ထိုင်းအမျိုးသမီးများကို အွန်လိုင်းမှ တဆင့် အချစ်ဇာတ်လမ်းခင်း၍ ဘတ်ငွေသန်း ၁၀၀ ကျော် လိမ်လည်ရယူခဲ့သဖြင့် အလိုရှိနေသည့် နိုင်ဂျီးရီးယားလူမျိုးနှင့် ထိုင်းလူမျိုး စုစုပေါင်း ၁၄ ဦးတို့ကို မလေးရှားနိုင်ငံတွင် ပူးပေါင်းရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းဖမ်းဆီးနိုင်ခဲ့သည်။
ထိုင်းအမျိုးသမီးများထံမှ ငွေကြေးလိမ်လည် ရယူခဲ့ကြသည့် ဂိုဏ်းတွင် ပါဝင်သူ နိုင်ဂျီးရီးယား လူမျိုး တဦးကို စုံစမ်းရေးမှူး များက ခြေရာခံမိပြီးနောက် မလေးရှားရဲနှင့် ထိုင်းရဲတို့ ပူးပေါင်း၍ ဗုဒ္ဓဟူးနေ့၌ ကွာလာလမ်ပူမြို့ရှိ လူနေအိမ် ၇ လုံးကို ဝင်ရောက်ရှာဖွေခဲ့ကြခြင်းဖြစ်သည်။
အဆိုပါပူးပေါင်းစစ်ဆင်ရေးအရ ထိုင်းနိုင်ငံရှိ နေရာ၃ ခုတွင်လည်း အစောပိုင်းက ဝင်ရောက်စီးနင်း ခဲ့သေးသည်။
ယင်းအမှုဖြင့် ထိုင်းတရားရုံးများက ဖမ်းဝရမ်း ထုတ်ထားသော နိုင်ဂျီးရီးယားနိုင်ငံသား ၇ ဦးကို သွေးဆောင်လိမ်လည်မှုဖြင့် မလေးရှားနိုင်ငံတွင် ဖမ်းဆီးထားပြီးဖြစ်ပြီး၊ ထိုင်းလူဝင်မှု ကြီးကြပ်ရေး အကြီးအကဲ ရဲ ဒုတိယဗိုလ်ချုပ်ကြီး စူရာချေ့ ဟတ်ပန် ကလည်း ထိုင်းအမျိုးသမီး ၇ ဦးတို့က အလားတူ အမှုများဖြင့် စွဲချက်တင် တိုင်တန်းခြင်း ခံရသူများကို ဖမ်းဆီးရ မိပြီ ဖြစ်ကြောင်း ကြာသပတေးနေ့ သတင်းစာရှင်းလင်းတွင် ပြောကြားသည်။
လိမ်လည်သည်ဟု စွပ်စွဲခံရသူနှင့် သားကောင်ဖြစ်သွားသူတို့အကြား Chat Message မှ တဆင့် အပြန်အလှန်ပေးပို့ခဲ့သော စကားပြောဆိုထားသည့် အထောက်အထားများကို မိုဘိုင်းလ်ဖုန်း၊ ကွန်ပျူတာနှင့် အခြားဆက်သွယ်ရေး ကရိယာ အများ အပြားတွင် စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ လိမ်လည်နေသည့် ဂိုဏ်းကို ဖိဖိစီးစီး ဖြိုခွင်းခဲ့သဖြင့် သံသယရှိနေသူများမှာ မလေးရှားနိုင်ငံ ဘက်သို့ ထွက်ပြေး တိမ်းရှောင်သွားကြကြောင်း၊ ၎င်းတို့သည် တနှစ်ကျော်ကာလအထိ ထိုင်းအမျိုး သမီးများကို တနေရာတည်း၌ အခြေစိုက်၍ သွေးဆောင်ဖျားယောင်းခဲ့ကြကြောင်း ရဲ ဒုတိယ ဗိုလ်ချုပ်ကြီး စူရာချေ့ ဟတ်ပန် ဆိုသည်။
အဆိုပါ နိုင်ဂျီးရီးယား လူမျိုးများသည် Facebook အကောင့်အတုများဖွင့်၍ အခြား အမျိုးသားများ ၏ ဓာတ်ပုံကို ပရိုဖိုင်း တင်ကာ လှုပ်ရှားခဲ့ကြပြီး ၎င်းတို့ ပစ်မှတ်ထားရာ သားကောင်များကို အချို သတ်၍ စည်းရုံးခဲ့ကြကြောင်း၊ သားကောင်ဖြစ်သွားသူ အမျိုးသမီးများက ၎င်းတို့သည် ချစ်ခင် နှစ်သက်၍ ငွေကြေးထောက်ပံ့ ပံ့ပိုးခဲ့ကြသည်။
ပြီးခဲ့သည့်တနှစ်ကျော် ကာလမှာပင် အဆိုပါဂိုဏ်းက ၎င်းတို့ သားကောင်များ ထံမှ ဘတ်ငွေသန်း ၁၀၀ ကျော် လိမ်တောင်း နိုင်ခဲ့ပြီး နောက်ဆုံးလိမ်တောင်းခဲ့သည့် ငွေပမာဏမှာ ဘတ်ငွေ ၂၉ သန်း ရှိကြောင်း ရဲဒုတိယဗိုလ်ချုပ်ကြီး ဆူရာချက်က ပြောကြားသည်။