စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့၊ တောင်ညိုရွာသစ် အနီး တရားမဝင် ကျောက်ကျင်း မြေပြိုကျမှုဖြစ်ပွားခဲ့ရာ လူ ၃ ဦး သေဆုံးခဲ့ပြီး ၁ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း စစ်ကိုင်းခရိုင် မီးသတ်ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်ကျော်နိုင် က ပြောသည်။
ယင်းဖြစ်စဉ်ဖြစ်ပွားရာ နေရာတွင် ယနေ့နံနက် ၉ နာရီခန့်က မြေသား တုန်ခါမှုကြောင့် မြေပြင်မှ ၁၂ ပေ အမြင့်ရှိ နေရာမှ ကျောက်သားများ ပြိုကျခဲ့ရာ ကျောက်ကျင်းတွင် တူးနေသူ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦးနေရာတွင် သေဆုံးခဲ့ပြီး အမျိုးသား ၁ ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိ၍ မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် ကျောက်ကျင်းသည် သက်ဆိုင်ရာဌာနမှ တရားဝင်ခွင့်ပြုထားသည့်နေရာမဟုတ်ဘဲ ဒေသခံများက လက်လုပ် လက်စားလာရောက်လုပ်ကိုင်နေသည့် စစ်ကိုင်းခရိုင် သစ်တောကန့်သတ် နယ်မြေဧရိယာ တခုဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းခရိုင် မီးသတ်ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်ကျော်နိုင် က “ဒီနေရာက သစ်တောနယ်မြေပါ။ ကျောက်တူးဖို့ အတွက်လည်း တရားဝင် ခွင့်ပြုထားတာ မဟုတ်ပါဘူး။ ဒါကို ဒေသခံတွေက စားဝတ်နေရေးအတွက် လာတူးကြတာပါ” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါဖြစ်စဉ်တွင် ကျောက်ကျင်းပြိုကျပြီး သေဆုံးသူတို့၏ ရုပ်အလောင်းများကို မြေတူးပြီး ဆယ်ယူခဲ့ရကြောင်းသိရသည်။
ဒေသခံအချို့က အဆိုပါ ကျောက်ကျင်းတွင် တပိုင်တနိုင် စက်ငယ်များဖြင့် တူးဖော်ကြရာ ရရှိသည့် ဗြုန်းကျောက်များအား ကြက်စာနှင့် လမ်းခင်းကျောက် အဖြစ် အသုံးများကြကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်နှင့် ပတ်သတ်၍ ခရိုင်မီးသတ်၊ အရေးပေါ် ကယ်ဆယ်ရေးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် လူမှုကူညီရေး အသင်းများက ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်းသိရသည်။
ကျောက်ကျင်း ပြိုကျမှုကို လာကြည့်သည့် ဒေသခံ ဦးဇော်မင်း က “ဒေသခံ အများစုက များသောအားဖြင့် တောင်သူပဲ လုပ်ကြတာပါ၊ တချို့ဒေသက လာပြီး ကျောက်လာတူးကြတဲ့ သူများပါတယ်” ဟု ဧရာဝတီကို ပြောသည်။
တောင်ညိုရွာ ကျောက်ကျင်းသည် တရားမဝင် ကျောက်တူးဖော်ခြင်း ဖြစ်သည့်အတွက် ၎င်းကိစ္စနှင့် ဆက်စပ်ကာ အရေးယူ ခံရမည် စိုး၍ ဖြစ်စဉ်ဖြစ်ပြီး နာရီပိုင်းအတွင်း ကျောက်လာရောက်တူးသူ အများစုက ရှောင်တိမ်းသွားကြသည်ဟု ဒေသခံများထံမှ သိရသည်။