ရခိုင်ပြည်နယ်တွင် အစိုးရက ဟန့်တားနေသော ကူညီထောက်ပံ့ရေး လှုပ်ရှားမှုများသည် အနည်းဆုံးလူ ၅ သောင်းအပေါ် သက်ရောက်မှုရှိကြောင်း ကုလသမဂ္ဂက အတွင်းရေး မှတ်တမ်းအဖြစ် ထုတ်ပြန်ခဲ့ပြီးဖြစ်ရာ အရပ်သားများအပေါ် မကြာသေးမီက တိုးပွားလာသော သက်ရောက်မှုအဖြစ် မီးမောင်းထိုးပြ ထားသည်။
ယခုလအတွင်း ရခိုင်ပြည်နယ်အစိုးရက အစိုးရမဟုတ်သော အဖွဲ့များနှင့် ကုလသမဂ္ဂအေဂျင်စီများအား ပြည်နယ် မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့ရှိ ပဋိပက္ခဖြစ်ပွားခဲ့ရာ မြို့နယ် ၅ ခုမှ ကျေးရွာများထံသို့ သွားလာခြင်း ကန့်သတ် ထားခဲ့သည်။
ထိုဒေသတွင် နိုင်ငံတကာကြက်ခြေနီအဖွဲ့ (ICRC) နှင့် ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် (UNFP) တို့၏ ထောက်ပံ့ပေးရေး လှုပ်ရှားမှုများကမူ တားမြစ်ခြင်းမှ လွတ်ကင်းခွင့်ရထားသည်။
အစိုးရတပ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ရေး တောင်းဆိုသော ရခိုင်တိုင်းရင်းသား လက်နက်ကိုင်များ၏ တိုက်ပွဲများကြောင့် ယင်းဒေသခံများ ထောင်နှင့်ချီ၍ ထွက်ပြေး တိမ်းရှောင်ခဲ့ ကြရသည်။
ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု ညှိနှိုင်းရေး (UNOCHA) က အထောက်အပံ့ပေးရေး အဖွဲ့အစည်းများထံမှ ရခိုင်အလယ်ပိုင်း ကျောက်တော်နှင့် ပုဏ္ဏားကျွန်း မြို့နယ်များတွင် ကန့်သတ်ခံထားရခြင်း အတွက် သက်ရောက်မှုများ အကြောင်း မကြာသေးမီက သတင်းအချက်အလက် စုဆောင်းခဲ့သည်။
UNOCHA က နောက်ဆုံး တွေ့ရှိချက်များကို မှတ်တမ်းပြုစု၍ ကုလသမဂ္ဂ တာဝန်ရှိသူတချို့နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများထံ သဘောထား မှတ်ချက် တောင်းခံခဲ့ပြီး အခြေအနေများအပေါ် နောက်ဆုံးပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။ အဆိုပါ မှတ်တမ်းများကို ရိုက်တာက လွတ်လပ်စွာ ရရှိခဲ့ပြီး ကြာသပတေးနေ့တွင် ပြန်လည်သုံးသပ်ခဲ့သည်။
အထောက်အပံ့ပေးရေး အဖွဲ့များအနေဖြင့် တခြားလုပ်ဆောင်ချက်များ အကြားတွင် ကျန်းမာရေးစောင့်ရှောက်ခြင်း၊ သန့်ရှင်းသော သောက်သုံးရေ ရရှိရေး၊ ကျောင်းတည်ဆောက်ခြင်းနှင့် ဆရာ/မ များကို လေ့ကျင့်ပေးခြင်းတို့ အပါအဝင် ရှိနှင့်ပြီးသော စီမံချက်များကို ရပ်တန့်ရန် (သို့မဟုတ်) လျှော့ချရန် အဆိုပါ ကန့်သတ်ချက်များက တွန်းအား ပေးထားကြောင်း ယင်းမှတ်တမ်းတွင် တွေ့ရသည်။
ဥပမာ အဆိုပါအေဂျင်စီက ပြောကြားရာ၌ ရွေ့လျား ကျန်းမာရေး ဝန်ဆောင်မှုများကို ကျေးရွာ ၁၅ ရွာရှိ စုစုပေါင်းလူ ၁၇,၀၀၀ အတွက် ပံ့ပိုးပေးနေပြီး တလစီ လူ ၁၆၀၀ ဝန်းကျင် ပျမ်းမျှ ကုသပေးမှုရှိနေကြောင်း၊ အဆိုပါ ဝန်ဆောင်မှုများကို ယခုအခါ ဆိုင်းငံ့ခံထားရကြောင်း ဆိုသည်။
ယင်းသို့ ဆိုင်းငံ့ထားရသော လှုပ်ရှားမှုများတွင် အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုနှင့် အာဟာရ ချို့တဲ့စိစစ်မှုနှင့် ကုသမှုတို့ ပါဝင်ကြောင်း ၎င်းအေဂျင်စီက ပြောသည်။
“ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးလက်ဒေသများတွင် အရေးပေါ်ဆေးရုံ လွှဲပြောင်းရေးအပါအဝင် ကျန်းမာရေး အတိုင်ပင်ခံမှု ၂၂၀ မှာ ရပ်တန့်ထားရကြောင်း” အဆိုပါအေဂျင်စီက မှတ်တမ်းထဲတွင် ဆိုထားသည်။
ဇန်နဝါရီလ အစောပိုင်းက ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးလာသူပေါင်း ၅ ထောင်ဝန်းကျင်ရှိပြီး ဘုန်းကြီးကျောင်းများနှင့် အဆိုပါ ဒေသဝန်းကျင်ရှိ နယ်မြေများသို့ ခိုလှုံနေရကြောင်း UNOCHA ၏ အဆိုအရ သိရသည်။
ယခုလ ကာကွယ်ရေးဦးစီးချုပ်နှင့် ကြုံတောင့်ကြုံခဲ အစည်းအဝေးတွင် Arakan Army ကို တိုက်ခိုက်ချေမှုန်းရန် သမ္မတရုံးက တပ်ကို တိုက်တွန်းခဲ့သည်။ သမ္မတဦးဝင်းမြင့်သည် အစိုးရကို လက်တွေ့အားဖြင့် ဦးဆောင်နေသူ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ သစ္စာခံတဦး ဖြစ်သည်။
ယခင်သီတင်း ၂ ပတ်က ကုလသမဂ္ဂအနေဖြင့် အစိုးရကို အဆိုပါဒေသသို့ လူသားချင်း စာနာမှု ထောက်ပံ့ရေးအတွက် အဆီးအတားမရှိ လျင်မြန်စွာ သွားခွင့်ပြုရန် တောင်းဆိုခဲ့သည်။
“အပိတ်ခံထားရတဲ့ မြို့နယ်တွေထဲက အရင်ရှိပြီးတာနဲ့ လက်ရှိလုပ်ဆောင်နေဆဲ လူသားချင်း စာနာမှုအစီအစဉ်တွေအပေါ် ဘယ်လိုအကျိုးသက်ရောက်သလဲ ကျနော်တို့ သိရဖို့ ကြိုးစားလုပ်ဆောင်နေပါတယ်” ဟု မြန်မာနိုင်ငံရောက် UNOCHA ပြောခွင့်ရသူ ပီယာပါရွန်က ပြောသည်။ ၎င်းက ကုလသမဂ္ဂ မှတ်တမ်းအပေါ် အီးမေးလ်ဖြင့် သဘောထား မှတ်ချက် တောင်းခံခဲ့ရာ ယင်းသို့ တုံ့ပြန်ခြင်းဖြစ်သည်။ “ဒါဟာ ပြောင်းလဲလာတဲ့ အကဲဖြတ်မှုတခုပါ” ဟု သူက ဆိုသည်။
ကုလသမဂ္ဂသည် ရခိုင်ပြည်နယ်ရှိ အာဏာပိုင်များနှင့် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်နေကြောင်း၊ ယခုအခါ လူသားချင်းစာနာမှု အဖွဲ့အစည်းများသည် တိကျသော လှုပ်ရှားမှုများအတွက် ခရီးသွားလာနိုင်ရန် တဖွဲ့ချင်း၊ တဦးချင်း လျှောက်ထားနေ ကြရကြောင်း၊ မိမိအနေဖြင့် အာဏာပိုင်များဘက်က ယင်းလျှောက်လွှာများကို အလျင်အမြန်နှင့် အပြုသဘောဆောင် တုံ့ပြန်ပေးမည်ဟု မျှော်လင့်မိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ မြန်မာအစိုးရပြောခွင့်ရသူ ဦးဇော်ဌေးက သဘောထားမှတ်ချက်ပေးရန် တုံ့ပြန်မှုမရှိပေ။
တုံ့ပြန်ရန် အသင့်ဖြစ်ခြင်း
ရခိုင် စည်ပင်သာယာရေး ဝန်ကြီး ဦးဝင်းမြင့်က သဘောထားမှတ်ချက် ပေးခြင်းမရှိပါ။ ယင်း ကန့်သတ်ချက်များသည် လုံခြုံရေး အကြောင်းပြချက်ကြောင့် ဖြစ်ကြောင်းနှင့် မည်သည့်အချိန် ပြန်လည်ရုပ်သိမ်းမည်ဟု ၎င်းအနေဖြင့် မသိရှိကြောင်း ၎င်းက ရိုက်တာသို့ အစောပိုင်းက ပြောကြားခဲ့သည်။
ယင်းအခြေအနေ စပ်လျဉ်းလျက် ကန့်သတ်ခံရသော NGOs အဖွဲ့ အများအပြားထံ သဘောထားမှတ်ချက် ရယူရန် ရိုက်တာက ဆက်သွယ်ခဲ့သည်။ ထိုအထဲမှ နော်ေ၀ ဒုက္ခသည်ကောင်စီ (NRC) က “အဖွဲ့အစည်းတွေ အတော်များများမှာ ကျနော်တို့လည်း လတ်တလော ပဋိပက္ခဖြစ်ပွားပြီး ထွက်ပြေး တိမ်းရှောင်နေရသူတွေအတွက် လိုအပ်ချက်တွေ တုံ့ပြန်ကူညီလို့ မရသေးပါဘူး” ဟု ပြောသည်။
“ကျမတို့ အရေးပေါ်ထောက်ပံ့ပစ္စည်းတွေ ရှိပါတယ်။ အဲဒီပစ္စည်းတွေက အခြေအနေပြောင်းလဲပြီဆိုတာနဲ့ ပို့ပေးဖို့ အဆင်သင့်ရှိနေပါတယ်” NRC ၏ ယာယီဌာနေ ညွှန်ကြားရေးမှူး လော်ရာမာရှယ်က ပြောသည်။
ကန့်သတ်ခံထားရသော ထောက်ပံ့ရေးအုပ်စုများက ယင်းသို့ကန့်သတ်မှုအတွက် အလွန်အမင်း စိုးရိမ်ပူပန်မိကြောင်း အင်္ဂါနေ့က ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ကြသည်။
ရခိုင်ပြည်နယ်သည် မကြာသေးမီနှစ်များက အကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပွားပြီး ဒုက္ခပင်လယ်ဝေနေခဲ့သည်။
၂၀၁၇ ခုနှစ်က ARSA အကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်မှုကို စစ်တပ်က နှိမ်နင်းခဲ့ရာ ဘင်္ဂါလီ ၇၃၀,၀၀၀ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားခဲ့သည်။
မကြာသေးမီက တိုက်ပွဲနောက်ကွယ်တွင် ရှိနေသော အဖွဲ့ဖြစ်သည့် Arakan Army က ဗဟိုအစိုးရထံမှ ၎င်းတို့ ပြည်နယ်အတွက် ကိုယ်ပိုင်အုပ်ချုပ်ရေး တောင်းနေသည်။ ယင်းပြည်နယ်တွင် လူဦးရေအများစုမှာ ဗုဒ္ဓဘာသာ ကိုးကွယ်ကြသော ရခိုင်တိုင်းရင်းသားများ ဖြစ်ကြသည်။
AA တပ်ဖွဲ့ဝင်များက ဇန်နဝါရီလ အစောပိုင်းတွင် ရဲကင်းစခန်း ၄ ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲ ၁၃ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက သတင်းထုတ်လွှင့်သည်။
ကိုးကား ။ ။ Reuters ၏ Aid Curbs in Myanmar’s Rakhine Impact ‘At Least 50,000 People’—UN