အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး နှင့် ပတ်သက်သည့် လုပ်ထုံး လုပ် နည်း လွဲမှားနေသည်ဟု တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်က ယနေ့ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် မီဒီယာများကို ပြောကြားသည်။
ဗိုလ်မှူးချုပ် မောင်မောင်က“အခု ကျနော်တို့ ကန့်ကွက် နေတာက အဆိုကို ကန့်ကွက်နေတာ မဟုတ်ဘူး။ လုပ်ထုံး လုပ် နည်းနဲ့ မညီဘဲနဲ့ သူ့ရဲ့ ဥပဒေ မူကြမ်း အဖြစ် တင်ရမယ့် ကိစ္စကို မတင်ဘဲ ကော်မတီဖွဲ့လို့ လုပ်ထုံးလုပ်နည်း လွဲနေတာကို ပြောတာ ဖြစ်ပါတယ်။ တပ်မတော် အနေနဲ့ ဖွဲ့စည်း ပုံပြင်ဆင်ရေးကို ကန့်ကွက်ဖို့ မရှိပါဘူး။ ကျနော်တို့လည်း ပြင်ဆင်ဖို့ လက်ခံပါတယ်။ လုပ်ထုံးလုပ်နည်းနဲ့ အညီ လုပ်ဖို့ တင်ပြတာ တောင်းဆိုတာ ဖြစ်ပါတယ်”ဟု ပြောသည်။
ယနေ့ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်း ကော်မ တီ တရပ်ကို ဖွဲ့စည်းရန် အရေးကြီး အဆို လွှတ်တော် အစည်းအဝေး အစီအစဉ်တွင် ပါဝင်ခြင်း မရှိသော်လည်း ကြားဖြတ် အနေဖြင့် အရေးကြီး အဆိုကို NLD ပါတီ ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က တင်သွင်းခဲ့ခြင်း ဖြစ်သည်။
ဦးအောင်ကြည်ညွန့်က ယခု တင်ပြသည့် အဆိုမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း ၁၂ ပုဒ်မ ၄၃၃ ၊ ၄၃၄ ၊ ၄၃၅ တို့တွင် ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်း မရှိကြောင်း၊ ယခု လွှတ်တော်သို့ တင်ပြချက်မှာ ဖွဲ့စည်းပုံ ဥပဒေ ပြင် ဆင်ရေး အတွက် မူကြမ်းကို တင်ပြနေခြင်း မဟုတ်ကြောင်း အဆို တင်စဉ် ပြောကြားသည်။
ထို့ပြင် ၎င်းက ဆက်လက်၍ ဖွဲ့စည်းပုံ ဥပဒေ ပြင်ဆင်ရေး အကောင်အထည် ဖော်ရန် အတွက် စနစ်တကျ တည်ဆောက် ရန် လိုအပ်သည့် အတွက် နည်းဥပဒေ ၆၆ အရ တင်ပြခြင်း ဖြစ်ကြောင်းလည်း ပြောဆိုသည်။
ဦးအောင်ကြည်ညွှန့်က“မြန်မာနိုင်ငံ တဝန်းလုံးမှာ ရှိတဲ့ ပြည်သူ လူထုရဲ့ဆန္ဒ သဘောထားနဲ့ အညီ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြန်လည် လေ့လာ စိစစ် သုံးသပ်ပြီးတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီ တရပ်ကို သင့်လျော်တဲ့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းပြီးတော့ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် ရေး လုပ်ငန်းများကို ဆောလျင်စွာ ဆောင်ရွက်နိုင်ပါရန် အရေးကြီး အဆိုကို ပြည်ထောင်စု လွှတ်တော်ကို လေးနက်စွာ တင်သွင်း အပ်ပါတယ်”ဟု လွှတ်တော်သို့ တင်သွင်းခဲ့သည်။
ယခု အချိန်တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်သင့်သည့် အချိန် ဖြစ်ကာ ဖွဲ့စည်းပုံကို ပြင်မည်ဆိုပါက လုပ်ထုံး လုပ် နည်းများ အရ လွှတ်တော် ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်း လက်မှတ်ထိုး တင်ပြရမည် ဖြစ်ကြောင်း၊ ယခုကဲ့သို့ ကော်မတီ ဖွဲ့မည် ဆိုပါက မည်သည့် အကြောင်းအရာများကို ပြင်ဆင်မည်ကို မိမိတို့ အနေဖြင့် မသိရှိရသဖြင့် ဥပဒေ မူကြမ်း အဖြစ် တင်သွင်းပြီးမှသာ ဆက်လက် ဆောင်ရွက်သင့်ကြောင်း ဗိုလ်မှူးချုပ် မောင်မောင်က ပြောဆိုသည်။
ဗိုလ်မှူးချုပ် မောင်မောင်က“အခုက ကော်မတီ ဖွဲ့လိုက်တယ် ဆိုတော့ ဘယ်ဟာတွေကို ပြင်မှာလဲ။ ဘာတွေကို ပြင်ဖို့ အတွက် တင်သွင်းမှာလဲ ဆိုတဲ့ အကြောင်း အရာကို ကျနော်တို့ ဘာမှ မသိရပါဘူး။ ပြင်မယ့်ဟာကို ဥပဒေ မူကြမ်း အဖြစ်နဲ့ တင်သွင်းပြီးမှ သာလျှင် ဒါကို ဆက်စပ် လေ့လာပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
ရန်ကုန်တိုင်း ဒေသကြီး သာကေတ မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဝေဖြိုးအောင်က ဦးအောင်ကြည်ညွှန့် တင်သွင်းသည့် အဆိုကို ထောက်ခံခဲ့သည်။
ဒေါက်တာ ဝေဖြိုးအောင်က“မြန်မာနိုင်ငံမှာ လက်ရှိ ကျင့်သုံးနေတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ အချိန်ကာလ အားဖြင့် ၁၀ နှစ်ကျော်လာ ပြီ ဖြစ်ပါတယ်။ ဆယ်စုနှစ် တခုကျော် ကြာမြင့်လာတဲ့ အခါမှာ ခေတ်ကာလနဲ့ အခြေအနေတွေ အလိုက် လိုအပ်တဲ့ ပြုပြင် ပြောင်းလဲမှုတွေကို ဆောင်ရွက်ရတော့မှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် ကာလက အနေ အထားနဲ့ အခင်းအကျင်းတွေ ပေါ်မှာ အခြေခံထားတဲ့ မူတွေဟာ လက်ရှိ အခြေအနေမှာ ကျင့်သုံးဖို့ သင့်လျော်မှု မရှိတော့ ကြောင်း တွေ့ရှိရမှာ ဖြစ်ပါတယ်”ဟု ဆိုသည်။
ယင်းအဆိုကို အတည်ပြုရန် အတွက် ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ်က လွှတ်တော် အတွင်း စက်ခလုပ် နှိပ်၍ မဲခွဲ ဆုံးဖြတ်ခဲ့သော်လည်း တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့က မဲပေးခြင်း မပြုသကဲ့သို့ မဲခွဲ ဆုံးဖြတ်မှု မပြု လုပ်မီလည်း အစည်းအဝေး အတွင်းရှိ တပ်မတော်သား ကိုယ်စားလှယ် အားလုံးက မတ်တတ်ရပ် ကန့်ကွက်ခဲ့ကြသည်။
ဗိုလ်မှူးချုပ် မောင်မောင်က“ပြောရဲ့သားနဲ့ ဆက်လုပ်လို့ ကျနော်တို့က လုံးဝ သဘောမတူလို့ မတ်တတ်ရပ် ကန့်ကွက်တာ ဖြစ်ပါတယ်။ နာယကမှာက လွှတ်တော် စည်းကမ်း သေဝပ်ဖု့ိ ထိန်းသိမ်းဖို့ တာဝန်ရှိပါတယ်။ နာယကက ထိန်းသိမ်းလို့ ပြန် ထိုင်တာပါ။ ကျနော်တို့က လွှတ်တော် ကိုယ်စားလှယ် ဖြစ်နေတာကိုး။ ကျနော်တို့က ဒီအဆိုနဲ့ ပတ်သက်ပြီးတော့ သဘော မတူဘူး”ဟု ပြောသည်။
ဆက်လက်၍ မိမိတို့ အစုအဖွဲ့ အနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို ကန့်ကွက်ခြင်း မဟုတ်ဘဲ ဥပဒေပြုရေး မဏ္ဍိုင်တွင် တာဝန် ထမ်းဆောင်နေကြသော ဥပဒေပြု လွှတ်တော် ကိုယ်စားလှယ်များက ဥပဒေနှင့် မညီညွတ်သည့် ကိစ္စ ဆောင်ရွက်ခြင်းကိုသာ ကန့်ကွက်ကြခြင်း ဖြစ်သည်ဟု ဆိုသည်။
လွှတ်တော် အစည်းအဝေး ခန်းထဲတွင် မတ်တတ်ရပ်၍ ကန့်ကွက်နေသည့် တပ်မတော်သား ကိုယ်စားလှယ်များကို လွှတ် တော် စည်းကမ်း ထိန်သိမ်းရေး အတွက် ပြန်ထိုင်ကြရန် ပြည်ထောင်စု လွှတ်တော် နာယက က တောင်းပန်ခဲ့သည်။
ယင်းအဆိုမှာ ပြီးခဲ့သည့် လွှတ်တော် သက်တမ်းတွင်လည်း အလားတူ ပုံစံမျိုးနှင့် ကော်မတီ ဖွဲ့စည်းပြီး လုပ်ငန်း ဆောင် ရွက်ခဲ့သည့် အတွက် ဥပဒေနှင့် ညီညွတ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွ့ဲချုပ် ပါတီမှ ဒေါက်တာ မြတ်ဉာဏစိုးက လွှတ်တော်တွင် ပြောကြားသွားသည်။
ထို့နောက် ပြည်ထောင်စု လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ မဲပေးခွင့်ရှိသူပေါင်း ၆၀၁ ဦးမှာ ထောက်ခံမဲ ၃၉၄၊ ကန့်ကွက်မဲ ၁၇ ၊ ကြား နေမဲ ၃ မဲ၊ ဆန္ဒမဲ အရေအတွက် စုစုပေါင်း ၄၁၄ မဲ ပေးခဲ့ပြီး၊ မဲမပေးသည့် အရေအတွက် မှာ ၁၈၇ ဦး ဖြစ်သည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) မှ ပြောရေးဆိုခွင့် ရှိသူ ဦးသိန်းထွန်းဦး က“ဥပဒေ အငြင်းပွားမှုလို့ပဲ မြင်ပါတယ်။ အဲဒီတော့ တပ်ကလည်း ဥပဒေ အတိုင်း ဖြစ်စေချင်တယ်။ ကိုယ်စားလှယ်ဘက် ကလည်း ဒါသည် ဥပဒေနဲ့ ညီပါတယ် ဆိုတဲ့ အငြင်းပွားမှု ဖြစ်တာပေါ့နော်”ဟု ဧရာဝတီကို ပြောသည်။
၎င်းက ဆက်လက်၍ “ဒီလို လွှတ်တော်ထဲမှာ စတင်ပြီးတော့ ဒီလိုမျိုး ဆောင်ရွက်တော့မယ် ဆိုရင် လွှတ်တော် ပြင်ပမှာ အရင်ဆုံး အကျေအလည် ဥပဒေကြောင်း အရ ဆွေးနွေးမှု လုပ်လိုက်မယ် ဆိုရင် ဒီလိုမျိုး မဖြစ်ဘူးလို့ မြင်တယ်။ နှစ်ဘက် စလုံး ညှိနှိုင်းဖို့ လိုတယ်”ဟု ပြောဆိုသည်။
USDP ပါတီ အနေနှင့်လည်း ပထမ အကြိမ် လွှတ်တော် သက်တမ်းတွင် ဖွဲ့စည်းပုံပြင်ဆင်ရေး ဆောင်ရွက်ခဲ့ကြောင်း၊ ဖွဲ့စည်းပုံ ပြင်ဆင်ရာတွင် ပြည်ထောင်စု လွှတ်တော် နည်းဥပဒေ သတ်မှတ်ချက်များနှင့် အညီ ပြင်ရမည် ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်လည်း သတ်မှတ်ထားသော ပုဒ်မများ ရှိကြောင်း၊ ပြည်ထောင်စု မပြိုကွဲရေး၊ အချုပ် အခြာ အာဏာ တည်တံ့ခိုင်မြဲရေး၊ တိုင်းရင်သား စည်းရုံးညီညွတ်မှု မပြိုကွဲရေး ဟူသည့် တို့တာဝန် အရေးသုံးပါး မထိပါးသော မည်သည့် ကိစ္စကိုမဆို သဘောတူ လက်ခံသွားမည် ဖြစ်ကြောင်း ဦးသိန်းထွန်းဦးက ပြောပြသည်။
“ကျနော်တို့ကလည်း ဒီအပေါ်မှာပဲ ဆက်လက်ရပ်တည်မှာပါ။ ပြင်မဲ့ကိစ္စကို မငြင်းဘူး။ သို့သော် ပြင်မဲ့ဟာမှာ ဥပဒေနဲ့ အညီ ဥပဒေရဲ့ ပေးထားတဲ့ Process (လုပ်ငန်းစဉ်) နဲ့အညီ ပြင်ဖို့ဟာအတွက် ကျနော်တို့က ရပ်တည်ဆောင်ရွက်တာပါ”ဟု လည်း ၎င်းက ပြောသည်။
အဆိုပါ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်သော ဦးအောင်ကြည်ညွန့် တင်သွင်းခဲ့သည့် အဆိုကို ထောက်ခံသူ သုံးပုံတပုံ ရှိသည့်အတွက် လက်ခံ ဆွေးနွေးရန် လွှတ်တော်က သဘောတူ အတည်ပြုကြောင်း ဦးတီခွန်မြတ်က ကြေညာသည်။
ယင်း အဆိုနှင့် ပတ်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များက ဇန်နဝါရီ ၃၁ ရက်တွင် ညနေ ၄ နာရီ နောက်ဆုံးထား၍ ပြည်ထောင်စု လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံသို့ အမည်စာရင်း တင်သွင်းရမည် ဖြစ်သည်။