောဆိုနေသည့် စကားများမှာ ပလက်ဝမြို့နယ်သည် ရခိုင်ပြည်နယ်၏ လက်အောက်ခံ ကဲ့သို့ ပြောနေကြောင်း ကြားသိနေရသည်ဟု ဆိုသည်။
ဦးငိုင်ဆာ့ခ် က “တကယ်တမ်း သူတို့မူဝါဒနဲ့ ပြောလာမယ်ဆိုရင်တော့ ကျနော်တို့ အပြင်းအထန် ကန့်ကွက်ရမှာပါ။ ပလက်ဝဟာ ချင်းနယ်မြေပဲ” ဟု ဆိုသည်။
အင်္ဂလိပ်အစိုးရ အုပ်ချုပ်စဉ်က ပလက်ဝကို ချင်းတောင်တန်းဒေသမှ သွားလာရန် ခက်ခဲသဖြင့် ဥပဒေ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးပိုင်း လိုအပ်ချက်များ ဖြည့်ဆည်းရန် ရေကြောင်းအရ သွားလာရ အလွယ်ဆုံး ဖြစ်သည့် ရခိုင်ဒေသဘက်မှ ရခိုင်တောင်တန်း ဒေသ ဥပဒေဖြင့် အုပ်ချုပ်ခဲ့ခြင်းသာ ဖြစ်သည်ဟု ဦးငိုင်ဆာ့ခ်က ဆိုသည်။
ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိထောင်း က ၂၀၁၈ ခုနှစ် အတွင်း ပလက်ဝ မြို့နယ်ရှိ ကျေးရွာလူထုများနှင့် လိုက်လံတွေ့ဆုံရာ AA ကပလက်ဝသည် ရခိုင်နယ်မြေ ဖြစ်ကြောင်း ပြောဆိုနေမှုများ က လူထုအကြား ကျယ်ကျယ်ပြန့်ပြန့် သတင်းစကားများ ရောက်နေသည်ကို ကြားခဲ့ရသည်ဟုပြောသည်။
ဆလိုင်းကျဲအိုဘိထောင်း က “AA ရဲ့ တကယ့်တကယ့် မူဝါဒမှာ ပါချင်မှပါမှာပါ။ အောက်ခြေက စစ်ဗိုလ်တွေကပဲ ပြောတာ ဖြစ်ချင် ဖြစ်မှာပါ။ ဖြစ်သင့်တာကတော့ သူတို့ဌာနချုပ်ကနေ တစုံတရာရှင်းလင်းဖို့ လိုတယ်။ ရှင်းပြဖို့ လိုတယ်။ ချင်းပြည်သူ လူထုတွေ ချင်းခေါင်းဆောင်တွေ ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ စိတ်နာနေတယ်” ဟု ဆိုသည်။
ထို့ပြင် ပလက်ဝမြို့နယ်တွင်း စစ်ဆင်ရေးများတွင် တပ်မတော်နှင့် AA တို့ နှစ်ဖက်လုံးမှ လူ့အခွင့်အရေး ချိုးဖောက်မှုများကို သိမြင်ခဲ့ရသည်ဟု ပြောသည်။
“၂ ဖက်လုံးကချိုးဖောက်တယ်လို့ ကျနော်တို့တွေ့ရတယ်။ ဒါပေမယ့် AA ဘက်က ဆက်ဆံမှုက ပိုတောင်မှ ဝမ်းနည်းစရာ တွေ့ရတယ်” ဟု ဆလိုင်းကျဲအိုဘိထောင်းက ပြောသည်။
တိုက်ပွဲများ ဖြစ်ပွားနေသည့် ဒေသတွင် လူ့အခွင့်အရေး ချိုးဖောက်မှု ကင်းစင်ရန် မဖြစ်နိုင်သော်လည်း AA က တိုင်းရင်းသား အချင်းချင်း အပေါ် ထိန်းထိန်း သိမ်းသိမ်းနှင့် ညှိညှိ နှိုင်းနှိုင်း မလုပ်ပဲ ရိက္ခာများ ရယူစားသုံးခြင်း၊ လမ်းပြခိုင်းခြင်းနှင့် ရိုက်နှက် နှိပ်စက်ခြင်းများပါ လုပ်နေသည်ဟု ဆလိုင်းကျဲအိုဘိထောင်းက ပြောသည်။
၎င်းက ” ရွာတရွာဆိုရင် နာမည်ပြောလို့ မကောင်းဘူး။ ကျနော် ကိုယ်တိုင်သွားပါတယ်။ AA တွေ သိမှာပါ။ ရွာသား ၃ ယောက်ကို ရွာပြင်ခေါ်ပြီး ကြိုးနဲ့ တုတ်ပြီး တညလုံး ရိုက်တာ။ ဒဏ်ရာရနေတဲ့ ရွာသားတွေအိမ်ကို ကျနော်ကိုယ်တိုင် ခြေလျင် လျှောက်ပြီး သွားခဲ့ပါတယ်” ဟု ပြောသည်။
AA ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခ က ၎င်းတို့ တပ်ဖွဲ့ဝင်များကို စစ်သင်တန်းပေးရာတွင် တိုက်ပွဲမြေပြင်၌ ပြည်သူ လူထုကို ရိုင်းရိုင်း စိုင်းစိုင်း မဆက်ဆံရန် တပါတည်း ညွှန်ကြားထားပြီး ဖြစ်သည်ဟု ဆိုသည်။
ဦးခိုင်သုခ က “ပလက်ဝမြို့နယ်ထဲမှာဆိုရင် ခူမီးလူမျိုးတွေ နဲ့ ရခိုင်လူမျိုျးတွေ ကြားမှာ ပဋိပက္ခတွေ ဖြစ်အောင် စစ်တပ်ဘက်က ဖန်တီး နေတာတွေလည်း ရှိတယ်။ ကျနော်တို့ ရက္ခိုင့်တပ်မတော် ကတော့ ပြည်သူလူထုတွေကို ဒုက္ခပေးတာမျိုး မလုပ်ဘူး” ဟု လည်း ငြင်းဆိုသည်။
ပလက်ဝကို ရခိုင်နယ်မြေဟူ၍ သတ်မှတ်ပြောဆိုချက်များမှာ ဌာနချုပ်၏ မူဝါဒတွင် မရှိသလိုအောက်ခြေ တပ်မှူးနှင့် တပ်သားများ ကိုလည်း ပြောဆိုရန် ညွှန်ကြားထားခြင်း မရှိသဖြင့် ၎င်းတို့ တပ်ဖွဲ့ဝင်များပြောသည်မှာ မဖြစ်နိုင်ပါဟု ဦးခိုင်သုခ က ပြောသည်။
သမိုင်းကြောင်းအရ ပလက်ဝမြို့နယ်မှာ ရခိုင်တောင်တန်း အနေဖြင့် ရှိခဲ့ပြီး မြန်မာအစိုးရ လက်ထက်မှ ချင်းပြည်နယ် အတွင်းသို့ ထည့်သွင်းလိုက်ခြင်း ဖြစ်သည်ဟု ဆိုပြီးအချို့ချင်းလူမျိုးများက ပလက်ဝကို ရခိုင်များ ပြန်လုယူမည် ထင်နေကြသည်ဟု ဦးခိုင်သုခ က ပြောသည်။
“ကျနော်တို့ဘက်က နယ်မြေကိစ္စ သူပိုင်ငါပိုင်နဲ့ မပြောလိုဘူး။ ဒီကိစ္စက ကျနော်တို့ ပြောနေလို့လည်း ပြီးမှာမဟုတ်ဘူး။ အဲ့တာကြောင့် ဒီကိစ္စကိုကျနော်တို့တပ်ဖွဲ့တွေကိုပြောဖို့လည်းဘာမှ ညွှန်ကြားထား တာမရှိဘူး”ဟု ဦးခိုင်သုခက ဆိုသည်။
AA အနေဖြင့် စစ်ရေးအရ အချက်အခြာ ကျသဖြင့် ပလက်ဝမြို့နယ်အတွင်း အခြေစိုက် လှုပ်ရှားခြင်းသာ ဖြစ်သည်ဟုလည်း ပြောသည်။
AA သည် ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ရခိုင်ပြည်နယ်ကို ဝင်ရောက် အခြေစိုက်ရန် ၂၀၁၅ ခုနှစ်မှစ၍ လှုပ်ရှားခဲ့သည်။
၂၀၁၅ ခုနှစ်တွင် လိုင်ဇာမြို့မှ ချင်းပြည်နယ်၊ ပလက်ဝမြို့သို့ ဝင်ရောက် အခြေစိုက်ပြီး ရခိုင်ပြည်နယ်၊ ကျောက်တော်၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းများသို့ ဝင်ရောက်လှုပ်ရှားလျက် ရှိသည်။
ပလက်ဝမြို့နယ်အတွင်း AA စတင်ဝင်ရောက်သည့် ၂၀၁၅ ခုနှစ်မှ စ၍ ယနေ့အထိ တပ်မတော်နှင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။