ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ရေးဆွဲသည့် လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်း ခြင်း ဆိုင်ရာ ဥပဒေကြမ်း (Right to Recall) ကြန့်ကြာနေမှု အပေါ် မင်းကင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးမောင်မြင့် က မေးခွန်း ထုတ်သည်။
ဇန်နဝါရီ၂၈ ရက်က ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် UEC အနေဖြင့် Right to Recall ဥပဒေ ကြမ်းကို မည်သည့်အချိန်တွင် လွှတ်တော်သို့ တင်မည်၊ မည်သည့် အတွက်ကြောင့် ကြန့်ကြာနေသည်ကို သိလိုခြင်း နှင့် ပတ်သက်သည့် မေးခွန်းကို မေးမြန်းခြင်း ဖြစ်သည်။
ယင်းမေးခွန်းနှင့် ပတ်သက်၍ (UEC) အဖွဲ့ဝင် ဦးသန်းဌေးက ယခုမေးမြန်းသော ကိစ္စရပ်သည် ပထမအကြိမ် ပြည်သူ့ လွှတ်တော် သက်တမ်းကာလ ပြည်ထောင်စု လွှတ်တော်က မဲခွဲဆုံးဖြတ်၍ ဆိုင်းငံ့ထားသည့် အဆုံးအဖြတ် အတိုင်း အတည် ဖြစ်နေဆဲ ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။
“နိုင်ငံသားအခွင့်အရေး အပြည့်အဝရရှိစေရန် ဖြည့်ဆည်းပေးနိုင်မယ့် Right to Recall ဥပဒေကြမ်းကို ကော်မရှင်က ရေးဆွဲပြီးပြီလို့ ဖြေကြားထားပေမယ့် ၆ လကြာသည်အထိ လွှတ်တော်ကို တင်သွင်းခြင်း မရှိသေးတာက ဘာကြောင့် ကြန့်ကြာနေရသည်ကို ဖြေကြား ပေးဖို့ မေးမြန်းလိုပါတယ်”ဟု ဦးမောင်မြင့်က လွှတ်တော်သို့ မေးမြန်းခြင်း ဖြစ်သည်။
ဦးမောင်မြင့်က ဆက်လက်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မဲဆန္ဒရှင်ပြည်သူ တယောက် အနေဖြင့် လွှတ်တော် ကိုယ် စား လှယ်ကို ရွေးကောက် တင်မြှောက်ခွင့် ရှိသလို ဥပဒေ နှင့်အညီ တာဝန်ကနေ ပြန်လည် ရုပ်သိမ်းခွင့် ပေးအပ်ထား ခြင်း ဖြစ်ကြောင်း၊ သို့သော် ခြေခံဥပဒေတွင် မည်ကဲ့သို့ သတ်မှတ်ထားပါစေ၊ လက်တွေ့ အကောင်အထည်ဖော် လုပ်ဆောင် မည့် ဥပဒေ မရှိသည့်အတွက် နိုင်ငံသားများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြဌာန်းထားသည့် နိုင်ငံသား အခွင့်အရေး ကို အပြည့်အဝ မရရှိသေးဟု အဓိပ္ပာယ် ကောက်ယူနိုင်ကြောင်း ပြောဆိုသည်။
ယင်းကိစ္စသည် လက်ရှိ သမ္မတ ဦးဝင်းမြင့် သည်လည်း ထိုအချိန်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ တယောက် အနေဖြင့် ဖြည့်စွက် ပြောကြားရာတွင် ပထမအကြိမ် လွှတ်တော် သက်တမ်းတွင် ဆိုင်းငံ့ခဲ့ရသည့် ကိစ္စဖြစ်ကြောင်း၊ ဒုတိယ အကြိမ် လွှတ်တော်သက်တမ်းတွင် အချုပ်အခြာအာဏာသည် ပြည်သူ့ထံမှ ဆင်းသက်သည် ဆိုသည့် အခြေခံမူ မပျောက် ရအောင် ၎င်းအနေဖြင့် ရွေးကောက်ပွဲကော်မရှင်ကို ဥပဒေ ရေးဆွဲရန် အကြောင်းကြားခဲ့ကြောင်း၊ Rule by Law (တရားဥပဒေ အုပ်စိုးခြင်း) ကနေ Rule of Law (တရားဥပဒေ စိုးမိုးခြင်း) ဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်း အကောင် အထည် ဖော်ပေးရန် အသိပေးကြောင်း ပါရှိခဲ့သည်ဟုလည်း ဦးမောင်မြင့်က ပြောသည်။
UEC အနေဖြင့် အဆိုပါ ဥပဒေမူကြမ်းကို အသင့်ရေးဆွဲပြီး ဖြစ်ကြောင်း၊ ပြည်ထောင်စု လွှတ်တော်က ဆက်လက် လမ်း ညွှန် လာပါက လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်သွားရန် အသင့်ရှိကြောင်း ဦးသန်းဌေးက ဖြေကြားသည်။
ယခု လွှတ်တော်သည် ပထမအကြိမ် လွှတ်တော် မဟုတ်တော့ဘဲ ဒုတိယအကြိမ် လွှတ်တော် ဖြစ်သောကြောင့် ပထမ အကြိမ် လွှတ်တော်တွင် ဆိုင်းငံ့ထားသည်ကို အကြောင်းမပြသင့်ကြောင်း၊ ကော်မရှင်၏ တာဝန်ပဲ ဖြစ်ဖြစ်၊ ဝန်ကြီး ဌာန ၏ တာဝန်ပဲ ဖြစ်ဖြစ်၊ ပုဂ္ဂိုလ် တဦးကပဲ ဖြစ်ဖြစ် ဥပဒေကို ရေးဆွဲခွင့် ရှိကြောင်း၊ ကော်မရှင် အနေနှင့် ကိုယ်ရေး ရမည့် ဥပဒေကြမ်းကို ရေးဆွဲပြီး ဖြစ်ပါလျက်နှင့် ဘာကြောင့် မတင်ကြောင်း သိရှိလိုသည်ကို ဆက်စပ်မေးခွန်း အနေ ဖြင့်လည်း ဦးမောင်မြင့်က မေးမြန်းခဲ့သည်။
ဦးမောင်မြင့်က“ကျနော် မေးချင်တဲ့မေးခွန်းကတော့ မပို့ဘူးလား။ ပို့မှာလား။ ပြည်ထောင်စု လွှတ်တော်ကတော့ ဒီဟာ ကို မဲခွဲပြီး ပြောဖို့ကတော့ တင်ပြစရာ အကြောင်းမရှိပါဘူး။ ပို့မှာလား။ မပို့ဘူးလား ဒါကိုပဲ ဖြေကြားပေးဖို့ မေးမြန်း လိုပါတယ်”ဟုလည်း ဆက်စပ် မေးခွန်းအနေဖြင့် မေးမြန်းခဲ့သည်။
ထို့ကြောင့် ကော်မရှင်အနေဖြင့် ဆက်စပ်မေးခွန်းအား ပြန်လည်ဖြေကြားရာတွင် ယင်းဥပဒေသည် ပထမအကြိမ် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ပြီး ဆိုင်းငံ့ထားသည့်ကိစ္စ ဖြစ်သောကြောင့် ပြည်ထောင်စုလွှတ်တော်၏ ဆိုင်းငံ့ထား ကြောင်း အဆုံးအဖြတ် အတည်ဖြစ်၊ မဖြစ် ဟူသောကိစ္စရပ်သည် ရွေးကောက်ပွဲ ကော်မရှင်၏ အရာ မဟုတ်ကြောင်း ပြည်ထောင်စု လွှတ်တော်၏ တာဝန်သာ ဖြစ်သောကြောင့် ရွေးကောက်ပွဲကော်မရှင် အနေဖြင့် လွှတ်တော်၏ အဆုံး အဖြတ်ကိုသာ လိုက်နာရန် ဖြစ်ကြောင်း လွှတ်တော် ဥက္ကဋ္ဌက ပြန်လည် ဖြေကြားသည်။
ထိုကဲ့သို့ ဦးမောင်မြင့်၏ ထပ်ဆင့်မေးခွန်းကို ပြန်လည်ဖြေကြား အပြီးတွင်“ဒီနေရာမှာ တဆက်တည်းမှာပဲ ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင်ကို ပြောကြားလိုပါတယ်။ ဥပဒေကြမ်း ရေးဆွဲပြီး တင်ပြဖို့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ တာဝန်သာ ဖြစ်ပါတယ်။ ပြည်ထောင်စု လွှတ်တော်က ညွှန်ကြားလို့ လမ်းညွှန်မှုပြုလို့ ပြန်လည် တင်ပြရ မယ် ဆိုတာ လွှတ်တော်ရဲ့ လုပ်ငန်းတာဝန် မဟုတ်ပါဘူး။ သက်ဆိုင်ရာ ယင်းဥပဒေကို စီမံခန့်ခွဲရတဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ တာဝန်သာလျှင် ဖြစ်ကြောင်း ပြောကြားလိုပါတယ်’’ဟု လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြေကြား သွား သည်။
Right to Recall ဥပဒေကြမ်း လွှတ်တော် မတင်သေးခြင်းနှင့် ပတ်သက်၍ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်က ပျော် ဘွယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက လွှတ်တော်တွင် ကြယ်ပွင့်ပြ မေးခွန်း မေးမြန်း ခဲ့ရာ UEC အဖွဲ့ဝင် ဦးအောင်မြင့်က UEC က သက်ဆိုင်ရာ လွှတ်တော်များနှင့် ပူးပေါင်း၍ လွှတ်တော် ကိုယ်စား လှယ်မှ ပြန်လည် ရုပ်သိမ်းခြင်း ဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းနိုင်ရေး ဆောင် ရွက်လျက် ရှိကြောင်း ဖြေကြားခဲ့သည်။