မန္တလေးတွင် အသက် ၁၅ နှစ်အရွယ် မိန်းကလေး တဦးကို အဓမ္မပြုကျင့်မှုဖြင့် ရဲတပ်ဖွဲ့က အလိုရှိနေသည့် နယ်ထိန်း တဦးကို ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့က ဧရာဝတီသို့အတည်ပြုပြောဆိုသည်။
မန္တလေးခရိုင် ရဲတပ်ဖွဲ့မှ ခရိုင်ရဲတပ်ဖွဲ့မှုး ဒုတိယ ရဲမှုးကြီး မျိုးအောင် က “ဖမ်းမိတာမှန်ပါတယ် ဘယ်လို အရေးယူမလဲ ဆိုရင်တော့ သူ့ကိုအမှုဖွင့်ထားတာဖြစ်တဲ့အတွက် အဲဒီအတိုင်း အရေးယူသွားမယ်။ နောက်ပြီး ရဲစည်းကမ်း အရလည်း အရေးယူသွားမယ်။ သူ့ကို အမြန်လမ်းပေါ် ဒိုက်ဦး အပိုင်ထဲမှာ ဖမ်းမိခဲ့တာပါ” ဟု ပြောသည်။
မုဒိမ်းမှုဖြင့် ရဲက ဖမ်းဆီးလိုက်သူမှာ မန္တလေးခရိုင် မဟာအောင်မြေမြို့နယ် အမှတ် ၇ နယ်မြေရဲစခန်းမှ ရဲဒုတပ်ကြပ် တေဇာအောင်ဖြစ်ပြီး မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေ အနောက်ရပ်ကွက်၏ အပိုင်နယ်ထိန်း တာဝန် ထမ်းဆောင်နေသူဖြစ်ကြောင်း သိရသည်။
နယ်ထိန်း ရဲဒုတပ်ကြပ် တေဇာအောင်သည် မုဒိမ်းမှု ကျူးလွန်ခဲ့သည်ဆိုသော ဇန်နဝါရီလ ၂၂ ရက်နေ့ကတည်းကပင် ပျောက်ဆုံးနေခြင်းဖြစ်ပြီး ၎င်းကို ဇန်နဝါရီလ ၂၅ ရက်နေ့ ညပိုင်းက ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၆၆/၆ ဒိုက်ဦး ရဲစခန်းအပိုင်တွင် ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
အိမ်ထောင်ရှိသူလည်းဖြစ်သည့် ရဲဒုတပ်ကြပ် တေဇအောင်သည် မဟာအောင်မြေ မြို့နယ်ရှိ အသက် ၁၅ နှစ်အရွယ် မိန်းကလေးတဦးကို တည်းခိုခန်းတွင် ခေါ်၍ သားမယားပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
တည်ဆဲဥပဒေ ပြဌာန်းချက်များအရ အသက် ၁၆ နှစ်မပြည့်သေးသည့် မိန်းကလေးနှင့် ကာမစပ်ယှက်လျှင် အလိုအလျောက် မုဒိမ်းမှုမြောက်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ နယ်ထိန်း ရဲဒုတပ်ကြပ် တေဇာအောင်အား အမှတ် (၇) နယ်မြေရဲစခန်းက (ပ) ၆၂/၂၀၁၉၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ- ၃၇၆/၃၆၃ တို့ဖြင့် အမှုဖွင့်ထားပြီး ဥပဒေ အကြံပြုချက် တောင်းခံကာ အမြန်ဆုံး တရားစွဲ တင်ပို့နိုင်ရန် လုပ်ဆောင်သွားမည်ဟု သိရသည်။
ဆက်စပ်ဖတ်ရှုရန် – မန္တလေးတွင် နယ်ထိန်း တဦးက အသက် ၁၅ နှစ်အရွယ် မိန်းကလေးအား အဓမ္မပြုကျင့်မှု ဖြစ်ပွား