ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာ မြို့နယ် ကန်ဘက် နယ်မြေ ရဲစခန်းမှ အမှုစစ် ဒုရဲအုပ် အောင်နိုင်ဦးအား အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ယမန်နေ့တွင် အမှုဖွင့်ခဲ့သည့် အတွက် ရဲတပ်ဖွဲ့က ဖမ်းဆီး အရေးယူထား ကြောင်း သိရသည်။
ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှ ပြောရေး ဆိုခွင့် ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက“ဒုရဲအုပ် အောင်နိုင်ဦးဟာ ကျွဲဝယ်ယူတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ လာဘ်ငွေ စားတယ် ဆိုပြီး လယ်သမားတွေက အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို တိုင်ကြားခဲ့တာ ဖြစ်တယ်။ အဲဒီ ကိစ္စက စစ်ဆေးပေါ်ပေါက်လို့ သူ့ကို အဂတိ ကော်မရှင်က အမှုဖွင့်ခဲ့တဲ့ အတွက် အခု ကျနော်တို့ ဖမ်းဆီးထားပါတယ်”ဟု ဧရာဝတီကို ပြောသည်။
လယ်ယာမြေ ထွန်ယက် စိုက်ပျိုးရေးတွင် အသုံးပြုရန် အတွက် ကျွဲ ၅ ကောင်အား စာချုပ် စာတမ်းဖြင့် ဝယ်ယူခဲ့သော လယ်သမားများကို ဒုရဲအုပ် အောင်နိုင်ဦးက အမှုဆင် ဖမ်းဆီး တရားစွဲ၍ ငွေကြေး တောင်းခံခဲ့ကြောင်း၊ တရားရုံး သက် သေခံ ဖြစ်သော ကျွဲများကိုလည်း ရောင်းစားခဲ့ကြောင်း၊ ထို့အတွက် အရေးယူပေးရန် တရားစွဲခံ လယ်သမားများက နေပြည်တော်ရှိ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံးသို့ တိုင်ကြားခဲ့ကြောင်း သိရသည်။
“ညောင်ချောင်း ကျေးရွာအုပ်စုက လယ်သမား ၅ ယောက်က လယ်ထဲမှာသုံးဖို့ ကျွဲ ၅ ကောင်ကို စာချုပ်စာတမ်းနဲ့ ဝယ် လာတာကို ဒုရဲအုပ် အောင်နိုင်ဦးက တရားမဝင်ဘူးဆိုပြီး ဖမ်းတယ်။ ပြီးတော့ အမှုကိစ္စညှိဖို့ဆိုပြီး ငွေကျပ် ၅ သိန်း တောင်း တယ်။ ပြီးတော့ လူတွေကိုဖမ်းပြီးတော့ အာမခံရဖို့ဆိုပြီး ၅ ယောက်စာငွေ ၅ သိန်း ထပ်တောင်းတယ်။ တရား ရုံးတင်မယ့် ကျွဲတွေကိုလည်း ရောင်းစားပစ်တယ်။ ဒါကြောင့် လယ်သမားတွေက မခံနိုင်လွန်းလို့ တိုင်ခဲ့တာ”ဟု ကန်လက် ကျေးရွာ ဒေသခံ ဦးမောင်နိုင်က ပြောသည်။
ဖမ်းဆီး တရားစွဲဆို ခံရသော လယ်သမားများမှာ ကန်ဘက်တိုက်နယ် ညောင်ချောင်းအုပ်စု အတွင်းမှ လယ်သမား ၅ ဦး ဖြစ်ကြောင်း သိရသည်။
အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က လယ်သမားများ၏ တိုင်ကြားချက် အရ စုံစမ်း စစ်ဆေးရေး အဖွဲ့ဖြင့် စစ်ဆေးခဲ့သည်ဟု ဆိုသည်။
ဒုရဲအုပ် အောင်နိုင်ဦးသည် တရားစွဲခံလယ်သမား ၏ ဇနီးထံမှ အမှုကိစ္စ ညှိနှိုင်းရန် ငွေကျပ် ၅ သိန်းနှင့် တရားစွဲခံ လယ်သမားများ အာမခံ ရရှိရေး အတွက် ငွေကျပ် ၅ သိန်း တောင်းခံ ရယူခဲ့ခြင်းများ ပေါ်ပေါက်ခဲ့သည်ဟု အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် က ဇန်နဝါရီ ၂၉ ရက်တွင် သတင်း ထုတ်ပြန်ထားသည်။
စစ်ဆေးချက်များအရ ဒုရဲအုပ် အောင်နိုင်ဦးသည် ရာထူး တာဝန်ကို အလွဲသုံးစားပြု၍ အဂတိ လိုက်စားမှု ကျူးလွန်ခဲ့ ခြင်း ဖြစ်ကြောင်း စစ်ဆေး တွေ့ရှိ ရသဖြင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ အရ ကန်ဘက်နယ်မြေ ရဲစခန်းတွင် အမှုဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်းလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။
ပုဒ်မ ၅၆ အရ ပြစ်မှု ထင်ရှားပါက နိုင်ငံရေး ရာထူး လက်ရှိဖြစ်သူမှအပ အခြား လုပ်ပိုင်ခွင့်အာဏာ ရှိသူ မည်သူမဆို အဂတိ လိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို ၁၀ နှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
ဒုရဲမှူးကြီး ထွန်းရွှေက“ဒုရဲအုပ် အောင်နိုင်ဦးကို ကျနော်တို့ ရဲစည်းကမ်း အရလည်း ခုံရုံး ဖွဲ့ပြီး စစ်ဆေးသွားပါမယ်။ စစ် ဆေး ပေါ်ပေါက်ချက် အရ အပြစ်ရှိတယ် ဆိုရင် ရဲစည်းကမ်း အရ ထပ်မံ အရေးယူသွားမှာပါ” ဟု ပြောသည်။
အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သည် ပြီးခဲ့သည့် အောက်တိုဘာလ ၂၂ ရက်ကလည်း ဧရာဝတီတိုင်း ဒေသကြီး ရေကြည်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ အမှုဆောင် အရာရှိ လက်ထောက် ညွှန်ကြားရေးမှူး ဦးသိန်း လွင်၊ လက်ထောက် အင်ဂျင်နီယာ ဦးဝင်းကို၊ မြို့နယ် စည်ပင် ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဇင်မိုးနှင့် မြို့နယ် စည်ပင်ဌာန အမှုဆောင် အရာရှိဟောင်း ဒုတိယ ညွှန်ကြားရေးမှူး ဦးသက်နိုင်ဝင်း တို့ကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ဖြင့် အမှုဖွင့် အရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။