ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် သမီးလှရွာသစ်က လက်နက်ကြီးကျည်အစ မှန်သည့် အသက် ၇ နှစ်ကလေး မောင်နိုင်စိုး ဒဏ်ရာ စိုးရိမ်ရသည့်အတွက် ယနေ့ ညနေပိုင်းက စစ်တွေ ဆေးရုံကနေ ရန်ကုန်သို့ ပို့ဆောင်လိုက် ကြောင်း သတင်း ရရှိသည်။
သမီးလှကျေးရွာ အနီး ဇန်နဝါရီ ၂၆ ရက်နေ့ နံနက်ပိုင်းက ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ ရွာထဲသို့ လက်နက်ကြီး ကျည်ဆန် များ ကျရောက် ပေါက်ကွဲသဖြင့် မောင်နိုင်စိုး ဦးခေါင်း ညာဘက်ခြမ်းတွင် အစ ထိမှန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုဒဏ်ရာ ပြင်းထန်မှုကြောင့် အဆိုပါ ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်နေ့ မွန်းလွဲပိုင်းတွင် ရသေ့တောင် ဆေးရုံသို့ ပို့ဆောင် ကုသခဲ့ရာမှ ဒဏ်ရာ အခြေအနေ စိုးရိမ်ရသဖြင့် ညနေပိုင်းတွင်ပင် စစ်တွေ ပြည်သူ့ဆေးရုံသို့ ပြောင်းရွှေ့ ကုသခဲ့ခြင်း လည်း ဖြစ်ကြောင်း မောင်နိုင်စိုး ၏ဖခင် ဖြစ်သူ ဦးကျော်ကျော်နိုင်က ပြောပြသည်။
ဦးကျော်ကျော်နိုင်က“ဒီနေ့ ဆရာဝန်တွေက လာပြောပါတယ်။ ခေါင်းက ဒဏ်ရာက ပြင်းတော့ ရန်ကုန်ကို သွားကုရ မယ် လို့ ပြောပါတယ်။ အခု ကျနော်တို့ စစ်တွေကနေ အရေးပေါ် ကားနဲ့ သွားနေပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ယနေ့ ညနေပိုင်းတွင် အဆိုပါ ကလေးငယ်ကုသနေသည့် လူနာဆောင်သို့ သွားရောက်ကြည့် ရှု့ခဲ့ရာ ကလေးငယ်မှာ ဒဏ်ရာပြင်းထန်သည့် ဝေဒနာ ခံစားနေရသည်ကို တွေ့ရှိရပြီး ဖခင်ဖြစ်သူကလည်း ဆင်းရဲနွမ်းပါးသူ ဖြစ်သဖြင့် ငွေကြေး အခက်အခဲရှိနေ၍ အရေးပေါ် အကူအညီများ လိုအပ်လျက် ရှိကြောင်း ပြောပြသည်။
“ကျနော်က ငါးရှာတယ်။ ကျနော့် အမျိုးသမီးကတော့ အုန်း (ဓနိ) အငှားထိုးပြီး စားသောက်နေကြတာပါ။ ငွေကတော့ ဘယ်လို ရှိမှာလဲ။ ငွေမရှိရင်လည်း ရန်ကုန်မှာ ကျနော့်သားကို ဆေးသွားကုမယ်”ဟုလည်း ဦးကျော်ကျော်နိုင်က ပြော သည်။
ဒဏ်ရာရ ကလေးငယ်တွင် လူနာစောင့်အဖြစ် ဖခင်နှင့် နောက်ထပ် တဦးသာ ပါလာကြောင်း၊ မိခင်ဖြစ်သူတွင် နို့စို့ အရွယ် ကလေးငယ် ရှိသဖြင့် ရွာတွင် ကျန်နေရစ်ခဲ့ကြောင်းလည်း သိရသည်။
သမီးလှရွာသစ် ကျေးရွာအနီး ပစ်ခတ်မှုဖြစ်ပွားခဲ့သော ဇန်နဝါရီ ၂၆ ရက်နေ့ နံနက်ပိုင်းက ဦးကျော်ကျော်နိုင်သည် ဝမ်းရေးအတွက် ရွာအနီးရှိ ဇီးခေါင်းချောင်းတွင် ငါရှာနေစဉ် လက်နက်ကြီး လက်ငယ်များ အသံ ကြား၍ အိမ်သို့ ပြေး လာစဉ် သားလတ် မောင်နိုင်စိုး လက်နက်ကြီးအစ ထိမှန်၍ သတိလစ်ကာ ဇနီးသည်လည်း ငိုနေသည်ကို မြင်တွေ့ ခဲ့ရ သည်ဟု ဆိုသည်။
ထို ဇန်နဝါရီ ၂၆ ရက်နေ့ နံနက်ပိုင်းက သမီးလှရွာသစ် အနီး ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် အတွက် ရွာသားတချို့ ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး အသက် ၇ နှစ်အရွယ် မောင်နိုင်စိုးမှာလည်း နေအိမ်အတွင်း မိသားစုနှင့်အတူ မီးလှုံနေစဉ် လက်နက် ကြီး ကျည်ဆန်အစ ထိမှန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်ကြောင့် တပ်မတော်က မသင်္ကာသူများကို ဝင်ရောက်ရှာဖွေရာတွင် ရွာသားများ ပိုင်ဆိုင်သည့် ရွှေထည်နှင့် ငွေများကို ယူဆောင်သွား ခဲ့သည်ဟု ဒေသခံများ၏ စွပ်စွဲချက်များ ရှိသော်လည်း တပ်မတော်ဘက်က လုပ်ထုံး၊ လုပ်နည်းအရ ဝင်ရောက် စစ်ဆေးခြင်းသာ ဖြစ်ပြီး ယင်းသို့ ရွာသားများ ပိုင်ဆိုင်သည့် ပစ္စည်းများကို ယူဆောင်ခြင်း မရှိကြောင်း မီဒီယာများသို့ ဖြေဆိုထားသည်။
ဇန်နဝါရီ ၂၈ ရက်နေ့တွင်လည်း ရသေ့တောင်မြို့နယ် အုန်းချောင်းကျေးရွာ အနီးတွင် ရက္ခိုင့်တပ်မတော် (AA) နှင့် တပ်မတော် တို့ နှစ်ဖက် တိုက်ပွဲဖြစ်ပွားနေသည့် အတွက် ဒေသခံ ရွာသားများ တိမ်းရှောင်နေရကြောင်း အုန်းချောင်း ကျေးရွာသားများက ပြောကြားသည်။