လာမည့် မတ်လ ၃၁ ရက်နေ့တွင် ပြုလုပ်မည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီကြီး နှစ်ခုဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ်လောင်းများလည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဟုသိရသည်။
ယင်းရွေးကောက်ပွဲတွင် ပါတီကြီးနှစ်ခုမှကိုယ်စားလှယ်လောင်းများက မြို့နယ်အားလုံးနီးပါးတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး NLD အနေဖြင့် မြို့တော်ကော်မတီဝင် ၆ ဦးအပါအဝင် ကိုယ်စားလှယ်လောင်း စုစုပေါင်း ၉၃ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း NLD မှသိရသည်။
ယှဉ်ပြိုင်ရမည့် မြို့နယ် ၃၃ မြို့နယ်တွင် ကြည့်မြင်တိုင်မှ အပ ကျန်မြို့နယ်များတွင် ပါတီ ကိုယ်စားပြုသူများ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးဝင်းဦး ( ဒေါက်တာ ဘိုင်အို) က ဧရာဝတီသို့ ပြောသည်။
ပါတီကိုယ်စားပြု ယှဉ်ပြိုင်မည့်သူများကို အဓိကအားဖြင့် ပညာအရည်အချင်းပေါ်မူတည် ရွေးချယ်ထားခြင်း ဖြစ်ပြီး မြို့နယ်အချို့တွင်သာ လုပ်ရည်ကိုင်ရည်ပေါ် မူတည်ရွေးချယ်ထားကြောင်း ၎င်းက ဆိုသည်။
ဒေါက်တာစိုးဝင်းဦး က “ စီမံခန့်ခွဲမှု လုပ်ရမှာ ဖြစ်တဲ့အတွက် မြို့နယ်ဆိုရင်လည်း EO ရဲ့ အပေါ်ကနေ ဥက္ကဋ္ဌ နေရာယူရမှာ ဖြစ်တဲ့အတွက် စီမံခန့်ခွဲမယ့်သူက အတွေ့အကြုံကောင်းကောင်းရှိဖို့နဲ့ ခေတ်ပညာ တတ်ဖို့ လိုတယ်” ဟု ပြောသည်။
ဆက်လက်ပြီး “တချို့မြို့နယ်တွေကျတော့ လုပ်ရည်ကိုင်ရည်ရှိပြီးတော့ ပြည်သူလူထု ထောက်ခံမှုလည်း များတယ် သူ့ကိုယ်ပိုင် စီမံခန့်ခွဲမှု အတွေ့အကြုံ သို့မဟုတ် အဖွဲ့ချုပ်ထဲမှာ အတွေ့အကြုံတွေ အရည်အသွေးကောင်းတဲ့ သူတွေရှိရင် အဲဒီလိုလူတွေကျတော့ တက္ကသိုလ် ဘွဲ့မရတဲ့သူတွေလည်း ပါတယ်။ အဲဒီလို လူမျိုးဆိုရင်တော့ ရွေးတယ်။ ကျန်တာက တော့ အနည်းဆုံးဘွဲ့ရတဲ့ သူတွေပဲ ရွေးတယ်” ဟု ၎င်းကဆိုသည်။
ရွေးကောက်ပွဲ၌ ဝင်ရောက် ယှဉ်ပြိုင်မည့် စည်ပင် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းမှုသည် ဇန်နဝါရီ ၂၈ ရက်နေ့ တွင် နောက်ဆုံး သတ်မှတ်ရက်ဖြစ်သည်။
ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သည်လည်း စည်ပင်ကော်မတီဝင်နေရာ အားလုံးနီးပါးကို ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး မြို့နယ်ကော်မတီဝင်ရွေးချယ်ရာတွင် မိမိ မြို့နယ်အပေါ်တွင် စည်ပင်သာဝပြောအောင် လုပ်ချင်စိတ် ရှိသူများကို ဦးစားပေးရွေးချယ်ထားကြောင်း ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရန်ကုန်တိုင်း အတွင်းရေးမှူး ဦးကျော်စိုးက ပြောသည်။
“မြို့နယ်ကို စည်ပင်သာယာဝပြောအောင် ဆောင်ရွက်ချင်စိတ်ပြင်းပြတဲ့သူကိုပဲ ကျနော်တို့က ရွေးပါတယ်။ ပညာအရည်အချင်းကတော့ မြင့်လေကောင်းလေပေါ့။ သို့သော်လည်း မြို့နယ် စည်ပင်ဝပြောအောင် လုပ်နိုင်ဖို့ ဆိုတာက ၁၀ တန်းအဆင့်လောက်လည်း ရနိုင်တယ်လို့ ယူဆတော့ အဲဒီအဆင့်လောက်လည်း ပေးပါတယ်။ တော်တော်များများ ကတော့ ဘွဲ့ရတွေချည်းပါပဲ” ဟု ၎င်းက ပြောသည်။
ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုအဖြစ် ကော်မတီဝင် ၆ ဦးအပါအဝင် ကိုယ်စားလှယ် ၉၄ ဦး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှသိရသည်။ မြို့နယ်နေရာတွင် သင်္ဃန်းကျွန်းမြို့နယ်မှ အပ ကျန်မြို့နယ် အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
စည်ပင်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့်သူများသည် လာမည့် ဖေဖော်ဝါရီလ ၂၈ ရက်မှ မတ်လ ၂၉ ရက်နေ့အတွင်း မဲဆွယ်စည်းရုံးမှုများလုပ်ဆောင်နိုင်မည်ဟု သိရသည်။
အဆိုပါ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် ပါတီတံဆိပ်၊ အလံများ သုံးစွဲခွင့် ပြုခြင်းအပေါ် ဝေဖန်မှုများလည်း ရှိနေသည်။
သို့သော် ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ ရွေးကောက်ပွဲ နည်းဥပဒေပါ ပြဋ္ဌာန်းချက် အရ ပါတီနှင့် သက်ဆိုင်သည့် အမှတ် တံဆိပ်များကို အသုံးပြုခွင့် ပေးမည် ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ဇန်နဝါရီလ ၂၃ ရက်တွင် ထပ်မံ ပြင်ဆင် သတ်မှတ်ခဲ့သည်။
ရန်ကုန် စည်ပင် ရွေးကောက်ပွဲ ကော်မရှင်က ဇန်နဝါရီ ၂၁ ရက်က ပြုလုပ်သည့် အစည်းအဝေးတွင် ပါတီ၏ အလံ၊ လိုဂို အမှတ်တံဆိပ်နှင့် ပါတီ ပုံရိပ် ထင်ဟပ်စေသည့် အပြင်အဆင်များကို အသုံးမပြုရန်နှင့် ဆန္ဒမဲ လက်မှတ် ထည့်သွင်းရာ တွင်လည်း ကိုယ်စားလှယ်လောင်း၏ အမည်နှင့် ဓာတ်ပုံကိုသာ အသုံးပြုရန် သတ်မှတ်ခဲ့ပြီးနောက် ပြောင်းလဲ သတ်မှတ်လိုက်ခြင်း ဖြစ်သည်။
၂၀၁၄ ခုနှစ်က ပြုလုပ်ခဲ့သည့် စည်ပင်ရွေးကောက်ပွဲကာလက တအိမ်ထောင်လျှင် လူတဦးသာမဲပေးပိုင်ခွင့်ရှိသည့် စနစ်မှ ယခု ၂၀၁၉ ခုနှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးပိုင်ခွင့်ရရှိမည်ဟုလည်း သိရသည်။