ဧရာဝတီ မြစ်ဆုံ ရေကာတာ စီမံကိန်း ရပ်တန့်ရေး အတွက် မြန်မာ နိုင်ငံသားများနှင့်အတူ အားပေးထောက်ခံရန် ရန်ကုန် ကက်သလစ် ဂိုဏ်းချုပ် သာသနာပိုင် ဆရာတော် ကာဒီနယ် ချားလ်စ် မောင်ဘိုက အစိုးရနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း ကို တောင်းဆိုလိုက်သည်။
အင်အားကြီးနိုင်ငံ၏ လောဘကြောင့် ဧရာဝတီ မြစ်ကြီးသည် ရောင်းကုန်တခုကဲ့သို့ ဖြစ်နေပြီး ဆုံးရှုံးရမည့် အခြေအနေ ရောက်နေသည့်အပြင် တိုင်းပြည်၏ အခြေအနေ အရပ်ရပ်ကို အကြပ်ကိုင်ကာ ဖိအားပေးခြင်းများလည်း လုပ်ဆောင် နေကြကြောင်း ဇန်နဝါရီ ၂၈ ရက်က “ဧရာဝတီမြစ်ကို ရောင်းမစားကြပါနဲ့တော့” အမည်ဖြင့် ထုတ်ပြန်သော တောင်းဆို ချက်တွင် ဖော်ပြထားသည်။
ကာဒီနယ် ချားလ်စ် မောင်ဘိုက“မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်ဖို့ ထောက်ခံသူတွေဟာ ငွေရေးကြေးရေး အတွက် ကိုယ့်မိဘကို အသုံးချလိုတဲ့ သားသမီးတွေလိုပါပဲ။ ကျွနု်ပ်တို့ရဲ့ အမိ ဧရာဝတီမြစ်ကို ရောင်းစားခဲ့တဲ့သူတွေကို သမိုင်း က ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ပါဘူး”ဟု ဆိုသည်။
မြစ်ဆုံ စီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင်ပျက်စီးမှုနှင့် ဒေသခံပြည်သူများ၏ စားဝတ်နေရေး အပေါ် များစွာ ထိခိုက်နိုင်ပြီး ရှည်ကြာနေသည့် စစ်ပွဲများအပေါ် အဆိပ်ရည် လောင်းသကဲ့သို့ ငြိမ်းချမ်းရေး ရောင်ခြည် ပျောက်ကွယ် သွားနိုင်ကြောင်းလည်း ၎င်းက ဝေဖန် သုံးသပ်ထားသည်။
ကာဒီနယ် ချားလ်စ် မောင်ဘိုသည် တကမ္ဘာလုံးရှိ ကက်သလစ် ခရစ်ယာန် သာသနာများမှ ကာဒီနယ် ရဟန်းအမတ် အပါး ၂၀ တွင် တပါးအဖြစ် ၂၀၁၅ ခုနှစ် ဇန်နဝါရီလ အတွင်းက ရွေးချယ်ခံရခြင်း ဖြစ်ပြီး မြန်မာနိုင်ငံမှ ပထမဆုံး ရွေးချယ်ခံရသည့် ရဟန်းအမတ် အဖြစ် မှတ်တမ်းဝင်ခဲ့သူ ဖြစ်သည်။
မဂ္ဂါဝပ် ၆၀၀၀ ထုတ်လုပ်ရန် ရည်ရွယ်ထားသည့် မြစ်ဆုံ ရေကာတာ စီမံကိန်းကို စစ်အစိုးရ လက်ထက်တွင် တရုတ် နိုင်ငံ နှင့် သဘောတူ လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်ပြီး စီမံကိန်း စတင်ချိန်တွင် နိုင်ငံတဝန်း ကန့်ကွက် ဆန္ဒထုတ်ဖော်မှု များ ပြင်းထန်လာမှုကြောင့် စီမံကိန်းအား ဆိုင်းငံ့ကြောင်း ဦးသိန်းစိန် အစိုးရလက်ထက်တွင် ကြေညာခဲ့သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်တွင် မြစ်ဆုံစီမံကိန်း လေ့လာစိစစ်ရေး ကော်မရှင် တရပ် ဖွဲ့စည်း ဆောင်ရွက်ခဲ့ပြီး အစိုးရအနေဖြင့် စီမံကိန်းအား အရွယ်အစား လျှော့ချခြင်း (သို့) နေရာ ပြောင်းရွှေ့ခြင်း စသည့် ဖြစ်နိုင်စွမ်းသော လုပ်ဆောင်မှုများ အတွက် တရုတ်အစိုးရနှင့် ဆက်လက်ဆွေးနွေး နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း က ပြောဆိုထားသည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလ အတွင်း ကချင်တိုင်းရင်းသား ခေါင်းဆောင်တချို့နှင့် တွေ့ဆုံခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ် မစ္စတာ ဟုန်လျံကမူ မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ ဖိအားပေးပြောဆိုမှုများ ပြုလုပ်ခဲ့ပြီး မြစ်ဆုံ စီမံကိန်း ပြဿနာအား ဖြေရှင်းမှုမရှိဘဲ အချိန်ဆွဲနေပါက ရင်းနှီးမြှုပ်နှံမှု အတွက် တရုတ် ကုမ္ဗဏီများ၏ ယုံကြည်မှုကို ထိခိုက်နိုင် ကြောင်း ပြောဆိုသည်။
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကလည်း ယခင်အစိုးရများ လက်ထက် ပြုလုပ်ခဲ့သည့် စီမံကိန်း များနှင့် ပတ်သက်၍ မိမိတို့မူဝါဒနှင့် မကိုက်ညီဟုဆိုကာ ဖျက်သိမ်းမည်ဆိုပါက မိမိတို့နိုင်ငံကို မည်သူကမျှ ယုံကြည်မှု ရှိတော့မည် မဟုတ်ကြောင်း ဇန်နဝါရီ ၂၂ ရက် ကလေးမြို့ လူထုတွေ့ဆုံပွဲတွင် ပြောဆိုထားသည်။
ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၃.၆ ဘီလီယံ တန်ကြေးရှိသည့် မြစ်ဆုံစီမံကိန်း သဘောတူညီမှုရရှိရန် ယခင် နိုင်ငံတော် အကြီးအကဲများအား လာဘ်ပေးခဲ့ရသည်ကို China Power Investment ကုမ္ဗဏီ အထွေထွေ မန်နေဂျာ က လာရောက်တွေ့ဆုံစဉ် ပြောပြခဲ့ကြောင်း ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁ အမျိုးသား လွှတ်တော်ကိုယ်စား လှယ် ဦးဂျေယောဂူက ဇန်နဝါရီ ၂၆ ရက်နေ့ကပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ဖော် ပြောကြားခဲ့သည်။