အစိုးရတပ်များနှင့် ရက္ခိုင့်တပ်မတော် (AA) တို့အကြားရှိ လက်နက်ကိုင် ပဋိပက္ခကို ဖြေရှင်းရန်အတွက် တဖက်သတ် အပစ်အခတ်ရပ်စဲခြင်းကို ရခိုင်ပြည်နယ်အထိ တိုးချဲ့ရေး တပ်မတော်အား ဖိအားပေးရန် နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအဖွဲ့ (ICG) က တရုတ်နိုင်ငံကို တိုက်တွန်းလိုက်သည်။
ICG ၏ ဇန်နဝါရီလ ၂၄ ရက်နေ့ကထုတ်ပြန်သည့် နောက်ဆုံးအစီရင်ခံစာတွင် ယင်းသိူ့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်မှ အကြမ်းဖက်တိုက်ခိုက်မှုအသွင်သစ် ဟု အမည်ပေးထားသော ထိုအစီရင်ခံစာတွင် AA ၏ပုန်ကန်မှု၊ ထင်ရှားသော ရခိုင်နိုင်ငံရေးသမားများကို အငြင်းပွားဖွယ်ရာ ဖမ်းဆီးမှု၊ လွန်ခဲ့သောနှစ်က မြောက်ဦးတွင် ကန့်ကွက်ဆန္ဒပြသူများကို သတ်ဖြတ်ခြင်း၊ ရခိုင်နိုင်ငံရေးပါတီများနှင့် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အကြား ပြဿနာများစသည်တို့နှင့် ပတ်သက်သော အခန်း ၅ ခန်းပါဝင်ပြီး နှစ်ဖက်စလုံးအနေဖြင့် ဒေသတွင်းတွင် ထိုးစစ်များ ရှောင်ရှားရန် တိုက်တွန်းထားသည်။
တရုတ်နိုင်ငံသည် မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အဆင်ပြေအောင်လုပ်ဆောင်နေသည်မှာ နှစ်အတန်ကြာပြီဖြစ်ကြောင်း၊ တရုတ်အထူးသံတမန်တဦးသည် ရခိုင်တိုက်ပွဲများနှင့် ပတ်သက်ပြီး မကြာသေးမီက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် AA ဌာနချုပ်များရှိရာ လိုင်ဇာတွင် AA ခေါင်းဆောင်များဆွေးနွေးခဲ့ကြောင်း ရန်ကုန်အခြေစိုက် တိုင်းရင်းသားရေးရာလေ့လာသူ ဦးမောင်မောင်စိုးကပြောသည်။
သို့သော် ရခိုင်ပြည်နယ်သို့ အပစ်အခတ်ရပ်စဲရေး တိုးချဲ့ရန် တပ်မတော်ကို တိုက်တွန်းရန် ပထမဦးစွာ နှစ်ဖက်သက်ဆိုင်သူများ ဆွေးနွေးရန် လိုကြောင်း ဦးမောင်မောင်စိုးပြောသည်။
“သူတို့ချင်းမညှိရင် ဖြစ်နိုင်ချေကို ကြိုပြီး ဆွေးနွေးရတာ ခက်တယ်” ဟု သူက သုံးသပ်သည်။
အဖြေရှာရန် အဓိကကျသော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးပြသနာများကို မြန်မာအစိုးရက ရခိုင်ကိုယ်စားလှယ်များနှင့် ဆွေးနွေးရန် ICG က အကြံပြုထားသည်။ ဒေါက်တာအေးမောင်နှင့် အခြားရခိုင်နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်လည်းအာဏာပိုင်များကို ထိုအစီရင်ခံစာထဲတွင်အကြံပေးထားသည်။
ပြည်ထောင်စုအစိုးရနှင့် ရခိုင်ပြည်နယ်ရှိ သက်ဆိုင်သူများအကြား နိုင်ငံရေးဆွေးနွေးပွဲများတွင် ဘင်္ဂလားဒေ့ရှ်တွင် ခိုလှုံမှု တနှစ်ကျော်ကြာပြီဖြစ်သည့် ရိုဟင်ဂျာများကို ပြန်လည်လက်ခံရေး၊ ရိုဟင်ဂျာ အသိုင်းအဝန်း ပြန်လည်ထူထောင်ရေး၊ စီးပွားရေးတိုးတက်ရေးနှင့် ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရအကြား အာဏာခွဲဝေရေး တို့ပါဝင်သင့်ကြောင်းလည်း ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရက AA ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခြင်းသည် ပြည်နယ်အဆင့်တွင်သာမက တနိုင်ငံလုံးအဆင့်တွင်ပင် ရခိုင်နှင့် မြန်မာနိုင်ငံရေးသမားများအကြား တင်းမာမှုကို ပိုမိုဆိုးရွားစေကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြသည်။
ဇန်နဝါရီလ ၄ ရက်နေ့က ရခိုင်ပြည်နယ်မှ ရဲစခန်း ၄ ခုကို AA တိုက်ခိုက်မှုတွင် တပ်ဖွဲ့ဝင် ၁၃ ဦးသေဆုံးပြီး လူ ၁၂ ဦးကျော် ဒဏ်ရာရရှိစေခဲ့သည်။
ထိုဖြစ်ရပ်အပြီး ဇန်နဝါရီလ ၇ ရက်နေ့တွင် အစိုးရနှင့် တပ်မတော်တို့အကြား အဆင့်မြင့်အစည်းအဝေး တရပ်ကျင်းပခဲ့သည်။
ထိုအစည်းအဝေးအပြီ းနောက်နေ့တွင် သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲကျင်းပပြီး ရခိုင်တိုင်းရင်းသားများအပေါ် ပြင်းထန်သော စကားလုံးများ သုံးစွဲခဲ့သည်။
အကြမ်းဖက်သမားများကို ချေမှုန်းရန် သမ္မတက တပ်မတော်ကို ခွင့်ပြုထားသည်ဟု ဦးဇော်ဌေးက ပြောခဲ့ပြီးနောက် သူ၏ စကားကြောင့် AA ကို ရခိုင်တိုင်းရင်းသားများအကြား ပိုမိုထောက်ခံလာကြသည်။
ICG ၏ အစီရင်ခံစာနှင့်ပတ်သက်ပြီး ဝေဖန်ပြောကြားပေးရန် ဧရာဝတီသတင်းဌာနက ဦးဇော်ဌေးကို ဇန်နဝါရီလ ၂၅ ရက်နေ့က ဆက်သွယ်ခဲ့သော်လည်း ဖုန်းဖြင့်ဖြေကြားရန် ငြင်းဆန်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဧရာဝတီက ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ဆက်သွယ်သော်လည်း ဖုန်းကိုင်ခြင်း မရှိပါ။
ရခိုင်ပြည်နယ်မှ နယ်ခြားစောင့်ရဲတပ်ဖွဲ့များသည် စစ်တပ်၏ ဖြတ် လေး ဖြတ်လုပ်ငန်းများတွင် ပါဝင်နေပြီး AA ထောက်ခံသူများနှင့် ရခိုင်လူငယ်များကို အငြင်းပွားဖွယ်ရာ ဖမ်းဆီးမှုများကြောင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း AA အကြီးအကဲ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ဧရာဝတီသို့ ယခင်ကပြောခဲ့ဖူးသည်။
ဇန်နဝါရီလ ၄ ရက်တိုက်ခိုက်မှုနှင့် အစိုးရ၏ တုံ့ပြန်မှုများကြောင့် ယခင်က AA အပေါ် မထင်ရှားသော ထောက်ခံမှုကို အားပေးလိုက်သလိုဖြစ်ပြီး ပိုမိုဗြောင်ကျကျထောက်ခံလာကာ ရခိုင်လက်နက်ကိုင် ပဋိပက္ခအခြေအနေကို ပြောင်းလဲသွားစေသည်ဟုလည်း ထိုအစီရင်ခံစာကဆိုသည်။
ရခိုင်တိုင်းရင်းသားများအကြား AA အပေါ် အယုံအကြည် ကင်းမဲ့အောင်ကြိုးစားသည့်အနေဖြင့် ဦးဇော်ဌေးက ပြင်းထန်သော စကားလုံးများသုံးခဲ့ပြီး AA သည် ARSA နှင့်အချိတ်အဆက်ရှိသည်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်းတွင် လှုပ်ရှားနေသည်ဟုလည်း ပြောခဲ့သည်။
တပ်မတော်သည် အရပ်သားများကို အာရုံစိုက်ပြီး AA အပေါ်ထောက်ခံမှု လျော့ကျအောင် အကြီးအကျယ် ဖမ်းဆီးမှုများ လုပ်လိမ့်မည်ဟု ICG အစီရင်ခံစာတွင် ခန့်မှန်းထားသည်။
ရခိုင်ပြည်နယ် ပြဿနာငြိမ်းချမ်းစွာ အဖြေရှာရေးအတွက် ICG က အကြံပြုချက် အများအပြားလုပ်ခဲ့သော်လည်း မကြာမီ အနာဂတ်တွင် မြန်မာနိုင်ငံတဝန်းရှိ ပဋိပက္ခ ဒေသများတွင် တိုက်ပွဲများဖြစ်ပေါ်လာနိုင်သည်ဟု အစီရင်ခံစာက သုံးသပ်ထားသည်။
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသောအဖွဲ့များသာမက မထိုးထားသောအဖွဲ့များကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နောက်ဆုံးထားပြီး စစ်ရေးလှုပ်ရှားမှုများရပ်ရန် သတိပေးစာတစောင်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဇန်နဝါရီလ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
(Moe Myint ၏ Int’l Crisis Group Urges China to Push for Army Ceasefire in Rakhine ကို ဆီလျော်အောင် ဘာသာပြန်သည်။)