မြန်မာနိုင်ငံသို့ လာရောက်ကြသည့် အာရှ နိုင်ငံခရီးသွားများတွင် တရုတ်နိုင်ငံ ခရီးသွား ဝင်ရောက်မှု နှုန်းမှာ ၃၈ ရာခိုင် နှုန်းနှင့် အများဆုံး ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး ဌာနမှ ဒု ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်သန်းဝင်း က ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက် အထိ ပြည်တွင်းသို့ နိုင်ငံခြားသား ဧည့်သည် ဝင်ရောက်မှုမှာ လူဦးရေ ၃ ဒသမ ၄၄ သန်း ရှိပြီး ၂၀၁၈ ခုနှစ်တွင် ၃ ဒသမ ၅၅ သန်းရှိခဲ့ သဖြင့် ယခင်နှစ်ထက် ပိုတိုးတက် ခဲ့ကြောင်း ၎င်းက ပြောသည်။
ဒေါ်ခင်သန်းဝင်း က “ကျမတို့ အနောက်ဘက် ကနေ ခရီးသွားတွေ ကျနေတဲ့ အချိန်မှာ ဟိုတယ်နှင့် ခရီးသွားဝန်ကြီး ဌာန၊ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာန ဌာနတွေ ပူးပေါင်းပြီး ဗီဇာဖြေလျှော့မှုတွေ ကြောင့် အရှေ့ဘက်က ခရီးသွားတွေ ဝင်ရောက်လာပါတယ်။ တရုတ်က ဗီဇာ မပါဘဲ လာတော့ နည်း နည်းတော့ ပိုလာတာပေါ့။ ၃၈ ရာခိုင်နှုန်းလောက်၂၀၁၇ ခုနှစ် ထက်၂၀၁၈ မှာ ပိုလာတယ်။ ၂၀၁၉ ခုနှစ် အတွက်တော့ မမှန်းထားသေးဘူး” ဟု ပြောသည်။
ထို့ပြင် ကိုရီးယား နိုင်ငံမှ ခရီးသွား ဝင်ရောက်မှု ၁၀ ရာခိုင်နှုန်းနှင့် ဂျပန်နိုင်ငံမှာ ၄ ရာခိုင်နှုန်း အသီး သီး ဝင်ရောက်ခဲ့ကြ ကြောင်း ၎င်းက ဆိုသည်။
ယခင်နှစ်များက ရခိုင် ပဋိပက္ခ ကြောင့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ အပြင် မြန်မာ့ ခရီးသွားလုပ်ငန်း ထိခိုက်မှု ရှိခဲ့ကာ အာရှ နိုင်ငံများမှ ခရီးသည် ဝင်ရောက်မှု ကျဆင်းမသွားသော်လည်း အနောက်နိုင်ငံ များမှ ခရီးသွား ဝင်ရောက်မှု ကျဆင်းသွား ကြောင်း သိရသည်။
မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များကမူ အနောက်နိုင်ငံမှ ခရီးသွား ဝင်ရောက်မှုနှုန်း ၅၀ ရာခိုင်နှုန်း ခန့် ကျဆင်းသွားခြင်းကြောင့် အနောက်နိုင်ငံများ အတွက် ခရီးသွားလုပ်ငန်း မြှင့်တင်ရေး အစီအစဉ် များ လုပ်ဆောင်ရန် လိုကြောင်း ပြောဆိုကြသည်။
မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်း၏ တွဲဖက် အတွင်းရေးမှူး ဦးသက်ခိုင် က “အာရှ ဈေးကွက်ကတော့ တိုးတက်နေတယ်။ တရုတ်က ခရီးသွား အရမ်းများတယ်။ တချို့ ဥရောပ နိုင်ငံ တွေတောင် တရုတ်ဈေးကွက်ကို သေသေချာချာ သူတို့ ပရိုမိုရှင်း လုပ်နေတယ်လေ။ ကျနော်တို့ နိုင်ငံလည်း ကြိုးစားသင့်တယ်။ နောက်ပြီး အနောက်ဘက်ကိုလည်း ဗီဇာတွေ ဘာတွေ ဖြေလျှော့မှု လုပ်ပေးဖို့ တင်ပြထားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းသို့ အာရှ ဈေးကွက် ကောင်းသော်လည်း အနောက်နိုင်ငံ ခရီးသွားမှာ ကျဆင်းခြင်းကြောင့် ပြည်တွင်း ခရီးသွားကုမ္ပဏီ အချို့ အခက်အခဲနှင့် ယှဉ်ဆိုင်နေရသည် ဟု ၎င်းက ပြောသည်။
ဦးသက်ခိုင် “တချို့ကုမ္ပဏီတွေက အင်္ဂလိပ်ဘာသာ စကား လုပ်နေကျ ဆိုတော့ တရုတ် ဈေးကွက်ကို လုပ်လို့ အဆင်မပြေဘူး။ လူငှားပြီး လုပ်ဖို့ ကျတော့လည်း ကုမ္ပဏီ အသေးတွေက(SME) တွေက အဆင်မပြေဘူးပေါ့နော်။ ကုမ္ပဏီကြီးတွေ ကတော့ ပြဿနာ မရှိဘူး။ အသေးတွေကတော့ ခက်တယ်” ဟု ပြောဆိုသည်။
ဆက်လက်၍ ၎င်းက“အရှေ့တောင် အာရှ ၁၀ နိုင်ငံရဲ့ ဈေးကွက်ကို ဦးစားပေးပြီး လုပ်လာကြတယ်။ အခု အများကြီးလည်း တိုးတက်လာပါတယ်။ ဒါပေမယ့် အနောက် နိုင်ငံသားတွေ ဝင်ရောက်မှု အရင် နှစ်တွေနဲ့ စာရင် ထက်ဝက်ကျော်လောက် ကျသွားတယ်။ ဥရောပက လာရင် နှစ်ပတ်၊ ၃ ပတ် အထိ နေကြတယ်။ အာရှကတော့ အများဆုံး ၅ ရက်၊ ၁ ပတ်ပေါ့။ သူတို့ရဲ့ သုံးစွဲတာချင်းလည်း မတူဘူး။ အဲဒီတော့ ဝင်ငွေတော့ နည်းနည်းတော့ လျှော့တယ်” ဟု ပြောသည်။
ထိုကြောင့် အာရှ သာမက အနောက် ဥရောပနိုင်ငံများ၊ အမေရိကန် နိုင်ငံ တို့မှ ခရီးသွား ဝင်ရောက်မှု ပြန်လည် မြင့်တက် လာရန် အတွက် ဗီဇာ ဖြေလျှော့မှုများ လုပ်ပေးခြင်းနှင့် သတင်းအမှန်များကို ကမ္ဘာက သိအောင် ဖြန့်ဝေပေးရန် အတွက် ဟိုတယ်နှင့် ခရီးသွား လာရေး ဝန်ကြီး ဌာနသို့ မြန်မာ နိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်က တင်ပြထားသည်။
ခရီးသွားလုပ်ငန်း ပြန်လည် ကောင်းမွန်လာစေရန် ဝန်ကြီးဌာနများနှင့် အသင်းအဖွဲ့များ ပူးပေါင်း လုပ်ဆောင်ရန် အစီအ စဉ်များလည်း ရှိနေပြီး ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြည်ပခရီးသွား ဧည့်သည် ၄ ဒသမ ၅ သန်း ဝင်ရောက်ရန် ခန့်မှန်း ထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။
ဧည့်လမ်းညွှန် လုပ်သက် နှစ် ၂၀ ဝန်းကျင်ရှိ ဒေါ်သန္တာဦးက “လက်ရှိ အနေအထား အရဆိုရင် အနောက်နိုင်ငံက ဝင်တဲ့ ဧည့်သည်တွေက အရမ်းနည်းပေမယ့် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်းတို့ အဲဒါတွေ ဝင်ရောက်မှုကတော့ ထိုက်သင့် သလောက် ရှိပါတယ်။ ဒါပေမယ့် ဒီအရှေ့တိုင်းသားတွေက ခရီးစဉ်မှာ သုံးတဲ့ ငွေကြေးနည်းတာတွေ၊ သွားတဲ့နေရာတွေ နည်းတာတွေကြောင့်မို့ ခရီးသွားလုပ် ငန်းမှာ အသက်မွေးဝမ်းကျောင်း ပြုတဲ့သူတွေက ထိုက်သင့်သလောက် မရကြဘူးပဲ ပြောရမယ်” ဟု ဆိုသည်။
သို့သော် ၂၀၁၉ ခုနှစ် ခရီးသွား ရာသီနှင့် လက်ရှိ လုပ်ဆောင်နေသော ရခိုင် ကိစ္စနှင့် ပတ်သက်သော သတင်း အချက် အလက် အမှန်ကို ဖြန့်ဝေပေးမှုများ လုပ်ဆောင်ပေးခြင်းကြောင့် အာရှနိုင်ငံများ သာမက အနောက်နိုင်ငံများပါ ခရီးသွား ဝင်ရောက်မှု ပြန်လည် ကောင်းမွန်လာနိုင်မည်ဟု ခန့်မှန်း ထားကြောင်း ၎င်းက ပြောသည်။
အနောက်နိုင်ငံများမှ ခရီးသွားများ ဝင်ရောက်လာစေရန် အတွက် လွန်ခဲ့သည့်၂၅ နှစ်ခန့်က ဆွဲဆောင် နေသည့် ယဉ်ကျေးမှု ဘုရား စေတီပုထိုး ဈေးကွက်များ အစား နိုင်ငံခြားသားများ အကြိုက် သဘာဝ အလှအပ ရှုခင်းများ၊ တောင်တက် ခရီးစဉ် များ၊ ယဉ်ကျေးမှု ဓလေ့ စရိုက်များကို လေ့လာနိုင်သည့် နေရာများ အစရှိသည် တို့ဖြင့် ခရီးစဉ် အသစ်များ ပြောင်းလဲ၍ ရောင်းချသင့်ကြောင်း ခရီးသွား လုပ်ငန်းရှင်များက ပြောကြသည်။
မြန်မာနိုင်ငံတွင် ခရီးသွား လုပ်ငန်း ဝန်ဆောင်မှု ပေးသည့် ကုမ္ပဏီပေါင်း ၂၅၀၀ ကျော် ရှိပြီး ၂၀၁၈ ခုနှစ် အတွင်း ကုမ္ပဏီ ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်း အထိ လုပ်ငန်း လိုင်စင်သက်တမ်း ထပ်မံ မတိုးတော့ကြောင်း ခရီးသွား လုပ်ငန်းရှင်များက ဆို သည်။