ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ တပ်မဟာ ၅ လှုပ်ရှားနယ်မြေ အတွင်းရှိ တောဖောဒဲကျေးရွာနှင့် တာကူဒဲကျေးရွာ အနီး လက်နက်ကြီးကျည် ကျမှန်ပေါက်ကွဲ ဖြစ်ပွားခဲ့ကြောင်း KNU မှ အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမှူး က ဧရာဝတီသို့ ပြောသည်။
ယခုလ ၂၈ ရက်နေ့က ကျမှန်ပေါက်ကွဲခဲ့သော လက်နက်ကြီးကျည်များမှာ တပ်မတော်ဘက်က ပစ်လွှတ်ခြင်းဖြစ်ကြောင်း စွပ်စွဲလိုက်ပြီး ယင်းပစ်ခတ်မှုကြောင့် လူထိခိုက် သေဆုံးမှုများ မရှိသော်လည်း လက်နက်ကြီးစ ထိမှန်ခဲ့သော ကျွဲ ၂ ကောင် သေဆုံးပြီး တကောင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပဒိုစောတာဒိုမှူးက “ ဒါက ဒီလိုဗျ။ နောက်ပိုင်းမှာ စစ်ကြောင်းတွေက သူတို့ မယုံသင်္ကာရှိတဲ့ နေရာကို အဲလို လက်နက်ကြီးနဲ့ လှမ်းလှမ်းပြီးတော့ ပစ်တယ်။ ဆိုတော့ တရစ္ဆာန်တွေက ကျနော်တို့ တောသဘာဝအရ လွတ်ပြီးတော့ မွေးထားတာကို အဲမှာ ကျွဲတွေ သေတာတွေ့ရတယ်၊ အဲမှာ အ ကောင် ၃၀ လောက်ရှိတယ်။ ဒါပေမယ့် ၂-၃ ကောင် ထိသွားတယ်လို့ ကြားရတယ်”ဟု ဧရာဝတီသို့ ပြောသည်။
တပ်မတော်ဘက်ကတော့ အဆိုပါပစ်ခတ်မှုမှာ ၎င်းတို့လက်ချက် မဟုတ်ကြောင်း ကရင်လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ဖွဲ့များအနေဖြင့် မိမိတို့ တပ်ဖွဲ့ဝင်များ အတွက် ရိက္ခာပို့နေခြင်းကို လာရောက် နှောင်ယှက် ပစ်ခတ်မှုများရှိနေကြောင်း တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ဦးစီး ဗိုလ်မှူးကြီး မျိုးအောင် က ရှင်းပြသည်။
တပ်မဟာ ၅ မှာ လာက်ရောက် ပစ်ခတ်မှုကို လူပုဂ္ဂိုလ်လုံခြုံရေးအရ ကိုယ့်ကိုယ်ကိုကာကွယ်၍ ပြန်လည် ပစ်ခတ်မှုများရှိကြောင်း ကျွဲများသည် သွားလာ လှုပ်ရှားနေခြင်းကြောင့် KNU ထောင်ထားသည့် မိုင်းများနင်းမိ၍ ထိခိုက်ဒဏ်ရာ ရရှိမှုများလည်း ရှိ ကြောင်း ဧရာဝတီသို့ ပြောသည်။
ဗိုလ်မှူးကြီး မျိုးအောင် က “KNU ကနေ သူတို့ မိုင်းထောင်တာရှိတယ်၊ အဲမိုင်းတွေပေါ်မှာ ဒီကျွဲတွေက တက်နင်းမိပြီး မိုင်းတွေ ကွဲနေတာတွေလည်း အများကြီးရှိတယ်၊ ကျွဲလည်းနင်းတယ်၊ လူလည်း နင်းတယ်၊ သူတို့ ရဲဘော်တွေလည်း နင်းတယ်၊ သူတို့ ရွာသားတွေလည်း နင်းတာရှိတယ်၊ သူတို့ ဘက်ခြမ်းက ပြောတဲ့ကိစ္စကို ကျနော်ကတော့ ငြင်းဆိုပါ တယ်”ဟု ပြောသည်။
KNLA တပ်မဟာ ၅ လှုပ်ရှားနယ်မြေအတွင်း လမ်းအသုံးပြုမှုနှင့် ပတ်သက်ပြီး တပ်မတော်နှင့် KNLA တို့အကြား ယခုလ ၁၇ ရက်နေ့က စပြီးထိတွေ့ပစ်ခတ်မှုများ ရှိခဲ့ပြီး ခြုံခိုတိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး တပ်မတော်က ယင်းနေ့တွင်ပင် KNU ထံ စာပို့ထားကြောင်းသိရသည်။
ထိုဒေသရှိ ဘော်စဲခို-လယ်မူပလောလမ်းနှင့် ဘော်စဲခို-ယွန်းစလင်းလမ်းရှိ တပ်မတော်၏ ရှေ့တန်း တပ်စခန်းများသို့ တပ်မတော်ဘက်က ရိက္ခာပို့ပေးနိုင်ရေး လမ်းကြောင်းများ ပြန်လည် ပြင်ဆင်၍ အသုံးပြု လာခဲ့ရာမှ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
KNU သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) ကနေ ဖြေရှင်း၍ မရပဲ ဖြစ်နေ သကဲ့သို့ အထက်ပိုင်း တာဝန်ရှိသူများ ကြားမှာလည်း တရားဝင် တွေ့ဆုံနိုင်ရေး မလုပ်နိုင်ဘဲ ဖြစ်နေသည်။
KNU ကတော့ တပ်မတေ်ာက ဖွဲ့စည်းပေးထားသည့် ဆွေးနွေးရေးအဖွဲ့ဖြင့် တွေ့နိုင်ရေး ကြိုးပမ်းနေကြောင်း၊ ယခု ဖြစ်ပွား နေသော ပြဿနာများသည် NCA အပေါ်တွင် အယူအဆ မတူညီ ကြခြင်းကြောင့်ဖြစ်ရာ ထိုအခြေအနေအပေါ် ညှိနှိုင်း အဖြေရှာလိုကြောင်းနှင့် Bilateral သဘောတူညီချက်များကိုလည်း ဆွေးနွေးလိုကြောင်း ပဒိုစောတာဒိုမှူးက ပြောသည်။
ပဒိုစောတာဒိုမှူး က “၂၀၁၂ ကတည်းက ကျနော်တို့ရဲ့ ဒီလိုတပ်ပိုင်းဆိုင်ရာ ကိစ္စတွေက ပစ်ခတ်ရပ်စဲရေးစာချုပ်ဖြစ်တဲ့ အခါအား လျော်စွာ ကျနော်တို့ တပ်ပိုင်းဆိုင်ရာကိစ္စက ဆွေးကိုဆွေးနွေးရမယ် မဆွေးနွေးလို့မရဘူး၊ ဒါပေမယ့် အဲဒီ ဆွေးနွေးမှုတွေက အခုထက်ထိ မဖြစ်လာတဲ့ အခါကျတော့ ဒီလိုမျိုး နားလည်မှု လွဲမှားတဲ့ အပိုင်းတွေ ရှိတယ်”ဟု ပြောသည်။