သတင်း

ဖွဲ့စည်းပုံ ပြင်ဆင်ရေး တပ်မတော်ပါ ထောက်ခံမှ ပြင်လို့ရမည်

Want create site? Find Free WordPress Themes and plugins.

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို လွှတ်တော်တွင်း လမ်းကြောင်းမှ အာဏာရ ပါတီ စတင် ကြိုးပမ်း လာပြီ ဖြစ်သော်လည်း အမှန်တကယ် ပြင်ဆင်နိုင်ရေးအတွက် တပ်မတော်ထောက်ခံမှု ရရှိရန် လိုအပ်ကြောင်း တပ် မတော်သား ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင် က ပြောသည်။

ဗိုလ်မှူးချုပ် မောင်မောင် က “တပ်မတော် မပါရင် ပြင်လို့ မရဘူး ဆိုတာက သာမန်ပြောတာ။ ကျနော်တို့က ၇၅ ရာခိုင် နှုန်းကျော် သဘောတူရင် ပြင်လို့ ရတဲ့ ပုဒ်မတွေ ရှိတယ်။ အဲဒါ လုပ်ထုံးလုပ်နည်း အဆင့်တော့ နည်းနည်းများတာ ပေါ့။ ဒါပေမယ့်လည်း ဒီ ၇၅ ရာခိုင်နှုန်းကျော်ဆိုတာ ကျနော်တို့ တပ်မတော်ရော အားလုံးရော ဝိုင်းပြီးတော့ သဘော တူ ထောက်ခံတယ်ဆို ပြင်လို့ ရတာပါပဲ” ဟု ပြောဆိုသည်။

ယနေ့ နေပြည်တော် ပြည်သူ့ လွှတ်တော် အစည်းအဝေး မစတင်မီ သတင်းထောက်များ၏ မေးမြန်းမှုကို လွှတ်တော် တွင် တပ်မတော်သား အဖွဲ့ ခေါင်းဆောင်က အထက်ပါ အတိုင်း ဖြေဆိုလိုက်ခြင်း ဖြစ်သည်။

ဆက်လက်၍ ဗိုလ်မှူးချုပ် မောင်မောင် က “လိုအပ်တဲ့ ဟာကို ပြင်လို့ ရမှာပါ။ ဒါကို ရေရှည်ကြည့်ဖို့ လိုပါတယ်။ ဒီလို မဟုတ်ဘဲနဲ့ အခု လောလောဆယ်ပဲ လိုချင်တာကို လက်ပူတိုက် လုပ်လို့ ဟိုဟာ ပြင်မယ်၊ ဒီဟာပြင်မယ် ဒါမျိုးတွေ ရှေရှည် စဉ်းစားပြီးမှ ဘာတွေတော့ ဘယ်လိုပြင်မယ် ဆိုတာ အားလုံး သဘောတူရင် ပြင်လို့ ရပါတယ်” ဟု ပြော ကြားသည်။

ဇန်နဝါရီ ၂၉ ရက်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် NLD ပါတီမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လုပ်ငန်းများ ဆောလျင်စွာ ဆောင်ရွက်နိုင်ရေး ပူးပေါင်း ကော်မ တီ ဖွဲ့စည်းရေး လွှတ်တော်သို့ တိုက်တွန်းကြောင်း အဆိုကို လုပ်ထုံးလုပ်နည်း လွဲမှားသည်ဟု ဆိုကာ တပ်မတော် က အပြင်းအထန် ကန့်ကွက်ခဲ့ကြသည်။

အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီသည် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ငြိမ်းချမ်းရေး လမ်း ကြောင်းမှ တဆင့် ပြင်ဆင်နိုင်ရန် ကြိုးစားခဲ့သော်လည်း လက်ရှိတွင် တစ်ဆို့မှု ကြုံနေရ သဖြင့် ယခုလို လွှတ်တော် တွင်း လမ်းကြောင်းမှ ပြန်လည် ကြိုးစားရခြင်း ဖြစ်ကြောင်း ရန်ကင်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်က ဆိုသည်။

ဒေါ်ဇင်မာအောင် က “ငြိမ်းချမ်းရေး လမ်းကြောင်းကို စောင့်နေရင် ဒီသက်တမ်းတောင် ကုန်သွားဦးမယ်။ ဒါကြောင့် ဒီဘက်က ပြန်ကြိုးစား ရတာ”ဟု ဧရာဝတီသို့ ပြောသည်။

NLD ပါတီမှ တွံတေးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်ကလည်း “ဒီကိစ္စက ပါတီက ပြည်သူကို ပေးထားတဲ့ ရွေးကောက်ပွဲ ကတိကဝတ်လေ။ မလုပ်လို့ မရဘူး။ ပြည်သူ လူထုရဲ့ ဆန္ဒကိုလည်း ကျနော်တို့က လျစ် လျူရှုလို့ မရဘူး” ဟု ပြောဆိုသည်။

ရခိုင် အမျိုးသား ပါတီမှ အတွင်းရေးမှူး ဦးဦး လှစော ကမူ ယခု ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အခင်းအကျင်းသည် လွှတ်တော်၌ သဘောထား ကွဲလွဲမှုများ အရ စစ်ဘက် အရပ်ဘက် ဆက်ဆံရေး ကောင်းမွန်မှု မရှိသည်ကို တွေ့ရ ကြောင်း၊ ဒီမိုကရေစီ စနစ်တွင် တိုင်းပြည်ခေါင်းဆောင် အချင်းချင်း တွေ့ဆုံ ညှိနှိုင်း၍ရကြောင်း မနေ့က လွှတ်တော် အပြီး သတင်းထောက်များကို ပြောသည်။

ဦးဦးလှစော က “ဖွဲ့စည်းပုံက ပြင်သင့်တယ်။ သေးသေးလေးတွေ ပြင်သင့်တာ အများကြီးပဲ။ မပြင်လို့လည်း ရခိုင် ပြဿနာက ကြီးလာတာ။ လက်တွေ့ ပြင်လို့ ရတာက ဖက်ဒရယ် Concept (အတွေးအခေါ်) တွေပါတဲ့ ဘတ်ဂျက်တွေ ပြည်နယ်တွေကို ချပေး။ ဒါ လုပ်လို့ ရတာပဲ” ဟု ဆိုသည်။

လက်ရှိ ပြည်ထောင်စု လွှတ်တော်တွင် အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်မှ ကိုယ်စားလှယ် ၅၉  ရာခိုင်နှုန်း၊ တိုင်းရင်းသား ပါတီ အသီးသီးမှ ကိုယ်စားလှယ် ၁၁ ရာခိုင်နှုန်း၊ ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ် ၅ ရာခိုင်နှုန်းနှင့် တပ်မတော်မှ ၂၅ ရာခိုင်နှုန်းရှိကြောင်း၊ စုစုပေါင်း ကိုယ်စားလှယ် အရေအတွက် ၆၅၇ ဦးရှိကြောင်း ပွင့်လင်း ရှေ့ဆောင် မြန်မာ ထံမှ သိရသည်။

တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦး က “NLD ကပြောတာကို ကြံ့ခိုင်ရေးက လက်မခံဘူး၊ နောက် သူတို့ရဲ့ လက်ကိုင်တုတ် ပါတီ တွေပါခဲ့ရင် လက်ခံမှာ မဟုတ်ဘူး၊ အကုန်လက်ခံတယ်ဆိုရင်တောင်မှ တပ်မတော်သား အစုအဖွဲ့ထဲက သူရဲကောင်းတယောက် အဲလူက ပြင်ဖို့ မဲပေးမှ ဆက်သွားနိုင်မယ့် အနေအထား ဖြစ်တယ်။ ဒါကြောင့်မလို့ လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်မယ်ဆိုတာ ဘာမှ မစဉ်းစားပါနဲ့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး၊ တပ်မတော်နဲ့ ညှိနှိုင်းသဘောတူညီချက်အရ လုပ်တာမဟုတ်ရင် ဘယ်နည်းနဲ့မှ မအောင်မြင်နိုင်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို တပ်မတော်က သဘောမတူဘဲ ပြင်နိုင်မည် မဟုတ်သဖြင့် မနေ့က လွှတ်တော် တွင်း အာဏာရ ပါတီ၏ လုပ်ရပ်သည် လူထု စိတ်ဝင်စားရုံ လုပ်သည့် လုပ်ရပ်တခု ဟုသာ မြင်ကြောင်း၊ လက်တွေ့ အလုပ်ဖြစ်ရန် ၂ ဖက်စလုံးက ပြင်ဆင်လိုသည့် ပုဒ်မများကို တင်ပြ ညှိနှိုင်းမှုများဖြင့် လွှတ်တော်တွင်း၊ လွှတ်တော် ပြင်ပ တို့တွင် အရင် ဆောင်ရွက်သင့်ကြောင်း နိုင်ငံရေး လေ့လာသူ ဦးမောင်မောင်စိုး က ပြောသည်။

“၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆိုတာ အံ့သြအောင် လုပ်ရမယ့် အရာ မဟုတ်ပါဘူး။ ၂ ဖက် ကျေကျေလည်လည် ညှိ နှိုင်းပြီးမှ ပြင်လို့ရမယ့် သဘောပါ။ တဖက်က ပြင်ချင်တယ်။ တဖက်က မပြင်ချင်လို့ ဆိုပြီး လက်ညိုး ထိုးရုံနဲ့ ပြဿနာ မဖြေရှင်းနိုင်ဘူး။ အပြန်အလှန် ညှိနှိုင်းမှသာလျှင် အဖြေထွက်မှာ” ဟု ၎င်းက ဆိုသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုသည်မှာ နိုင်ငံ တည်တံ့ ခိုင်မြဲရေး ပြုလုပ်ထားသည့် ဥပဒေ ဖြစ်ရာ လွယ်လွယ်နှင့် ယိုင်နဲ့ မသွားဘဲ ခိုင်ခိုင်မာမာ ဖြစ်စေရန် လုပ်ရမည် ဖြစ်ကြောင်း၊ ထို့ကြောင့်လည်း လုပ်ငန်းစဉ် အဆင့်ဆင့် ခိုင်ခိုင်မာမာ ဖြစ်အောင် လုပ်ပြီးမှ ပြင်ရမည် ဖြစ်ကြောင်း တပ်မတော်သား အဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးချုပ် မောင်မောင်က ပြော သည်။

သို့သော် အာဏာရ NLD ပါတီက ကြိုးစားသည့် ပုံစံ ဖြစ်သည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး လွှတ်တော်တွင် ပူးပေါင်း ကော် မတီ ဖွဲ့စည်းမှုသည် အတိုင်းအတာ ပမာဏ ကျယ်ကျယ်ပြန့်ပြန့်ဖြင့် ဥပဒေ ပြင်ဆင်ချက်များ များပြားစွာ ပါဝင်လာ မည်ကို တပ်မတော်က စိတ်ပူလျက် ရှိကြောင်း သိရသည်။

ဗိုလ်မှူးချုပ် မောင်မောင်က “သူတို့ ဘာတွေ၊ ဘယ် ပုဒ်မတွေကို လာပြီး ဆွေးနွေးမယ်ဆိုတာ မသိနိုင်သေးဘူး။ ဆွေး နွေးကြတဲ့ အခါ အားလုံး ပါရင်တော့ ကောင်းတာပေါ့။ အခု လွှတ်တော်ကြီးမှာ ဘာပဲပြောပြော တပ်မတော်သားတွေ ပါတယ် ဆိုပေမယ့် မဲများရာ အနိုင်နဲ့ လုပ်နေကြတာ ဖြစ်တဲ့အတွက် မဖြစ်သင့်တဲ့ ကိစ္စလေးတွေ ပါသွားတာ ရှိတယ်။ ဒါမျိုးတွေ မဖြစ်အောင် လုပ်ရမှာပေါ့” ဟု ပြောသည်။

ပထမ အကြိမ် လွှတ်တော် သက်တမ်းတွင်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး လေ့လာ သုံးသပ်ရေး ကော်မရှင် ဖွဲ့စည်းနိုင်ရေး အတွက် ထိုစဉ်က အာဏာရ ကြံ့ခိုင်ရေး ပါတီမှ သူရ ဦးအေးမြင့် တင်သွင်းခဲ့သော်လည်း တပ်မတော်က ကန့်ကွက်ခဲ့ခြင်း မရှိခဲ့ပေ။

ထိုစဉ်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး လက်မှတ်များ စုဆောင်းရာ ပြည်သူ လူထုက သန်းနှင့်ချီ၍ ထောက်ခံ အားပေးခဲ့ကြကြောင်း သိရသည်။

ဆက်စပ်ဖတ်ရှုရန်ဖွဲ့စည်းပုံ ပြင်ဆင်ရေး လုပ်ထုံးလုပ်နည်း လွဲမှားဟု တပ်မတော် ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading