မြန်မာလုံခြုံရေးတပ်များသည် နယ်စပ်ဒေသနှင့် ဒုက္ခသည်စခန်းများတွင် နေထိုင်သော ရိုဟင်ဂျာခေါ် ဘင်္ဂါလီများကို ခြိမ်းခြောက်ခြင်းဖြင့် ၎င်းတို့မြန်မာနိုင်ငံသို့ ပြန်မလာစေရေး လုပ်ဆောင်နေကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ ယန်ဟိလီက ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ပြောကြားလိုက်သည်။
“မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေ ပြန်လာဖို့ အခြေအနေ မဖန်တီးပေးဘဲ အကြမ်းဖက်၊ ခြိမ်းခြောက်နှိပ်စက်တဲ့လုပ်ငန်းတွေ လုပ်နေတယ်ဆိုတာ ထင်ရှားပါတယ်” ဟု ထိုနေ့ညနေပိုင်းက ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါကာရှိဟိုတယ်တခုတွင်ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ ထိုသတင်းစာရှင်းလင်းပွဲကို ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ ၁၀ ရက်ကြာခရီးစဉ်အပြီးတွင် ပြုလုပ်ခြင်းဖြစ်သည်။
မြန်မာလုံခြုံရေးတပ်များသည် ဘင်္ဂါလီများ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးအောင် ဆက်လက်လုပ်ဆောင်နေသည်ဟုလည်း သူပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဒုက္ခသည်များသည် မဝေးကွာသော အနာဂတ်တွင် မြန်မာနိုင်ငံသို့ပြန်နိုင်ဦးမည် မဟုတ်ကြောင်း သူ၏ခရီးစဉ်အတွင်း တွေ့ခဲ့သည်ဟုလည်း သူပြောပြီး ထိုပကတိအခြေအနေအတွက် ဘင်္ဂလားဒေ့ရှ် အစိုးရအနေဖြင့် ရေရှည်ပြင်ဆင်ရန်လည်း တိုက်တွန်းသည်။
ရခိုင်ပြည်နယ်မှ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက် တာဝန်ယူစေရန် မြန်မာနိုင်ငံဆိုင်ရာ အရေးပေါ် တရားရုံး ထူထောင်ရန်လည်း ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများကို သူအကြံပြုသည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်များသည် ဗီတိုအာဏာကျင့်သုံးနိုင်ပြီး သဘောတူညီမှု မရနိုင်သောကြောင့် ထိုကဲ့သို့သော ဆုံးဖြတ်ချက်မျိုး ချမှတ်နိုင်ဖွယ် မရှိပေ။ ထို့ကြောင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အခြားနည်းလမ်းများအပြင် မြန်မာနိုင်ငံဆိုင်ရာ အရေးပေါ်တရားရုံး ထူထောင်ရန် သူတိုက်တွန်းသည်။
အိန္ဒိယနှင့် ဆော်ဒီအာရေးဗီးယားနိုင်ငံတို့က ရိုဟင်ဂျာခေါ် ဘင်္ဂါလီများကို ဘင်္ဂလားဒေ့ရှ်သို့ ပြည်နှင်ဒဏ်ပေးခြင်းကြောင့် စိတ်ပျက်ကြောင်းလည်း သူပြောပြီး ဒုက္ခသည်များ နေရပ်ပြန်နိုင်သည်အထိ ၎င်းတို့ကို ထိုနှစ်နိုင်ငံ ပိုင်နက်အတွင်း လုံခြုံသိက္ခာရှိစွာ နေထိုင်နိုင်ရေးကိုလည်း သူတောင်းဆိုသည်။
ယန်ဟိလီသည် ဇန်နဝါရီလ ၂၄ ရက်နေ့က နိုအာခါလီခရိုင်ရှိ ဘာဆန်ချားကျွန်းသို့ သွားရောက်ပြီးလည်း အဆောက်အအုံများ တည်ဆောက်နေမှုကို စစ်ဆေးသည်။ ဘင်္ဂလားဒေ့ရှ်အစိုးရသည် ဒုက္ခသည်အချို့ကို ထိုကျွန်းသို့ပို့ရန် စီစဉ်နေသည်။
“အနာဂတ်မှာ ဒုက္ခသည်တွေကို နေရာရွှေ့ပြောင်းဖို့လုပ်ရင် သူတို့တွေနဲ့ ထိတွေ့ဆက်ဆံပြီး ပါဝင်ခွင့် အပြည့်အဝပေးရမယ်။ လူသားချင်းစာနာမှု အသိုင်းအဝန်းက သဘောတူတဲ့ မူဘောင်မရှိရင် ဒီလိုအစီအစဉ်တွေကို ဆက်မလုပ်ရဘူး” ဟုလည်း သူပြောသည်။
လူဦးရေ များပြားလွန်းသောကြောင့် တတိယနိုင်ငံ တနိုင်ငံသို့ ပို့ဆောင်ပေးရေးသည် လက်တွေ့ကျသော အဖြေမဟုတ်ကြောင်းလည်း သူပြောသည်။
“အသိုင်းအဝန်းများကို ဘာသာရေးနှင့် လူမျိုးရေးကို အခြေခံကာ ပိုင်းခြားထားပြီး လူမျိုးစုများသည် ပစ်ပယ်ခြင်းနှင့် ခွဲခြားဆက်ဆံခြင်းကို ခံကြရသည်။ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နေသည်ဟု ဆိုသော်လည်း တိုင်းရင်းသားလူမျိုးများသည် မြန်မာဗဟို အစိုးရနှင် စစ်တပ် ဆက်လက်လွှမ်းမိုးမှုကို ခံရသည်” ဟု ထိုနေ့မှာပင် ယန်ဟိလီက ဂျနီဗာတွင် သီးခြား သတင်းထုတ်ပြန်သည်။
ရခိုင်ပြည်နယ်အခြေအနေနှင့် ပတ်သက်ပြီး တပ်မတော်နှင့် ရက္ခိုင်တပ်မတော် (AA) တို့အကြား တိုက်ပွဲများ အရှိန်မြင့်လာခြင်းသည် စိုးရိမ်စရာကောင်းကြောင်း၊ အထူးသဖြင့် အစိုးရနှင့် တပ်မတော်တို့ကို လူသားချင်းစာနာမှု အကူအညီများပိတ်ပင်ထားသောကြောင့် စိုးရိမ်ရကြောင်းလည်း သူပြောသည်။ ကရင်ပြည်နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်းနှင့် ကယားပြည်နယ်တွင် စစ်စခန်းများ တည်ဆောက်နေကြောင်းလည်း သူပြောသည်။
(Muktadir Rashid သည် ဒါကာရှိ ဧရာဝတီ၏ သတင်းထောက်ဖြစ်သည်။ ၎င်း၏ Myanmar Failing to Create Conditions Needed for Rohingya Return: UN ကို ဘာသာပြန်သည်။)