သတင်း

သမီးလှရွာ ဖြစ်စဉ် စုံစမ်းဖော်ထုတ်ပေးရန် တောင်းဆိုမည်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် သမီးလှရွာသစ် တိုက်ခိုက်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး အမှန်တရားပေါ်ပေါက်ရန်အတွက် အထက်ဌာနများထံ စုံဖမ်းဖော်ထုတ်ပေးရန် တောင်းဆိုသွားမည် ဖြစ်ကြောင်း ယင်းမဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။

အဆိုပါ ဖြစ်စဉ်တွင်  အသက် ၇ နှစ်အရွယ် ကလေးတဦး သေဆုံခဲ့ပြီး တပ်မတော်က ရွာထဲ ဝင်ရောက်ကာ ရွာသားများ ပိုင်ဆိုင်သည့် ရွှေ ၊ ငွေ နှင့် ပစ္စည်းများကိုလည်း ယူဆောင်သွားခဲ့ကြောင်း ယင်းဖြစ်စဉ်အား အမှန်တရား ပေါက်စေရန် အထက်ဌာနများသို့ တောင်းဆိုသွားမည်ဟု ဆိုကြသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ က “တိုက်ပွဲဆိုတာတွေက တနေရာနဲ့တနေရာ ဖြစ်ကြတာရှိတယ်။ တိုက်ပွဲဖြစ်တာ ဆိုတာက သူတို့ လိုချင်တာကို  မရမချင်း တိုက်နေကြာတာ ဆိုပေမယ့်လည်း ဒီလို အပြစ်မဲ့ ပြည်သူတွေကို မတရား အနိုင်ကျင့်မှုကို ပြည်သူ့ ကိုယ်စားလှယ် တယောက်အနေနဲ့ လုံးဝ လက်မခံနိုင်ဘူး။ ပြည်သူတွေ ကလည်း ကျမတို့ကို တင်ပြ ပြောဆိုလာတဲ့အတွက်  ဒီဖြစ်စဉ်အပေါ် တာဝန်ရှိသူတွေကို စာတင်ပြီးတော့ စုံစမ်းစစ်ဆေး ပေးဖို့  တောင်းဆိုသွားမယ်” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိအချိန်တွင် တိုက်ပွဲ၏ ဘေးထွက်ဆိုးကျိုး အဖြစ် အပြစ်မဲ့ပြည်သူများ ထိခိုက်မှုများ ရှိလာသလို  မတရားအသင်း ဥပဒေ များဖြင့်လည်း ဖမ်းဆီးတရားစွဲခံနေရသူများလည်း ရှိလာနေသဖြင့် တိုက်ပွဲများကို ရပ်ပြီး နှစ်ဘက် ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြင့် အဖြေရှာသင့်ကြောင်း ဒေါ်ခင်စောက ထောက်ပြသည်။

ယင်းအပြင် ရသေ့တောင်မဲဆန္ဒနယ်မှ ပြည်နယ်လွှွတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင် ကလည်း သမီးလှရွာသစ် ဖြစ်စဉ်နှင့် ပတ်သက်ပြီး လာမည့် ရခိုင်ပြည်နယ်လွှတ်တော်တွင် မေးခွန်းများ မေးမြန်းသွားမည် ဟုပြောသည်။

ဦးဦးသန်းနိုင် က “လာမယ့် ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ လွှတ်တော်တော့ ခေါ်ထားတယ်။ အဲဒီမှာ  ကျနော်ကတော့  အပစ်အခတ် ရပ်စဲဖို့ အဆိုတခုလည်း တင်ထားတယ်။ အဲဒီမှာ ဒီအကြောင်းတွေကို တင်ပြ ဆွေးနွေးသွားမယ်” ဟု  ဧရာဝတီသို့ ပြောသည်။

ဇန်နဝါရီလ ၂၆ ရက်နေ့က ဖြစ်ပွားနေသော သမီးလှရွာပစ် ပစ်ခတ်မှု ဖြစ်စဉ်တွင် တပ်မတော်စစ်ကြောင်း ၎င်းကျေးရွာအနီး မိုင်းကွဲ တိုက်ခိုက်ခံခဲ့ရာ ဒေသခံ ရွာသားများ ပါဝင်သည်ဟု ဆိုကာ မသင်္ကာမှုဖြင့် ကျေးရွာအတွင်သို့ လက်နက်ကြီး ၊ လက်နက်ငယ် များဖြင့် ပစ်ခတ်ကာ နေအိမ်များကို ဝင်မွှေသွားခြင်း ဖြစ်သည်ဟုဆိုသည်။

သို့သော်လည်း ထိုရွာသားများ၏ ပြောကြားချက်ပေါ် တပ်မတော်ဘက်က ငြင်းဆိုထားပြီး လုပ်ထုံး ၊ လုပ်နည်းများနှင့် အညီ ရန်သူများကို ဝင်ရောက် ရှာဖွေခြင်း ဖြစ်ကြောင်း မီဒီယာများသို့ ဖြေကြားထားသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့ ညနေ ၅ နာရီကျော်က  အဆိုပါ ကလေးအား လူနာတင်ကား ဖြင့် စစ်တွေမှနေ ရန်ကုန်သို့ ပို့ဆောင်ခဲ့ရာ ကျောက်တော်မြို့အနီးသို့ အရောက်တွင် ကားပေါ် ၌ သေဆုံးသွားခဲ့သည့်အတွက် စစ်တွေမြို့ သို့ ပြန်လည် သယ်ဆောင်ယူရာခဲ့ပြီး ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ထားခဲ့သည်။

ယနေ့ မွန်းလွဲပိုင်းတွင် အဆိုပါ မောင်နိုင်စိုး၏ ရုပ်အလောင်းအား စစ်တွေဆေးရုံ ရင်ခွဲရုံမှနေ မိသားစုဝင်များ ရှိသည့် ၎င်းအား မွေးဖွာရာ သမီးလှရွာသစ် သို့ သယ်ယူလျှက် ရှိပြီး မနက်ဖြန် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် သဂြိုဟ်မည် ဖြစ်ကြောင်း သိရသည်။

ယင်း ပစ်ခတ်ခံမှုဖြစ်စဉ်ကြောင့် လက်နက်ကြီးအစမှန်၍ ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့သော မောင်နိုင်စိုးမှာ  စစ်တွေဆေးရုံမှ ရန်ကုန်သို့ ပို့ဆောင်စဉ်  လမ်းတွင်သေဆုံး သွားခဲ့ကြောင်း မိသား စုဝင်များ က ပြောသည်။

Loading