သတင်း

အခြေခံ ဥပဒေ ပြင်ရေး ကြိုးပမ်းသူ ဦးကိုနီ နိုင်ငံရေး အရ လုပ်ကြံခံခဲ့ရဟု NLD ပြော

Want create site? Find Free WordPress Themes and plugins.

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်၊ ပယ်ဖျက်ရေး အတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့သည့် ဦးကိုနီသည် နိုင်ငံရေး အရ လုပ်ကြံခံရခြင်း ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟို ပြန်ကြားရေး အဖွဲ့မှ မုံရွာ အောင်ရှင်က ပြောဆို လိုက်သည်။

ယနေ့ မွန်းလွဲပိုင်းက တော်ဝင် နှင်းဆီခန်းမ၌ ဦးကိုနီ လုပ်ကြံခံရမှု ၂ နှစ် ပြည့် အခမ်းအနားတွင် ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်ပြီး ဦးကိုနီ လျှောက်ခဲ့သည့် တရား ဥပဒေ စိုးမိုးရေး၊ လူသားရဲ့ ဂုဏ်သိက္ခာ ရရှိရေး၊ ဒီမိုကရေစီ ရရှိရေး လမ်းကြောင်း များ ဆက်လက် လျှောက်လှမ်းရမည် ဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။

မုံရွာ အောင်ရှင်က“NLD က ဦးတည်နေတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို ဖျက်လိုဖျက်ဆီး လုပ်နေတဲ့ ပုဂ္ဂိုလ် တွေကို အံတုနေသူ တယောက် ဆုံးရှုံးရခြင်း ဖြစ်ပါတယ်။ ဦးကိုနီကို လုပ်ကြံတာဟာ NLD ရဲ့ နိုင်ငံရေး လမ်းကြောင်းကို ပျက်ပြားအောင် လုပ်ကြံတာပါပဲ”ဟု ပြောသည်။

တရား လွှတ်တော် ရှေ့နေ တဦး ဖြစ်သည့် ဦးကိုနီသည် ဒေါ်အောင်ဆန်းစုကြည် အတွက် နိုင်ငံတော် အတိုင်ပင်ခံ ရာထူး နေရာကို ပုံဖော် ဖန်းတီးပေးခဲ့သူ ဖြစ်သကဲ့သို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနအား အရပ်ဘက် ပြောင်းရွေ့ရေးနှင့် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အကြံပြုချက်များအား ထောက်ပြခဲ့သူ ဖြစ်ကြောင်း အခမ်းအနားတွင် အမှတ်တရ စကား ပြောသူများက ပြောဆိုကြသည်။

NLD ပါတီ အနေဖြင့်လည်း ဦးကိုနီ လုပ်ကြံခံရမှု ၂ နှစ်ပြည့်နှင့် တိုက်ဆိုင်စွာ ယနေ့ ကျင်းပသည့် ပြည်ထောင်စု လွှတ် တော် အစည်းအဝေးတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကော်မတီ တရပ် ဖွဲ့စည်းရေး အရေးကြီး အဆို တရပ် တင်သွင်းခဲ့ သည်။

အဆိုနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော် ဥပဒေနှင့် ကိုက်ညီမှု မရှိဘဲ ဥပဒေအား လက်တလုံးခြား လုပ်သည် ဟု ဆိုကာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက မတ်တက်ရပ် ကန့်ကွက်ခဲ့သော်လည်း အဆိုကို ဆက်လက် ဆွေးနွေးရန် မဲခွဲ အတည်ပြု လိုက်သည်။

လုပ်ကြံခံရမှု ၂ နှစ်ပြည့်သည့် အချိန်တွင် အမှုနှင့် ဆက်စပ် ဖမ်းဆီးထားသည့် ကြည်လင်း၊ ဇေယျာဖြိုး၊ အောင်ဝင်းဇော်နှင့် အာမခံ ပေးထားသည့် အောင်ဝင်းထွန်းတို့ အပေါ် အမှု စစ်ဆေးခြင်း လုပ်ငန်းများ ပြီးပြတ်ခဲ့ပြီ ဖြစ်ပြီး လာမည့် ဖေဖော်ဝါရီ ၁ ရက် ရုံးချိန်းတွင် အပြီးသတ် လျှောက်လဲချက် ပေးကြမည် ဖြစ်သည်။

လုပ်ကြံမှုတွင် နောက်ကွယ်မှ စေခိုင်းသူ အဖြစ် ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ဖော် ပြောထားသည့် တပ်မတော်မှ အရာ ရှိဟောင်း အောင်ဝင်းခိုင်အား ယနေ့ထိ ဖမ်းဆီးရမိခြင်း မရှိသေးပေ။

အမှုအား ၁၀၁ ကြိမ်မြောက် အဖြစ် ရုံးထုတ်ကာ တရားလိုပြ သက်သေ ၇၂ ဦး၊ စွပ်စွဲခံရသူ/တရားခံပြ သက်သေ ၄၀ စစ် ဆေးခဲ့ပြီး မကြာမီ အပြီးသတ် အမိန့် ချမှတ်နိုင်တော့မည် ဖြစ်ကြောင်း အမှုမှ တရားလို ရှေ့နေ ဦးနေလ က ပြောသည်။

ဦးကိုနီ၏ သမီးကြီး ဖြစ်သူ ဒေါက်တာ ရင်နွယ်ခိုင်က“၂ နှစ်ဆိုတဲ့ အချိန် အတိုင်းအတာဟာ အမှုတခု အတွက် လုံလောက် ပြီလို့ ပြောတာထက် ပိုပါတယ်။ သူတန်ဖိုးထားပြီး လေးစားတဲ့ တရားရေး မဏ္ဍိုင်ဟာ သူ့အတွက်တော့ အမှန်တရား တခု ကို သယ်ဆောင် ပေးနိုင်ပါစေ လို့ ကျမ တထိတ်ထိတ်နဲ့ ဆုတောင်းနေပါတယ်။ တရားရေး မဏ္ဍိုင်က အမှန်ကန်ဆုံး အဖြေ တခု ကို ရချင်ပါတယ်”ဟု ပြောဆိုသည်။

တရား လွှတ်တော် ရှေ့နေ ဦးကိုနီသည်၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်ရှေ့တွင် သေနတ်သမား ကြည်လင်း၏ အနီးကပ် ပစ်ခတ် လုပ်ကြံခံခဲ့ရခြင်း ဖြစ်သည်။

လုပ်ကြံမှုနှင့် ပတ်သက်ပြီး ကြည်လင်းအား ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂(၁)(ခ)/၃၄၊ လက်နက် ဥပဒေ ပုဒ်မ ၁၉ (က)၊ ၁၉ (စ) တို့ဖြင့် စွဲချက်တင်ထားသည့် အပြင် လေဆိပ် အငှားယာဉ်မောင်း ဦးနေဝင်းအား သေဆုံးစေခဲ့သည့် အတွက် လည်း လူသတ်မှု ပုဒ်မ ၃၀၂(၂)ဖြင့် စွဲချက် တင်ထားသည်။

အမှုတွင် ပူးပေါင်း ကြံစည်မှုဖြင့် စွပ်စွဲ ဖမ်းဆီးထားသူ အောင်ဝင်းဇော်အား ပုဒ်မ ၃၀၂(၁)(ခ)/၃၄ နှင့် လည်းကောင်း၊ ဇေယျာဖြိုးအား ပုဒ်မ ၃၀၂(၁)(ခ)/၁၀၉ နှင့် လည်းကောင်း စွဲချက် တင်ထားပြီး အောင်ဝင်းထွန်းကို တရားခံအား လက်ခံမှု ပုဒ်မ ၂၁၂ ဖြင့် စွဲချက် တင်ကာ အာမခံပေး ထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading