မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်ရှိ ဆင်များရှင် ပရိယတ္တိ စာသင်တိုက်အတွင်း ဇန်နဝါရီ ၂၆ ရက်နေ့က တရားမဝင် ပိတောက်/တမလန်း ဓားရွေတုံး ၁၇.၂၉၈၀ တန်ဖမ်းမိခဲ့ကြောင်း တိုင်းသစ်တောဦးစီး ဌာနက ပြောသည်။
ကျောင်းတိုက်အတွင်း တရားမဝင်သစ် စစ်ဆေးဖမ်းဆီးမှုတွင် သစ်များအား ဖမ်းဆီးနိုင်ခဲ့သော်လည်း တရားခံများအား ဖမ်းဆီးနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်း သစ်တောဦးစီးဌာန ညွန်ကြားရေးမှူး ဦးတင့်ဆွေ က “သစ်ပဲပေးပြီး ပိုင်ရှင်မဖော်တော့ ပိုင်ရှင်မဲ့လုပ်ထားရတဲ့ သဘောရှိမယ်၊ တရားခံကို ဆက်ဖော်ထုတ်ဖို့ကတော့ ရဲဘက်က အခြေအနေရှိပါတယ်” ဟု ရှင်းပြသည်။
တိကျသည့် သတင်းပေးချက်ဖြင့် နေ့လည်ပိုင်းကတည်းက စစ်ဆေးမှုကို စတင်ရန် ကြိုးပမ်းခဲ့သော်လည်း တံခါးပိတ်ကာ ငြင်းဆန်ခြင်းများကြောင့် အချိန်နှောင့်နှေးခဲ့ရပြီး ည ၁၂ နာရီခန့်မှသာ လုပ်ငန်းများပြီးဆုံးခဲ့ကြောင်း ဖမ်းဆီးရာတွင် ပါဝင်သူတဦးက ပြောသည်။
ပြည်ကြီး တံခွန်မြို့မရဲစခန်း တာဝန်ကျ ရဲတပ်သား တဦးကတော့ ၎င်းစာသင်တိုက်အတွင်းမှ တရားမဝင်သစ်များ ဖမ်းဆီးမိမှုနှင့် ပတ်သက်ပြီး စခန်းတွင်အမှု ဖွင့်ထားခြင်းမရှိသေးကြောင်း ဇန်နဝါရီ ၂၈ ရက်နေ့မွန်းလွဲပိုင်း က ဧရာဝတီသို့ပြောသည်။
ဖမ်းဆီးရာတွင် ပါဝင်ခဲ့သည့် မြို့နယ် သံဃနာယက ဥက္ကဋ္ဌ ဆရာတော် ဦးဓမ္မိဿရ က “ကျောင်းတိုက်ထဲမှာ ဆိုတော့ ရဲတွေ လာလျှောက်လို့ လိုက်သွားလိုက်တယ်၊ ကျောင်းထိုင်ဆရာတော်က သူလုပ်တာတော့မဟုတ်ဘူး၊ ဒကာ၊ ဒကာမတွေက လာထားတော့ လက်ခံထားတဲ့ သဘောပဲပြောတယ်၊ သူ့ကိုလဲ လက်ရှိအရေးယူတာတွေ မရှိသေးပါဘူး” ဟု ရှင်းပြသည်။
ကျောင်းတိုက်များအတွင်း တရားမဝင်သစ်များ ဝင်ရောက်စစ်ဆေးမှုနှင့် ပတ်သက်၍ သစ်တောဌာန ဝန်ထမ်းများတွင် အခက် အခဲများ ကြုံတွေ့ရပြီး ယခင်စစ်ဆေးမှု လုပ်ငန်းများအတွင်း တံခါးပိတ် မောင်းထုတ်မှုများပြုလုပ်သည့် အတွက် လက်လျော့ပြန်ခဲ့ရသည့် အခြေအနေများလည်းရှိကြောင်း သစ်တော ဝန်ထမ်းတဦးက ပြောသည်။
ညွန်ကြားရေးမှူး ဦးတင့်ဆွေ က “နောက်ထပ်လဲ ဦးစီးရုံးအထိ တိုက်ရိုက်တိုင်ထားတဲ့ ကျောင်းတကျောင်း ရှိသေးတယ်၊ သွားလည်း စစ်နေကြပါပြီ၊ ဒီလိုဖမ်းဖို့က သစ်တောကြီးပဲလုပ်လို့မရဘူး၊ တချို့ကျောင်းတွေမှာ ကျောင်းသားဆိုပြီး ကျောင်းထဲမှာ လူ ၂၀ လောက်ရှိနေတယ်” ဟု ကျောင်းများအတွင်း စစ်ဆေးရသည့် အခြေအနေကိုပြောပြသည်။
တရားမဝင်သစ်များနှင့် ပတ်သက်၍ အမှုဖွင့်အရေးယူ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ထံက အကြောင်းကြားမှု မရှိကြောင်းနှင့် ဖမ်းမိသည့်သစ်များအား ၆၂ လမ်းရှိ သစ်တောဝန်းအတွင်း ထိမ်းသိမ်းထားကြောင်း သစ်တောဦးစီးဌာနက သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်နေ့ကလည်း မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ဆင်တဲကျောင်းတိုက်အတွင်းရှိ တိုက်အုတ် ကျောင်းနှင့် ဓမ္မဂုဏ်ရည်ကျောင်းတို့အား ဝင်ရောက်စစ်ဆေးရာတွင် နှစ်လုံး၊ သုံးလုံးနှင့် ဘောလုံးလောင်းကစား ဒိုင်များအား ဖမ်းမိခဲ့သည့်အတွက် လောင်းကစား လက်ခံဖွင့်ထားသည့် ကျောင်းထိုင် နှစ်ပါးအား လူဝတ်လဲကာ သာသနာညိုးနွမ်းစေမှုဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့သည်။
ယင်းဖမ်းဆီးမှုတွင် တိုက်အုတ်ကျောင်းမှာ ဖမ်းမိသည့် ဦးညီညီလွင်နှင့် မသဇင်ခိုင်တို့အား လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က)တို့ဖြင့် အမှတ် ၃ နယ်မြေရဲစခန်းက အမှုဖွင့်ခဲ့ပြီး ဓမ္မဂုဏ်ရည်ကျောင်းမှ လောင်းကစားဒိုင်အဖြစ် နာမည်ထွက်နေသူ ဦးအောင်ကျော်မြင့်အား ယင်းနေ့တွင် ဖမ်းမမိခဲ့ကြောင်းသိရသည်။
ချမ်းအေးသာစံမြို့နယ်အတွင်း သာသနာနှင့် ကျောင်းတိုက်များအား အကာအကွယ်ယူကာ ဒုစရိုက်လုပ်နေမှုများအား ပပျောက်ရေးဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ်သံဃနာယကအဖွဲ့က သတိပေးထားပြီး ကျောင်းတိုက်များအတွင်း အခြေချနေထိုင်သူများကိုလည်း ထွက်ခွာပေးရန် သတိပေးထားသည်။
ဆက်စပ်ဖတ်ရှုရန် –
မန္တလေး ချမ်းအေးသာစံတွင် ဘုန်းကြီးကျောင်း ၁၀ ကျောင်းခန့် လောင်းကစားဒိုင် ရှိဟု ဆို
သာသနာကို ခုတုံးလုပ် ဒုစရိုက် လောင်းကစားတွေကို အပြတ်ရှင်းသွားမယ်