ရှမ်းပြည်နယ်၊ အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်တွင် လူသိထင်ရှားသည့် သူဌေး ဦးအာဖာ (တပင်ရွှေထီး) မှာ ယနေ့မွန်းလွဲပိုင်းက ဆိုင်ကယ်စီး သေနတ်သမား ၂ ဦး၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ကြောင်း တာချီလိတ်မြို့နယ် ရဲစခန်းမှ စုံစမ်းသိရှိရသည်။
တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက် အာခါဈေးမီးပွိုင့်ထိပ်တွင် မီးနီမိ၍ ကားရပ်နေစဉ် ဆိုင်ကယ်စီး သေနတ်သမားနှစ်ဦးက ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ ရဲအုပ်ကိုကိုဦး က ဧရာဝတီသို့ ပြောသည်။
ရဲအုပ်ကိုကိုဦး က “သူကားနဲ့ မောင်းလာတာ မီးပွိုင့်မှာ မီးနီလို့ရပ်တဲ့ အချိန်မှာ ဆိုင်ကယ်နဲ့ လူနှစ်ယောက်က ပစ်သွားတယ် အကြမ်းဖျင်းက တရားခံလည်း စုံစမ်းဖမ်းဆီးနေတာပေါ့ ရှာဖွေနေတယ်။ လက်တလောတော့ အတိအကျပြောလို့မရသေးဘူး။ သက်သေတွေကို စခန်းမှာ စစ်ဆေးနေပါတယ်” ဆိုသည်။

တာချီလိတ်ဒေသခံတစ်ဦးဖြစ်သည့် ရွှေတြိဂံ သတင်းဌာန အယ်ဒီတာချုပ် ဦးထွန်းက “ သူ့အိမ်ကနေ သူထွက်လာတာ မြို့ထဲဝင်လာတာ သူ့အိမ်က ဖြစ်တဲ့ အခါဈေးမီးပွိုင့်ရဲ့ ဟိုဘက်နည်းနည်း အကျော်လေး မှာ ဆိုင်ကယ် ၂ စီး နဲ့ခွပစ်တာ ရှေ့ကတယောက်ပစ်တယ် ဘေးကတယောက်ပစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဦးအားဖာ (တပင်ရွှေထီး) သည် ဆီဆိုင်၊ ကျောက်ထုတ်လုပ်ငန်း၊ ရွှေနှင့် သတ္ထုလုပ်ငန်းအပြင် ထိုင်း-တရုတ် အပါအဝင် ဒေသတွင်း တိုင်းရင်းသား အဖွဲ့များနှင့် ချိတ်ဆက်လုပ်ကိုင်နေသည့် လုပ်ငန်းများရှိကြောင်း ထိုသို့ ဆက်နွယ်မှုများသဖြင့် ယခုဖြစ်စဉ်တွင် မည်သည့် အဖွဲ့က လုပ်သည်ဆိုသည်ကို သိရှိရန် ခန့်မှန်းရခက်ကြောင်း မြို့ခံ အချို့က ပြောသည်။
တာချီလိတ်မြို့ပြင်က လွယ်ယွန်းခမ်း စေတီတော်ကို ဆောက်လုပ်လှူဒါန်းခဲ့သူလည်းဖြစ်ပြီး မိုင်းဖုန်းဆရာတော်၏ တပည့် ဒကာရင်း တယောက်လည်း ဖြစ်သည်။ တာချီလိတ်မြို့ပေါ်ရှိ ၎င်း၏ နေအိမ်ခြံဝန်းအတွင်းတွင် မိုင်းဖုန်းဆရာတော် အတွက် သီးသန့် ကျောင်းဆောင် တခုပင် ဆောက်လုပ်ပေးထားသူဖြစ်သည်။
၎င်းကွယ်လွန်ချိန်တွင် မိခင်၊ ဇနီးနှင့် သား ၃ ယောက် ကျန်ရစ်ခဲ့သည်။