ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်း ဦးဆောင်နေသည့် အထူးကော်မရှင် အဖွဲ့ဝင်တဦး အစားထိုး လဲလှယ်ခြင်းနှင့် တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦး တာဝန်မှ ဖယ်ရှားခံရခြင်းကို ယနေ့ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်က တပ်မတော် က ကန့်ကွက်ခဲ့ကြသည်။
ယနေ့ လွှတ်တော် ပထမဆုံး အစီအစဉ်တွင် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မရှင် အဖွဲ့ ဝင် ဝေါမြို့ နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွေးကို တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ တာဝန်ပေးထားသဖြင့် ယင်းကော်မရှင်ဝင် အဖြစ်မှ ရပ်ဆိုင်းကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ်က ကြေညာခဲ့ရာ တပ်မတော်သား ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီး မျိုးထက်ဝင်းက ကန့်ကွက်ခဲ့သည်။
ဦးတီခွန်မြတ်က တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အနေဖြင့် မည်သူ့ကို မည်သည့် အတွက်ကြောင့် ကန့်ကွက်ရ ပါသလဲဟု မေးမြန်းရာ ဒုတိယ ဗိုလ်မှူးကြီး မျိုးထက်ဝင်း က “ဒီလို အစားထိုး လဲလှယ်တာကို ကန့်ကွက်တာ ဖြစ်ပါတယ်။ ဒီလို အစားထိုး လဲလှယ်တဲ့အခါမှာ လွှတ်တော်ရဲ့ သဘောတူညီချက်ကို ရယူရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဟာကို ကျနော်ရဲ့ သဘော ဆန္ဒ အရ ကန့် ကွက်တဲ့အတွက်ကြောင့် ဒီဟာကို စက်ခလုတ် နှိပ် အသုံးပြုခွင့် ပေးဖို့အတွက် တင်ပြရခြင်း ဖြစ်ပါတယ်”ဟု ပြောသည်။
ထို့ကြောင့် အစီအစဉ်ကို စက်ခလုတ်နှပ်၍ မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၃၈၅ မဲ၊ ကန့်ကွက်မဲ ၁၈၇၊ ကြားနေ ၁၂ မဲဖြင့် ဆက်လက် အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြည်ထောင်စု လွှတ်တော်တွင် ဖွဲ့စည်းထားသည့် ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ အဖွဲ့ဝင် ဗိုလ်မှူးချုပ် ရဲနိုင်မျိုးကို ကော်မတီတာဝန်မှ အနားပေးပြီး ၎င်းနေရာတွင် တပ်ကုန်းမြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်တင့်အား တာဝန် ပေးသည့်အခါတွင်လည်း တပ်မတော်မှ ဗိုလ်မှူးချုပ် အောင်သီဟက မတ်တပ်ရပ်၍ ကန့်ကွက်ခဲ့သည်။
ဗိုလ်မှူးချုပ် အောင်သီဟ က “တပ်မတော်သား ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီမှာ ပြည်သူ့လွှတ်တော်က အဖွဲ့ ဝင် ၇ ဦး၊ အ မျိုးသား လွှတ်တော်က အဖွဲ့ ဝင် ၇ ဦး ဖွဲ့ စည်းတဲ့အခါမှာ ပါတီ အဖွဲ့ အစည်းအလိုက် ဖွဲ့ စည်းထားတာ ဖြစ်ပါတယ်။ ဗိုလ်မှူးချုပ် ရဲနိုင်မျိုးကို လဲလှယ်ပြီးတော့မှ အစားထိုးမယ် ဆိုရင်တော့ ဒါကို ကျနော်တို့ ကန့်ကွက်ပါတယ်”ဟု လွှတ်တော်တွင် ဆွေးနွေးသည်။
ယင်းကိစ္စကိုလည်း စက်ခလုတ်သုံး၍ မဲခွဲရာ ထောက်ခံမဲ ၃၇၇ မဲ၊ ကန့်ကွက်မဲ ၁၉၃ မဲဖြင့် တပ်မတော်က ရှုံးနိမ့်သွား ခဲ့သည်။ ယင်းပူးပေါင်း ကော်မတီတွင် မူလက တပ်မတော်သား ကိုယ်စားလှယ် ၂ ဦးရှိရာ ယခု ဗိုလ်မှူးချုပ် ရဲနိုင်မျိုး ဖယ်ရှားခံရ သဖြင့် ဗိုလ်မှူးချုပ် အောင်ဆန်းချစ် တဦးသား ကျန်ရှိတော့မည် ဖြစ်သည်။
ရခိုင် အမျိုးသား ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်ကမူ ပထမအကြိမ် လွှတ်တော် သက်တမ်းက လွှတ်တော် ကော် မတီများတွင် တပ်မတော်သား အများစုသည် လေ့လာသူအဖြစ်သာ ပါဝင်ခဲ့ရပြီး ဝင်ရောက် ဆွေးနွေးခွင့် မရှိခဲ့ကြောင်း၊ ယခု လွှတ် တော် သက်တမ်းတွင် တပ်မတော်သား အများစုသည့် တင်းပြည့်အဖွဲ့ ဝင်အဖြစ် ကော်မတီတိုင်းတွင် ပါဝင်ခွင့် ရလျက် ရှိကြောင်း ပြောသည်။
ယနေ့ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ကြောင်း အဆိုတရပ် အာဏာရ NLD ပါတီက တင်သွင်းရန် ရှိပြီး ယနေ့ ကျင်းပသည့် လွှတ်တော် အစည်းအဝေးသို့ တပ်မတော်သား ကိုယ်စားလှယ် များမှာလည်း ပုံမှန် အချိန်ထက် နောက်ကျပြီးမှ လွှတ်တော်သို့ ရောက်ရှိလာခဲ့သည်။