ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် မိမိနေအိမ်ကိုမီးရှိုရာမှနေအိမ် ၃ လုံးမီးလောင်ပျက်စီးမှု ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ယင်းဖြစ်စဉ်တွင် ဟိန်းထက်အောင် (ခ) မိုးညှင်းသူ (ခ) ကျန်ကျောင်း ဆိုသူမှာ အစ်မဖြစ်သူအား စိတ်ဆိုး၍ နေအိမ်တွင် လူများမရှိခိုက် မီးခြစ်ဖြင့် ဇာခြင်ထောင်အား မီးရှို့ခဲ့သည့်အတွက် ယမန်နေ့ က ၎င်းတို့နေအိမ် အပါအဝင် နေအိမ် ၃ လုံးမီးလောင်ခဲ့ခြင်း ဖြစ်သည်။
ဘိုကလေးမြို့၊ အမှတ် ၇ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်နိုင်က “ကျန်ကျောင်းဆိုတဲ့ကောင်လေးက သူ့အိမ်ကိုသူ မီးနဲ့ရှို့တာ။ သူ့အိမ်မှာ မနက်ကတည်းက အိမ်ထဲက ပစ္စည်းတွေ ရိုက်ခွဲသောင်းကျန်း နေပြီးတော့ နောက်တော့အိမ်ကိုပါ မီးနဲ့ရှို့တာ။ အိမ် ၃ လုံးတော့ မီးလောင်သွားတယ်။ လူထိခိုက်ဒဏ်ရာရမှုတော့ မရှိပါဘူး”ဟု ဧရာဝတီကို ပြောသည်။
ယင်းဖြစ်စဉ်တွင် အလျား ပေ ၃၀၊ အနံပေ ၆၀ ရှိသည့် ပျဉ်ထောင်သွပ်မိုး ကာလတန်ဖိုးကျပ် ၅၄ သိန်းခန့်ရှိ နေအိမ်တလုံး၊ အလျား ၁၀ ပေ အနံ ပေ ၅၀ ရှိ ပျဉ်ခင်းသွပ်မိုး ဝါးထရံကာ ကာလတန်ဖိုး ၁၀ သိန်းခန့်ရှိ နေအိမ်တလုံး နှင့် အလျား ၁၅ ပေ၊ အနံ ပေ ၃၀ ရှိ ပျဉ်ခင်းပျဉ်ကာသွပ်မိုး ကာလတန်ဖိုး ၁၈ သိန်းခန့်ရှိ နေအိမ်တလုံး စသဖြင့် စုစုပေါင်း ကျပ်သိန်း ၈၀ ကျော်ဖိုး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
နေအိမ်ပျက်စီးဆုံးရှုံးခဲ့သူ ကိုသက်နောင်ဦး က “ကျနော်လည်း အိမ်မှာအမေကို ထမင်းကျွေး နေတုန်း ကျန်ကျောင်းက သံတုတ်ကြီးကိုင်ပြီး အိမ်က ထွက်သွားတယ်။ ၅ မိနစ်လောက်အကြာမှာ အိမ်ရှေ့ကနေ မီးမီး လို့အော်လို့ အပြင်ထွက်လည်းကြည့်ရော ကျန်ကျောင်းတို့အိမ်က မီးလောင်နေပြီးတော့ မီးက ကျနော့်အိမ်ကူးနေပြီ။ အဲဒါနဲ့ ဘာပစ္စည်းမှ မသယ်နိုင်ဘဲ လူတွေပဲ ကိုယ်လွတ်ရုန်းပြီး ပြေးရတော့တာ”ဟု ပြောသည်။

မီးလောင်မှုအား ဘိုကလေးမြို့နယ် မီးသတ်ဦးစီးမှူး ဦးပြည်စိုးထွဋ်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဘိုကလေးမြို့မ စခန်းမှူး ဒုရဲမှူး ကျော်မျိုးထက်နှင့် ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နေ့လည် ၁၂ နာရီခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုနှင့် ပတ်သတ်၍ မိမိနေအိမ်ကို မီးရှို့ခဲ့သူ ဟိန်းထက်အောင် (ခ) မိုးညှင်းသူ (ခ) ကျန်ကျောင်း အား ဘိုကလေးမြို့မရဲစခန်းမှ ပြစ်မှုအမှတ် ၃၆/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၃၆ (နေအိမ်ကို မီးရှို့ဖျက်ဆီးမှု) ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးလျှက်ရှိကြောင်း သိရသည်။
ရာဇသတ်ကြီး ပုဒ်မ ၄၃၆ မှာ နေအိမ်၊ ကိုးကွယ်ဝတ်ပြုရာနေရာ၊ ပစ္စည်းသိုလှောင်ထိမ်းသိမ်းသောနေရာနှင့် အဆောက်အဦးများကို မီးဖြင့်၎င်း၊ ပေါက်ကွဲစေတတ်သောပစ္စည်းဖြင့် ဖျက်ဆီးမှုကျူးလွန်လျှင် အရေးယူသည့် ပုဒ်မဖြစ်ပြီး ထောင်ဒဏ် ဆယ်နှစ်မှ တသက်တကျွန်းအထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။