မြန်မာဘက်ခြမ်းမှ သတင်းပေးပို့ချက်အရ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်တန်းဒေသ ဘန်ဒါဘန် ခရိုင်၊ နိုက်ခေါင်ချာရီ ခရိုင်ခွဲရှိ ဘန်ဟက်တာချာရာ နယ်မြေတွင် ကြာသပတေးနေ့က တပ်သားအဆင့် မြန်မာ လုံခြုံရေးတပ်ဖွဲ့ဝင်တဦးကို “ကယ်ဆယ်”ခဲ့ကြောင်း အရာရှိများက သောကြာနေ့တွင်ပြောသည်။
အသက် ၂၈ နှစ်ရှိပြီဖြစ်သော ထိုတပ်သား အောင်ဘိုဘိုသိန်းသည် နယ်ခြားစောင့်တပ်ဖွဲ့ (၅) မှ ရဲတပ်သားဖြစ်သည်။ သူ့ ကို နယ်စပ်မှ ၃.၅ ကီလိုမီတာအကွာတွင် တွေ့ရှိချိန်တွင် မည်သည့်လက်နက်ကိုမျှ တပ်ဆင်ထားခြင်း မရှိဘဲ အင်္ဂါနေ့ညနေ ၆ နာရီခွဲတွင် နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့သည်ဟု သတင်းများက ဆိုသည်။
သူသည် မူလက ရန်ကုန်ရှိ တပ်မတော် တပ်ရင်းတခုမှ ဖြစ်ကြောင်းလည်း ဆိုသည်။ “သူတို့ တပ်ဖွဲ့ဝင်တယောက် တာဝန်ထမ်းဆောင်ရင်း ပျောက်သွားတယ်လို့ မြန်မာနယ်ခြားစောင့်တပ်က လှမ်းပြောတယ်။ ကျနော်တို့ သူ့ကို ကယ်လိုက်တယ်” ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်၏ ရာမူးဒေသ တပ်မှူး ဗိုလ်မှူးချုပ် အိန်နာမိုရှက် ခန်ပထန်က ပြောသည်။
ထိုတပ်သား မိခင်နိုင်ငံ ပြန်လည်ရောက်ရှိရေး ဂျနီဗာ သဘောတူညီချက်နှင့်အညီ နိုင်ငံတကာ ဥပဒေများကို လိုက်နာခဲ့ကြောင်းလည်း သူပြောသည်။ ထိုတပ်သားကို ယူနီဖေါင်းဖြင့်တွေ့ရှိချိန်တွင် မူးနေပြီး ဦးတည်ချက်မဲ့ လှည့်ပတ်သွားလာနေသည်ဟု ဘောလော့ခီရာ နယ်စပ်စခန်းမှ အရာရှိများက ပြောသည်။
ထိုတပ်သားကို ကနဦး စုံစမ်းစစ်ဆေးရာတွင် သူသည် လက်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင် အလုပ်တွင်ပျော်ပိုက်ခြင်း မရှိတော့ကြောင်းပြောသည်ဟု ဆိုသည်။ သူ့ကို မြန်မာနိုင်ငံသို့ မည်သည့်အချိန်တွင် ပြန်ပို့မလဲဟု သူမေးသောအခါ ရာမူးနယ်ခြားစောင့်တပ်အကြီးအကဲက မြန်မာ နယ်ခြားစောင့်တပ်များနှင့် ဆက်ဆံရေးကောင်းမွန်ရန် ကတိကဝတ်အတိုင်း အမြန်ဆုံးပြန်ပို့မည် ပြောခဲ့ကြောင်း သိရသည်။
( Muktadir Rashid သည် ဒါကာရှိ ဧရာဝတီ၏ သတင်းထောက်ဖြစ်သည်။ ၎င်း၏ Myanmar Army Man ‘Rescued’ in Bangladesh ကို ဘာသာပြန်သည်။)