မြန်မာ့ ကမ်းရိုးတန်းနှင့် ရေပြင်ကို ကာကွယ်စောင့်ရှောက်ရန် ဖွဲ့ စည်းမည့် ကမ်းခြေစောင့်တပ်ကို တပ်မတော်၏ လက်အောက်တွင် မဟုတ်ဘဲ အရပ်ဘက်အဖွဲ့ အစည်းတခုအဖြစ် တည်ဆောက်ရန် မြန်မာ အစိုးရက စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာလ ၂၁ ရက်နေ့က နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနတွင် ကမ်းခြေစောင့်တပ် ဖွဲ့ စည်းမည့် ကိစ္စ အတွက် အစည်းအဝေးတခု ပြုလုပ်ခဲ့ပြီး နိုင်ငံ၏ လုံခြုံရေးကိစ္စသာမက တရားမဝင် မူးယစ်ဆေး၊ လူကုန်ကူးမှုနှင့် တရားမဝင် လက် နက် သယ်ဆောင်မှုများကိုပါ စောင့်ကြည့် ထိန်းချုပ်နိုင်ရန်အတွက် ကမ်းခြေစောင့်တပ် လိုအပ်ကြောင်း ယင်းဝန်ကြီးဌာနမှ ဝန်ကြီး ဦးသန့်စင်မောင်က ပြောသည်။
ဦးသန့်စင်မောင်က”အဲဒီဟာက သမ္မတရုံးကို တင်ပြရမှာပေါ့။ သမ္မတရုံးကတော့ အမှန်ကအရပ်ဘက် အဖွဲ့အစည်းအဖြစ်နဲ့တည်ဆောက်ချင်တာပေါ့။ ဘာလို့လည်း ဆိုတော့ အဆင့်သင့်တကယ်တမ်း ရှိနေတာကျတော့ တပ်မတော်(ရေ)ပေါ့နော်။ အခုလောလောဆယ် တပ်မတော်(ရေ)အနေနဲ့ တချို့ကိစ္စတွေကျတော့ လုပ်ရကိုင်ရတာ ခက်တာပေါ့နော်”ဟု ယနေ့ နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။
အခြားနိုင်ငံများမှ ကုန်သွယ်ရေကြောင်းဖြင့် လာရောက်သည့် သဘောင်္များကို တပ်မတော်(ရေ)တခုတည်းဖြင့် စစ်သည့်အခါ အထင် လွဲခံရနိုင်ခြင်း၊ အပြောခံရခြင်းများ ရှိနိုင်ကြောင်း၊ ကမ်းခြေစောင့်တပ် ဖွဲ့ စည်းနိုင်ပါက အကောက်ခွန်၊ လူဝင်မှု ကြီးကြပ်ရေး၊ မီးသတ်၊ ရေကြောင်း ညွှန်ကြားမှု ဦးစီးဌာန၊ ငါးလုပ်ငန်း စသည်ဖြင့် ဌာနပေါင်းစုံ ပါဝင်လာမည် ဖြစ်ကြောင်း သိရသည်။
“ဒါကြောင့် ကမ်းခြေစောင့်တပ်ဖွဲ့ဟာ ဒီနိုင်ငံမှာ မရှိမဖြစ် လိုအပ်တယ်။ သူများနိုင်ငံတွေလည်း နိုင်ငံအများစုက ရှိပါတယ်။ ဒီဟာကို ဘယ်လိုပုံစံနဲ့ ဖွဲ့မှာလဲ။ ဘယ်လို သင်တန်းတွေ ပေးမှာလဲ။ ဘယ်လို ဖွဲ့စည်းမှာလဲ။ ဘယ်လို ဘတ်ဂျက် အကုန်ခံမလဲ။ ဒါ မျိုးတွေ အသေးစိတ်၊ ညှိနှိုင်း၊ ပြင်ဆင်ပြီးတော့ သမ္မတရုံးကို တင်ပြရမှာ ဖြစ်တယ်”ဟု ဝန်ကြီး ဦးသန့်စင်မောင်က ပြောသည်။
ကမ်းခြေစောင့်တပ် ဖွဲ့ စည်းမည့် ကိစ္စကို ကာကွယ်ရေး ဝန်ကြီးဌာနက ပူးပေါင်းဆောင်ရွက်လိမ့်မည် ဖြစ်ပြီး အစည်းအဝေးများသို့ တပ်မတော်(ရေ)မှ အရာရှိများ တက်ရောက်ကြကြောင်း၊ ၎င်းတို့ အနေဖြင့် ကူညီရန် အဆင်သင့်ရှိကြောင်း ဝန်ကြီးက ဆက်လက် ပြောကြားသည်။
အဆိုပါဖွဲ့စည်းနိူင်ရေး ကိစ္စကို တပ်မတော်က သဘောတူသဖြင့် ကာကွယ်ရေး ဝန်ကြီးဌာနမှ တက်ရောက်ခြင်း ဖြစ် နိုင်ကြောင်း၊ အခြား သီးခြား မှတ်ချက် မပေးလိုကြောင်း တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြော သည်။
မြန်မာနိုင်ငံတွင် ကမ်းခြေစောင့်တပ်ဖွဲ့ တခု ရှိရန် လိုအပ်ပြီး ရဲတပ်ဖွဲ့ အောက်တွင် ထားရှိမည်ဟု ထင်ကြောင်း၊ ဌာနပေါင်းစုံ ပါဝင်သင့်သလို စစ်ဘက်၊ အရပ်ဘက် ပူးပေါင်း ဆောင်ရွက်သင့်ကြောင်း မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေးအဖွဲ့ မှ ဒါရိုက်တာ တဦး ဖြစ်သူ ဦးအောင်သူငြိမ်းက ပြောသည်။
“ဒီအဖွဲ့ က လိုတယ်။ မှောင်ခိုမှုတွေ ရှိတယ်။ လူဝင်လူထွက် ကိစ္စတွေ ရှိတယ်။ လိုတာကတော့ လိုတယ်။ ကျနော်လည်း အများကြီး နားမလည်ဘူး။ ဘယ်လောက်အတိုင်းအတာထိ လိုအပ်လဲ။ ဘာလုပ်ငန်းတွေ လိုသလဲ ကျနော် အတိအကျတော့ မသိဘူးဗျ”ဟု ၎င်းက ပြောသည်။
သို့သော် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေတွင် လက်နက်ကိုင်အဖွဲ့ အားလုံးသည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို အခွင့်အာ ဏာ ပေးအပ်ထားရာ ယင်းကိစ္စနှင့် ပတ်သက်၍ ဝန်ကြီး ဦးသန့်စင်မောင်ကို ဧရာဝတီက မေးကြည့်ရာ “ဒီဟာက သိပ်အများကြီး တော့ အနှောက်အယှက် မဖြစ်ဘူးလို့ ကျနော် စိတ်ထဲ ထင်ပါတယ်။ သဘောတူဖို့ပဲ လိုပါတယ်။ ဥပမာ လက်နက်ကိုင်တဲ့ အဖွဲ့အစည်းဟာ သစ်တောလည်း လက်နက်ကိုင်တာပဲ။ လူဝင်မှုကြီးကြပ်ရေးလည်း မကိုင်လား။ ကိုင်တာပဲလေ။ အဲဒီလို ကိုင်စရာရှိတဲ့ အဖွဲ့အစည်းတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေရှိနေတာပဲလေ”ဟု ပြန်လည် ဖြေကြားသည်။
၎င်းက ဆက်၍ “ဌာနအားလုံး ပူးပေါင်းဖ့ို လိုပါတယ်။ ဒါကအစကတည်းက ရှိသင့်တယ်။ ဒီဟာက ဖြည်းဖြည်းချင်း သွားရမှာပေါ့။ ခုနကပြောတဲ့ ရေယာဉ်မောင်းနှင်တာ ကျွမ်းကျင်ဖို့လည်း လိုတယ်။ ရေယာဉ်တွေရှိဖို့လည်း လိုတယ်။ Custom (အကောက်ခွန်) အကြောင်း နားလည်ဖို့ လိုတယ်။ Immigration အကြောင်းလည်း ကျွမ်းကျင်ဖ့ို လိုတယ်။ သင်္ဘောတွေကို စိစစ်တဲ့အခါ ဘယ်လို အချက်ပြရမယ်။ ဘယ်လို ဆက်သွယ်ရမယ်။ ဆက်သွယ်ရေးစက် အသုံးပြုတာကအစ အများကြီးပဲ။ အများကြီး ကြီးကျယ်ပါ တယ်”ဟု ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံတွင် ရေကြောင်းဆိုင်ရာ ကိစ္စရပ်များတွင် ပတ်သက်၍ တရားဝင် ဆောင်ရွက်နေသည့် အဖွဲ့ အစည်းများမှာ တပ်မတော် (ရေ)နှင့် ရေကြောင်း ရဲတပ်ဖွဲ့ တို့က တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။