အာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ က မနက်ဖြန် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး အဆို တင်သွင်းမည်ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ် အသိုင်းအဝိုင်းမှ သိရသည်။
ယနေ့ညနေပိုင်းက နေပြည်တော် စည်ပင်ဧည့်ရိပ်သာ ၂ တွင် ပြုလုပ်ခဲ့သည့် NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့နှင့် ပါတီ၏ လွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံပွဲတွင် ပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
အာဏာရ NLD ပါတီ၏ ၂၀၁၅ ရွေးကောက်ပွဲ ကြွေးကြော်သံဖြစ်သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် တရားဥပဒေ စိုးမိုးရေး စသည့်အချက် အလက်များကို ပြောဆိုခဲ့ရာ ယခုအခါတွင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို လွှတ်တော်တွင်း လမ်းကြောင်းမှတဆင့် ပြင်ဆင်ရန် စတင်ကြိုးစားလာခြင်းဖြစ်သည်။