ခေတ်ပြောင်းသွားပြီ ဖြစ်သည့် အတွက် တရုတ် စီမံကိန်းတိုင်းကို ပြည်သူများ စိုးရိမ် ကြောင့်ကြရန် မလိုဟု မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ဧရာဝတီကို ပြောသည်။
မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က“ပြည်သူတွေက တရုတ် ကြောက်တာလည်း ပါတယ်။ ဒီ စိုးရိမ် စိတ်တွေ ရှိနေတယ်။ အဲဒါတွေက ဘာကြောင့်ဖြစ် တာလဲ ဆိုတော့ မြစ်ဆုံ စီမံကိန်းကို ပြည်သူ ဘာမှ မသိလိုက်ရဘဲ လက်မှတ် ထိုးလိုက်တယ်။ ဒါတွေကြောင့်မို့ စိုးရိမ်ကြောင့်ကြ မှုတွေ ရှိကြတာပါ”ဟု ပြောဆို သည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ အပါအဝင် အာရှ၊ ဥရောပ၊ သမုဒ္ဒရာတွင်း နိုင်ငံများ၊ အရှေ့အာဖရိက စသည့် နိုင်ငံ ပေါင်း ၆၀ ခန့်ကို ဖြတ်သန်း ချိတ်ဆက်မည့် အစီအစဉ်ဖြင့် ဆယ်စုနှစ်ကြာမည့် စီမံကိန်းကြီး တခုဖြစ်သော One Belt One Road (OBOR) စီမံကိန်းကို ဖော်ဆောင်လျက်ရှိသည်။
ယင်း OBOR စီမံကိန်းသည် ခန့်မှန်း ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ ၄ ထရီလီယံမှ ၈ ထရီလီယံ အထိ ကုန်ကျ နိုင်ကြောင်း သိရသည်။
OBOR ၏ အစိတ်အပိုင်း တခု ဖြစ်သော တရုတ်-မြန်မာ စီးပွားရေး စင်းကြံ (China-Myanmar Economic Corridor (CMEC) စတင် အကောင်အထည် ဖော်ရန် အတွက် ပြီးခဲ့သည့်နှစ် စက်တင်ဘာလက နှစ်နိုင်ငံ အစိုးရ နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးခဲ့သည်။
အဆိုပါ နားလည်မှု စာချွန်လွှာ အရ တရုတ်နိုင်ငံက မြန်မာ အတွင်း မူဆယ်-မန္တလေး ရထားလမ်း အပါအဝင် လုပ်ငန်း စီမံကိန်း ၉ ခုကို ဆောင်ရွက်သွားမည် ဖြစ်ရာ အဆိုပါ စီမံကိန်းနှင့် ပတ်သက်၍ အကျိုးစီးပွား ခေါင်းပုံဖြတ် ခံရမည်ကို ပြည်သူများက စိုးရိမ်ပူပန်မှုများ ရှိနေကြကြောင်း သိရသည်။
နမ္မတူ မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးက အဆိုပါ စီမံကိန်းနှင့် ဆက်စပ်သည့် ဆွေးနွေး ပွဲ တခု၌ တရုတ် အစိုးရ စီမံကိန်းများ အနက် ရှမ်းပြည်နယ်အတွင် ပြုလုပ်သည့် စီမံကိန်းများနှင့် ပတ်သက်ပြီး အကောင် အထည် ဖော်သူများသည် ဒေသတွင်း တိုင်းရင်းသားများ အပေါ် မြေယာ လျော်ကြေး၊ အလုပ်အကိုင် အခွင့် အလမ်း ဆိုင်ရာများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများစွာ ရှိခဲ့သည့်အတွက် ယခု လာမည့် စီမံကိန်းကြောင့် မြေယာ များ ထပ်မံ ဆုံးရှုံးရမည်ကို တိုင်းရင်းသားများ စိုးရိမ်ပူပန်မှုများ ရှိနေကြောင်း ပြောကြားထားသည်။
မန္တလေးတိုင်း ဝန်ကြီးချုပ်က“ဒီစီမံကိန်းက ကိုယ့်ပြည်သူတွေ အတွက် အခွင့်အလမ်းတွေ များတယ်။ စိန်ခေါ်မှု တွေ လည်း ရှိပါတယ်။ ဒါပေမယ့် အခုခေတ်က အရင်လို မဟုတ်တော့ပါဘူး။ ပွင့်လင်းမြင်သာမှု ရှိလာပြီး နိုင်ငံ တွေ ပူးပေါင်း ဆောင်ရွက်တဲ့ခေတ် ဖြစ်လာသလို နိုင်ငံတွေ အချင်းချင်း Win Win Policy နဲ့ လုပ်နေကြပါပြီ”ဟု ပြောကြားသည်။
တရုတ် စီမံကိန်းကြောင့် ဒေသတွင်း လမ်းပန်း ဆက်သွယ်ရေး ပိုကောင်းလာမည် ဖြစ်၍ ကုန်သွယ်မှု ကဏ္ဍ ပို တိုးလာ စေရန်၊ အလုပ်အကိုင် အခွင့်အလမ်း ပိုများလာရန် ကိစ္စများအား အစိုးရ အချင်းချင်း နားလည် ညှိနှိုင်း မှုများဖြင့် ရှေ့ဆက် ဆောင်ရွက်သွားမည် ဟုလည်း ဆိုသည်။
ဒေါက်တာ ဇော်မြင့်မောင်က“တရုတ်လာတော့ တရုတ်နဲ့ ဆက်ဆံရတာပေါ့ဗျာ။ဒီလိုပဲ EU (ဥရောပ သမဂ္ဂ) လာရင် လည်း ဒီလိုပဲ ဆက်ဆံရမှာ ပါပဲ။ နိုင်ငံ ဖွံ့ဖြိုးဖို့က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို လက်ခံတယ်။ ဒါပေမယ့် အကုန်လုံး ရောပြွန်းတာ မဟုတ်ဘဲ ကိုယ့်နိုင်ငံရဲ့အရေးပါတဲ့ ပထဝီ အနေအထားပေါ် မူတည်ပြီး ကိုယ်လို ချင်တာကိုတော့ ဆွေးနွေးရမှာပေါ့ဗျာ”ဟု ပြောဆိုသည်။
မြန်မာ ကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့၏ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက တရုတ်-မြန်မာ စီးပွားရေး စင်းကြံ အကောင်အထည် ပေါ်လာပါက လက်ရှိ ကုန်သွယ်ရေး ကဏ္ဍတွင် အဓိက လိုအပ်ချက်တခု ဖြစ်သည့် အခြေခံ အဆောက်အအုံပိုင်း၌ ပြည့်စုံသွားမည် ဖြစ်ရာ ကုန်သွယ်မှုလည်း ယခင်ထက် ပိုမို ဆောင်ရွက်နိုင်မည်ဟု ဧရာဝတီ ကို ပြောသည်။
တရုတ်နိုင်ငံသည် ဥရောပနှင့် အာရှနိုင်ငံများကြား ကုန်းလမ်းနှင့် ရေလမ်း ကုန်သွယ်ရေးလမ်းကို တဆက်တည်း ပေါင်းစည်းရန် ရည်ရွယ်ပြီး ကုန်သွယ်ရေး ပိုးလမ်းမကြီးကို အခြေခံချဲ့ထွင်ကာ One Belt One Road စီမံကိန်း ကို ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့်နှစ် မေလ လယ်က တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ပြုလုပ်သော Belt and Road နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ်၌ တရုတ် သမ္မတ မစ္စတာ ရှီကျင့်ဖျင်က စီမံကိန်း ဖြတ်သန်းရာ နိုင်ငံများ၏ စီးပွားရေး စည်ပင် ဝပြောမှုနှင့် ဒေသတွင်း စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု အတွက် အကျိုးဖြစ်ထွန်း စေရန်၊ မတူညီ သော ယဉ်ကျေးမှုများ ဖလှယ်ရင်း ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးကာ တရုတ်နိုင်ငံက ဦးစီး၍ ဆောင်ရွက်မည့် မဟာစီမံကိန်း ဖြစ်သည်ဟု ပြောကြားထားသည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလအထိ မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံမှ လာရောက် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန် ဒေါ်လာ သန်း ၂ သောင်းကျော် ရှိပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အားလုံး၏ ၂၅ ရာခိုင်နှုန်းကျော် ရှိကြောင်း ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီ များ ညွှန်ကြားမှု ဦးစီး ဌာန(DICA)က ထုတ်ပြန်ထားသော စာရင်းဇယားများ အရ သိရသည်။
ဆက်စပ် ဖတ်ရှုရန် – တရုတ် စီမံကိန်းတွေမှာ အလောတကြီး ဆုံးဖြတ်ရင် သမိုင်း တရားခံ ဖြစ်သွားမယ်
OBOR စီမံကိန်းတွင် တရုတ်ထံမှ အကျိုးရှိအောင် ယူတတ်ရန် လိုဟု ဆို