စစ်ကိုင်းမြို့ရှိ ရာဇမဏိ စူဠာ ကောင်းမှုတော် စေတီအား လက်ရှိ ရွှေသင်္ကန်းမှ မူလ အတိုင်း အဖြူရောင်ဆေး ကပ်လှူခြင်း ကို သီတဂူ ဆရာတော်ကြီး၏ မွေးနေ့ တပေါင်းလပြည့်နေ့ (မတ်လ ၂၀ ရက်)မတိုင်ခင် အပြီး ဆောင်ရွက်သွား မည် ဖြစ်ကြောင်း ဘုရား ဂေါပက အဖွဲ့ထံမှ သိရသည်။
ကောင်းမှုတော် ဘုရား ဂေါပက အဖွဲ့ ဥက္ကဋ္ဌ ဦးတင်မျိုးလွင်က “အဖြူရောင် ဆေးသင်္ကန်းကတော့ တပေါင်းလပြည့် အပြီး ကပ်မှာပါ။ သီတဂူ ဆရာတော် ဘုရားကြီး မွေးနေ့ပေါ့။ ဒါကြောင့် တပေါင်းလပြည့် မတိုင်ခင် ပြီးရမှာ ဖြစ်ပါတယ်။ တပေါင်း လပြည့်နေ့မှာ သံဃာ အပါး ၁ ထောင်နဲ့ ဘုရား အနေကဇာ ပြန်တင်သွားမှာပါ” ဟု ပြောသည်။
ကောင်းမှုတော် စေတီတော်ကြီးအား အဖြူရောင်ဆေး ပြန်လည် ကပ်လှူမှုကို သီတဂူ ဆရာတော်ကြီး ဒေါက်တာ အရှင် ဉာဏိဿရ ကိုယ်တိုင် ဦးစီး၍ ပြုလုပ်ခဲ့ခြင်း ဖြစ်ကာ ရန်ကုန်မြို့မှ သီတဂူ အင်ဂျင်နီယာ အဖွဲ့၊ ဘုရား ဂေါပက အဖွဲ့၊ ရှေးဟောင်း ပညာရှင်များ၊ သုတ်ဆေး ပညာရှင်များ၊ ဘုရားနှင့် သက်ဆိုင်သည့် ပညာရှင်များကို ဆရာတော်က လုပ်ငန်း တာဝန် အသီးသီး ခွဲဝေ ပေးထားကြောင်း သိရသည်။
ထိုသို့ အဖြူရောင် ဆေးသင်္ကန်း ကပ်လှူနိုင်ရန် အတွက် အောင်ပြည်တန် ကုမ္ပဏီက တာဝန်ယူ၍ ရွှေဆေးများ ခွာချွတ် ခြင်း၊ ပျက်စီးနေသည့် နေရာများကို ဖာထေးခြင်း လုပ်ငန်းများကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်က စတင် ဆောင်ရွက် ခဲ့ခြင်း ဖြစ်သည်။
ဦးတင်မျိုးလွင်က “ကောင်းမှုတော် စေတီတော်ကို အဖြူရောင် ပရိုင်မာ ဆေးသုတ်မယ်။ ဆေးက အီတလီက လာတာပါ။ ဆေးရဲ့ ဂုဏ်သတ္တိက လေဝင်လေထွက် ရှိတယ်၊ အဆင့်မြင့်တယ်။ ဒါကြောင့် အီတလီ ဆေးကို မှာပြီး အသုံးပြုရတာပါ” ဟု ပြောသည်။
ကောင်းမှုတော် စေတီအား အဖြူရောင်ဆေး ကပ်လှူနိုင်ရန် အတွက် အီတလီ နိုင်ငံမှ အဖြူရောင် ဆေးကို အမေရိကန် ဒေါ် လာ ၅ သောင်းဖိုး မှာယူခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
လက်ရှိ၌ ကောင်းမှုတော် စေတီ ရွှေဆေးများနှင့် ပတ်တီးများ ခွာခြင်းကို ပြုလုပ်လျက် ရှိရာ ဇန်နဝါရီ ၂၈ ရက်တွင် ၇၅ ရာ ခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
ရွှေဆေးများနှင့် ပတ်တီးများ ခွာခြင်း ပြီးစီးပါက ရေနှင့် သန့်ရှင်းရေး ပြုလုပ်ခြင်း၊ Flexible Protective Coating (Mapelastic) သုတ်လိမ်းခြင်း၊ Elastocolour Paint Plus အား သုတ် လိမ်း ခြင်းတို့ ပြုလုပ်သွားမည် ဖြစ်ကြောင်း အောင် ပြည်တန် ကုမ္ပဏီက တာဝန်ရှိသူ တဦး က ပြောသည်။
အဆိုပါ ရွှေဆေး ခွာယူခြင်းမှ ထွက်ရှိလာသည့် ရွှေဆေး အမှုန်များ၊ အင်္ဂတေ အပိုင်းအစများဖြင့်လည်း ကောင်းမှုတော် စေတီ ပုံစံငယ် တဆူ တည်ထားသွားမည်ဟု သိရသည်။
ဦးတင်မျိုးလွင်က “ခွာထားတဲ့ ရွှေတွေကို အရန် စေတီငယ် ပြန်လုပ်ဖို့တော့ အချိန် လိုပါသေးတယ်။ တပေါင်းလပြည့်ပြီးမှ လုပ်နိုင်မှာပါ။ အခုက ဆေးအဖြူရောင် ကပ်လှူဖို့ ဦးစားပေး လုပ်နေရတော့ အဲဒါတွေပြီးမှ အရန်စေတီ တည်နိုင်မယ် ထင် ပါတယ်” ဟု ပြောဆိုသည်။
စစ်ကိုင်းမြို့မိမြို့ဖအဖွဲ့မှ ဦး ဆောင်၍ မြို့ခံ လူမှုရေး အဖွဲ့များနှင့် ဆွမ်းတော်ကြီး ဆက်ကပ်အဖွဲ့များ ပါဝင်သည့် အဖွဲ့ ၆၃ ဖွဲ့က ထုံးသင်္ကန်း ပြန်လည် ကပ်လှူနိုင်ရေး အတွက် ဆန္ဒမဲ လက်မှတ် ကောက် ခံမှုကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၂ ရက် က စတင် ပြုလုပ်ခဲ့ပြီး ကောက်ခံရရှိသည့် လက်မှတ်များကို ပြည်သူ့ လွှတ်တော်နှင့် အစိုးရအဖွဲ့သို့ တင်ပြခဲ့ကြောင်း သိရ သည်။
စစ်ကိုင်း မြို့မိမြို့ဖ အဖွဲ့မှ ဦးဇော်ဝင်း က “သာလွန်မင်း တရားကြီး အနေနဲ့ ရွှေသင်္ကန်း ကပ်မယ် ဆိုရင် အဲဒီ အချိန်ကတည်းက ကပ်လှူလို့ ရပေမယ့် အခုလို ထုံးသင်္ကန်း ကပ်ခဲ့တာက ပြည်သူတွေ တတ်နိုင်တဲ့ ထုံသင်္ကန်း ကပ်နိုင်ပြီး ကုသိုလ် ရအောင်ရယ်၊ ထုံး ဆိုတာ ကြာလာရင် ကျောက်လို မာကျောတဲ့ ဓာတ် သဘာဝ ရှိတော့ ခိုင်ခံ့မှု ရှိစေအောင် လုပ်ခဲ့တယ် လို့ ယူဆပါတယ်။ အခုလို အဖြူရောင်ဆေး ကပ်လှူပြီး အရင် အတိုင်း ပြန်လည် ဖူးမြော်ရမယ် ဆိုတော့ ဝမ်းသာမိပါတယ်” ဟု ပြောသည်။
ကောင်းမှုတော် စေတီတော် အဖြူရောင် ဆေးကပ်လှူရန် အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက် ရရှိ ထားပြီး ဖြစ်ကြောင်းနှင့် ယင်းသို့ ကပ်လှူမှု အတွက် စုစုပေါင်း ကုန်ကျငွေ အနေဖြင့် ကျပ်သိန်း ၃၅၀၀ ခန့်ကုန်ကျမည်ဟု ခန့်မှန်း ထားကြောင်း သိရသည်။
ဘုရား အနေကဇာတင် အခမ်းအနားကို တပေါင်းလပြည့်နေ့တွင် သံဃာ အပါး ၁၀၀၀ ဖြင့် ပြုလုပ်သွားမည် ဖြစ်သလို ကမ္ဘာ့ အကြီးဆုံး စည်တော်ကြီးကိုလည်း တပါတည်း ထားရှိသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ဦးတင်မျိုးလွင်က “စည်တော်ကြီးထားဖို့ နေရာကိုလည်း ရှေးဟောင်း ပညာရှင် တမ္ပဝတီ ဦးဝင်းမောင်နဲ့ တိုင်ပင်ပြီး တပေါင်းလပြည့် အမီပဲ လုပ်ရမှာပါ။ စည်တော်ကြီး ထားမယ့် ပုံစံက ညောင်ရမ်းခေတ် ပုံစံ ဖြစ်ပါတယ်။ ကောင်းမှု တော်ဘုရားရဲ့ အရှေ့တောင် ထောင့်မှာ ထားမှာပါ” ဟု ဆက်လက် ပြောသည်။
ယခင် ဂေါပက အဖွဲ့၏ မှတ်တမ်းများ အရ ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၉ ရက်က နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဘုရားဖူး ခရီးစဉ် အပြီး ဒီဇင်ဘာလ ၂၂ ရက်တွင် သြဝါဒ ဆရာတော် ဘုရားကြီး ၅ ပါး၏ သြဝါဒ ခံယူ၍ လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူ ပူဇော်မှုကို ဒီဇင်ဘာလ ၂၃ ရက်မှ စတင်၍ လုပ်ငန်း များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စေတီတော်ကြီအား လုံးတော်ပြည့် စေတီတော် ရွှေဆေး သင်္ကန်း ကပ်လှူရာတွင် အလှူငွေ ကျပ်သိန်း ၇၀၀၀ ကျော် ရရှိခဲ့ပြီး သိန်းပေါင်း ၃၅၀၀ ကျော် အသုံးပြုခဲ့ရာ ပိုငွေကို ဘဏ်စာရင်း ဖွင့်လှစ် အပ်နှံံထားခဲ့ကြောင်း သိရသည်။
ကောင်းမှုတော် စေတီ ဂေါပက အဖွဲ့ အတွင်းရေးမှူး ဦးအေးကိုက “စေတီတော်ကြီးမှာ ရွှေသင်္ကန်း ကပ်လှူထားတာ က လည်း အများရဲ့ကုသိုလ်ကောင်းမှုတွေပါ။ ဂေါပကအဖွဲ့ ဆိုတာတော့ ပြုပြင် ထိန်းသိမ်းဖို့ရာ အတွက်ပဲ တာဝန်ယူရ တာပါ။ သြဝါဒ ဆရာတော်ကြီးများ၊ အစိုးရ အဖွဲ့နဲ့ ပြည်သူ သဘောဆန္ဒ အတိုင်း အားလုံး ဖြစ်သင့်ရာကို လိုက်ပါ ဆောင်ရွက်ပေး သွားမှာ” ဟု ပြောသည်။
ရာဇမဏိ စူဠာ ကောင်းမှုတော် စေတီကို မြန်မာ သက္ကရာဇ် ၉၉၈ ခုနှစ်တွင် ဒုတိယ အင်းဝ (ညောင်ရမ်း ခေတ်)တွင် သာလွန် မင်းတရားကြီးက သီရိလင်္ကာမှ မဟာထူပါရုံ စေတီတော် ပုံစံယူ၍ မြတ်စွာဘုရား ရှင်၏ လက်ဝဲဘက် အောက်စွယ်တော်နှင့် ဓာတ်တော် မွေတော် အစုံတို့အား ဌာပနာကာ တည်ထား ကိုးကွယ်ခဲ့ပြီး ဉာဏ်တော်မှာ ၁၀၁ တောင်၊ လုံးပတ် ၅၀၂ တောင်၊၂ မိုက်၊ လေးသစ်၊ အုတ်ချပ်ရေ ပေါင်း ၁၀ သန်း ခန့်ဖြင့် တည်ထား ကိုးကွယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကောင်းမှုတော် ဘုရားပွဲတော်များကို နှစ်စဉ် သီတင်းကျွတ် လပြည့်နေ့၊ သီတင်းကျွတ် လပြည့်ကျော် (၈) ရက်နေ့ နှင့် တန် ဆောင်မုန်း လပြည့်နေ့တို့တွင် ကျင်းပမြဲ ဖြစ်ပြီး လက်ရှိ အချိန်တွင် ကောင်းမှုတော် စေတီ ဘဏ္ဍာငွေမှာ ဘဏ်၌ ကျပ် သိန်းပေါင်း တသောင်းကျော် ရှိကြောင်း ဂေါပက အဖွဲ့ဝင်များက ပြောဆိုသည်။