ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တောင်မင်းကုလားကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ပျောက်ဆုံးနေမှုနှင့် ပတ်သက်ပြီး အကြောင်းရင်းကို စုံစမ်းဖော်ထုတ်ပေးရန် ကျေးရွာအုပ်ချုပ်ရေးမှူး များက ဝိုင်းဝန်းတောင်းဆိုလိုက်ကြောင်း သတင်း ရရှိသည်။
အဆိုပါတောင်းဆိုချက်ကို ဇန်နဝါရီလ ၂၄ ရက်နေ့ ရက်စွဲဖြင့် ၎င်းမြို့နယ်အတွင်းက ကျေးရွာအုပ်ချုပ် ရေးမှူး ၄၈ ဦးက လက်မှတ်ထိုးကာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟဇော်ထံ လိပ်မှုပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ဒေသတွင်း ပါတီနိုင်ငံရေး အသီးသီး ကိုလည်း မိတ္တူများ ပေးပို့ တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း ကန်စောက်ကျေး ရွာအုပ်ချုပ်ရေးမှူး ဦးသင်္ခါကျော်က ပြောသည်။
ဦးသင်္ခါကျော် က “ကျနော်တို့ တောင်းဆိုတာက ထွေထွေထူးထူး မဟုတ်။ အုပ်ချုပ်ရေး ပျောက်သွားတာ ဘယ်အဖွဲ့က ဖမ်းသွားတာလဲ၊ စစ်တပ်က ဖမ်းသွားတာလား၊ AA ကဖမ်းသွား တာလား။ အဲဒီကို စုံစမ်းပေးဖို့ တောင်းဆိုတာပါ။ ဒီအတိုင်းဆို ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ အခြေအနေက စိုးရိမ်စရာ တွေ ဖြစ်လာနိုင်တယ် ” ဟု ဧရာဝတီသို့ ပြောသည်။
ကျောက်တော်မြို့နယ် တောင်မင်းကုလားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းနုမှာ ဇန်နဝါရီလ ၁၉ ရက်နေ့ ညနေ ၇ နာရီ အချိန်ခန့်က အမည်မသိ လက်နက်ကိုင် ၅ ဦးက နေအိမ်သို့ လာရောက်ကာ ခေါ်ဆောင်သွားရာမှ လက်ရှိ အချိန်အထိ အိမ်ပြန် မရောက်တော့ဘဲ သတင်းအစအန ပျောက်ဆုံး နေခြင်း ဖြစ်သည်။
ပျောက်ဆုံး အုပ်ချုပ်ရေးမှူး ဦးထွန်းနု၏ ဇနီးဖြစ်သူ ဒေါ်သန္တာဖြူ က “ရွာထဲကနေ ဆေးလိပ်သွားဝယ်ပြီး အိမ်ပြန်လာတဲ့အခါ အိမ်ရှေ့ကို ဘယ်အဖွဲ့မှန်းတော့မသိဘူး လက်နက်ကိုင်ထားတဲ့ လူ ၅ ဦး လာပြီးတော့ အဘ ခေါ်တယ်လို့ ပြောပြီး ရွာအပြင်ကို ခဏ လိုက်ခဲ့ပါဆိုပြီးတော့ ခေါ်သွားတာပါ။ သူ ပျောက်နေတာ ၆ ရက်လောက်ရှိပြီ။ သက်ဆိုင်ရာ တွေကိုလည်း ကျမ တိုင်ကြားထားပါတယ်။ အခုထိတော့ ဘာမှ လည်း မသိရသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ဦးထွန်းနုအား အမည်မသိ လက်နက်ကိုင်အဖွဲ့ တဖွဲ့က လာရောက်ခေါ်ဆောင် ခဲ့ရာတွင် ညမှောင်နေသဖြင့် ဝတ်ဆင်ထားသည့် ယူနီဖောင်များကို သဲသဲကွဲကွဲ မမြင်ရကြောင်း၊ ထိုအထဲတွင် တချို့က ဗမာစကားပြောသလို၊ ရခိုင်စကားပြောသူများလည်း ပါဝင်ကြောင်း ဇနီးဖြစ်သူ ဒေါ်သန္တာဖြူက ပြောပြသည်။
ဦးထွန်းနု ပျောက်ဆုံးနေမှု စုံစမ်းဖော်ထုတ်ပေးရန် ကျေးရွာအုပ်ချုပ်ရေးမှူးများ တောင်းဆိုချက်နှင့်ပတ်သက်ပြီး ကျောက်တော် မြို့နယ် အုပ်ချုပ်ရေး မှူးထံ ဧရာဝတီမှ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရသဖြင့် လက်ရှိဆောင်ရွက် နေမှု အခြေနေနှင့် ပတ်သက်ပြီး မသိရသေးပေ။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး နယ်မြေခံ ကန်စောက် ရဲကင်းစခန်းအား ဆက်သွယ်ခဲ့ရာ ရဲကင်းမှူး ဖြစ်သူ ဒုရဲအုပ် မျိုးကိုကိုက “ကျနော်တို့ အမှုဖွင့်ပြီး စုံစမ်းနေတုန်းပါခင်ဗျ” ဟု ဧရာဝတီသို့ ပြောသည်။