မန္တလေးတိုင်း ဒေသကြီး ငါန်းဇွန်မြို့နယ် အနီး မြန်မာပြည် ဟိန်းဇော်ဆိုင်း အဖွဲ့ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားရာ၌ သေဆုံး၊ ဒဏ်ရာရသူများအား အလှူငွေများ ကူညီထောက်ပံ့မှု ပေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း သဘင် အစည်းအရုံးက သိရသည်။
အဆိုပါ ဆိုင်းအဖွဲ့သည် မန္တလေးတိုင်း ငါန်းဇွန်မြို့ခံ ဆိုင်းအဖွဲ့ ဖြစ်ပြီး ဇန်နဝါရီ ၂၇ ရက် ညနေပိုင်း ၃ နာရီခွဲ အချိန်က ငါန်းဇွန်မြို့နယ် မြို့သာ စက်မှုဇုန် အနီး ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကာ ၃ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်း သဘင် အစည်းအရုံး အတွင်းရေးမှူး ဦးပေါက်ကျိုင်း က “ယာဉ်တိမ်းမှောက်မှု ဖြစ်ရတာက ကားရဲ့ ကျန်းမာ ရေး မကောင်းမှုကြောင့်လို့ ပြောရပါမယ်။ ဘာလို့ဆိုတော့ ကားသည် အမိုးကိုင်း မပါသလို ဘော်ဒီ အပြည့်အစုံ မပါသော ကား ဖြစ်ပါတယ်။ ဝန်တင်ပြီးရင် ကြိုးနဲ့ထိန်းချုပ်ရတဲ့ အခြေအနေရှိတော့ ကြိုးပျက်သွားတဲ့ အချိန်မှာ သေတ္တာတွေက ဖရို ဖရဲ ဆွဲဖြဲလိုက်သလို ဖြစ်သွားတဲ့ အတွက် အနုပညာရှင်များ မထိခိုက်သင့်ဘဲ ထိခိုက်ရသလို ယာဉ်မောင်းလည်း မသေသင့် ဘဲ သေဆုံးခဲ့ရတာပါ” ဟု ပြောသည်။
ဆိုင်းအဖွဲ့မှာ ပွဲကူး ဖျော်ဖြေရန် အတွက် နေရာ အကူးအပြောင်းတွင် အရှိန်များ၍ တိမ်းမှောက်ခြင်း ဖြစ်ကာ ကားပေါ်၌ ဆိုင်းအဖွဲ့သား၂၀ ကျော် ပါဝင်ကာ ယာဉ်းမောင်း ဖြစ်သူမှာ အခင်း ဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ကြေးတီးနှင့် လင်းကွင်းတီး ၂ ဦးမှာ ရရှိထားသည့် ဒဏ်ရာများကြောင့် ဆေးရုံတွင် သေဆုံးသွားကြောင်း သိရသည်။
ဦးပေါက်ကျိုင်းက “လက်ရှိမှာတော့ သေဆုံးသူတွေ အတွက် ကျပ်၂ သိန်းခွဲနှုန်း၊ ဒဏ်ရာရသူ အားလုံးအား ကျပ် ၇၅၀၀၀ နှုန်း ထောက်ပံ့ ကူညီ ပေးထားပါတယ်။ သေဆုံးသူ ကြေးတီး ဦးခိုင်စိုးက မုံရွာမြို့ကဖြစ်တဲ့ အတွက် ရုပ်အလောင်းကို သွား ရောက် ပို့ဆောင်ပေးခဲ့ပါတယ်” ဟု ပြောသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ကွယ်လွန်သူများနှင့် ဒဏ်ရာရသူများ အတွက် မြန်မာနိုင်ငံ သဘင် အစည်းအရုံး (ဗဟို)၊ မန္တ လေးတိုင်း သဘင် အစည်းအရုံးနှင့် သဘင် လူမှု ကူညီစောင့်ရှောက်ရေး အသင်း၊ ပရဟိတ ရွှေလက်များ၊ မြန်မာ့ သဘင် အလှဆင်သူများ၊ လူရွှင်တော် အသင်း (မန္တလေး)၊ ဂီတ ကွန်ရက် စသည့် အဖွဲ့များက ကူညီ စောင့်ရှောက် ပေးလျက် ရှိ ကြောင်း သိရသည်။
အဆိုပါ ဆိုင်းအဖွဲ့ ယာဉ် တိမ်းမှောက်မှု အတွက် အလှူငွေများလည်း ထပ်မံ ရရှိထားရာ ရရှိသည့် အလှူငွေများ အား ခွဲဝေပေး သွားမည် ဖြစ်ကြောင်း ဦးပေါက်ကျိုင်းက ဆိုသည်။
၎င်းက ဆက်လက်၍ “အလှူငွေ များလည်း ထပ်မံ ရရှိ ထားပါတယ်။ အားလုံးကို စုဆောင်းပြီးတော့မှ သေဆုံးသူ ဘယ် လောက်၊ နာကျင်သူ ဘယ်လောက် ဆိုတဲ့ ခွဲတမ်းနဲ့ ထပ်မံပြီး ပံ့ပိုး ကူညီပေးဦးမှာပါ” ဟု ဆက်လက် ပြောသည်။
လက်ရှိ အချိန်တွင် အရေးပေါ်လူနာ ၃ ဦး ကျန်ရှိနေပြီး ကျန် လူနာများမှာ သက်သာလာ သဖြင့် ဇန်နဝါရီ ၂၈ ရက်က ဆေးရုံမှ ဆင်းပြီ ဖြစ်ကြောင်း သိရသည်။
ငါးဇွန်မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ တဦးက “ယာဉ်မဆင်မခြင် မောင်းနှင်လို့ မှောက်တာပါ။ လက်ရှိမှာတော့ အမှုဖွင့် အရေးယူထားခြင်း မရှိသေးဘူး” ဟု ဧရာဝတီကို ပြောသည်။
နိုင်ငံ အတွင်းရှိ ဇာတ်၊ အငြိမ့်၊ ဆိုင်းအဖွဲ့များ ပွဲကူးရာတွင် ယာဉ်မတော်တဆမှုများ မရှိစေရေး အတွက် မြန်မာနိုင်ငံ သဘင် အစည်းအရုံး (ဗဟို)မှ လမ်းညွှန်မှုများ ပြုလုပ်ပေးထားကြောင်း သိရသည်။
မြန်မာနိုင်ငံ သဘင် အစည်းအရုံး(ဗဟို) အတွင်းရေးမှူး ဦးနေဝင်းက “သဘင် အနုပညာသမားတွေ ဆိုတာ ရွေ့လျား ပညာရှင်များ ဖြစ်တဲ့ အတွက် ပွဲချီ များများ ကပြရတဲ့နေရာမှာ သတိ ဝီရိယလေးနဲ့ နေကြဖို့ အကြံပြု လမ်းညွှန်ချက်တွေ ပေးထားပါတယ်။ နောက် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ အနေနဲ့လည်း ပွဲကူးတဲ့ နေရာမှာ ယာဉ်ရဲ့ ကျန်းမာရေးကို အထူး ဂရုစိုက် စစ်ဆေးဖို့နဲ့ မိမိတို့ စိတ်တိုင်းကျ မောင်းနှင်ခြင်း မပြုဘဲနဲ့ အဖွဲ့နဲ့ တသားတည်း တိုင်ပင် ညှိနှိုင်း မောင်း နှင်ကြဖို့၊ အရက်သေစာ သောက်စားခြင်း ကင်းကြဖို့ အတွက် လမ်းညွှန်မှုတွေ ပေးထားပါတယ်” ဟုဆိုသည်။
ဇန်နဝါရီ ၂၃ ရက်နေ့ နံနက်တွင်လည်း မွန်ပြည်နယ်၊ ကျိုက်ထိုမြို့အနီး လမင်းတရာ လူငယ်စံပြ သဘင် ဇာတ်ကား ဘရိတ် ပေါက်၍ တိမ်းချော်မှှု ဖြစ်ပွားရာ ယာဉ်ပေါ်ပါလာသူများ ဒဏ်ရာများ ရရှိကြကြောင်း သိရသည်။