ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်အတွင်း အိမ်ထောင်စု ၃၆၀ ကျော်က ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) တောင်းသည့် ငွေသိန်း ၉၀ ကျော်ကို မပေးနိုင်သဖြင့် အခက်အခဲတွေ့နေသည်ဟု သတင်းရရှိသည်။
နမ္မတူမြို့နယ်အတွင်းရှိ ပန်လုံကျေးရွာအုပ်စုမှ ရပ်ကွက် ၅ ခု၊ နားခိုလျှန်၊ ပန်သပြေ၊ မန်ချယ်။ မန်ဆာ၊ ပန်ဟတ်နှင့် နမ့်ဆီလင်းရွာတို့ကို ရွာအလိုက်၊ အိမ်ထောင်စုအလိုက် တအိမ်လျှင် ကျပ် ၂၅၀၀၀ ကို အခွန်အဖြစ် ပေးဆောင်ရန် ဇန်နဝါရီလ ၁၉ ရက်က ကျေးရွာအုပ်ချုပ်ရေးမှူးများကို အစည်းအဝေး ခေါ်ကာ RCSS က တောင်းခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။
ပန်လုံကျေးရွာမှ ရပ်ကွက် ၅ ခုနှင့် ရွာ ၆ ရွာတို့တွင် စုစုပေါင်း အိမ်ထောင်စု ၃၆၁ စုရှိပြီး တအိမ်လျှင် ၂၅၀၀၀ ကျပ်ဖြင့် စုစုပေါင်း သိန်း ၉၀ ကျော် ပေးဆောင် ရမည် ဖြစ်သဖြင့် ပေးဆောင်ရန် အခက်အခဲရှိသည့် ရွာသူ ရွာသားများက စုပေါင်းပြီး အစိုးရဌာနများ၊ လူမှုအခြေပြု အဖွဲ့အစည်းများ၊ နမ္မတူမြို့နယ်မှ လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများနှင့် RCSS ကို အကူအညီတောင်းစာ တစောင်လည်း ပေးပို့ထားသည်။
အကူအညီတောင်းစာ ပေးပို့ထားသူများထဲမှ တဦးဖြစ်သည့် ပန်လုံကျေးရွာ ဒေသခံက “တအိမ်ကို နှစ်သောင်းခွဲ တောင်းတယ်။ အဲ့ဒီ့ပိုက်ဆံက တအားခက်ခဲနေတယ်။ ပိုက်ဆံမရှိလို့ သူများဆီမှာ တရက် ၁၀၀၀ နဲ့ အဲ့နှစ်သောင်းခွဲ မပြည့်ပြည့်အောင် ရှာနေရတယ်။ ကျနော်တို့ အခက်အခဲရှိလို့ စာနဲ့ တင်ပြကြည့်တာပါ” ဟု ပြောသည်။
ပန်လုံကျေးရွာ၊ မန်ချယ်၊ မန်ဆာ၊ ပန်ဟတ်နှင့် နမ့်ဆီလင်းရွာမှ ရွာသူရွာသားများမှာ တောင်ယာလုပ်ငန်းကို အဓိက လုပ်ကိုင်ကြသူများ ဖြစ်ပြီး နှစ်စဉ် တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ ရှမ်းပြည် တိုးတတ်ရေးပါတီ (SSPP) တို့ကိုလည်း ငွေကြေး ပေးဆောင်နေရပြီး တိုက်ပွဲများကြောင့်လည်း မကြာခဏ ထွက်ပြေးရသဖြင့် စီးပွားရေး မပြေလည်ကြောင်း အဆိုပါ ဒေသခံက ဆိုသည်။
ဒေသခံများ ပေးပို့ထားသည့် စာထဲတွင် တိုက်ပွဲများကြောင့် မကြာခဏ ထွက်ပြေးနေရသဖြင့် အလုပ်အကိုင်များ မပြေလည်ကြောင်း၊ RCSS တောင်းသည့် ငွေကြေးပမာဏကို တောင်သူလယ်သမားများဖြစ်သည့် ဒေသခံများ ပေးရန် အခက်အခဲရှိသဖြင့် ပြန်စဉ်းစားပေးရန် မေတ္တာရပ်ခံပါသည်ဟု ရေးသားထားသည်။
ထို့ပြင် RCSS သည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားပြီး NCA ၊ အခန်း (၃)တွင် ပြည်သူလူထုထံမှ ငွေ၊ ပစ္စည်းဥစ္စာ၊ ရိက္ခာ၊လုပ်အားနှင့် ဝန်ဆောင်မှုများကို အဓမ္မတောင်းခံရယူခြင်း မပြုလုပ်ရဟူသည့် အချက် ပါရှိသဖြင့် ဒေသခံများကို ငွေမကောက်ခံရန် တောင်းဆိုကြောင်းလည်း စာထဲတွင် ရေးသားထားသည်။
နမ့်တောင်းကျေးရွာအုပ်စု၊ ပန်သပြေရွာမှ ဒေသခံတဦး က “ကျနော်တို့ကို ဒီလ၊ လွန်ခဲ့တဲ့ ၆ ရက်က တအိမ်ကို ဆန် ၃ တင်း RCSS က တောင်းပါတယ်။ ကျနော်တို့နားက ၆ အိမ်ကတော့ ပေးလိုက်ရပါတယ်။ ဆန်လို့ ပြောပေမယ့် ဆန်မယူဘူး။ ၁ တင်းကို သုံးသောင်းနဲ့ တွက်ပြီး ငွေပဲ တောင်းတယ်။ နောက် တရွာလုံး အခွန်အဖြစ် ၅ သိန်း ၄ သောင်းပေးဖို့လည်း တောင်းထားတယ်” ဟု ဆိုသည်။
ပန်သပြေရွာမှ ပေးဆောင်ရမည့် ၅ သိန်း ၄ သောင်းကို ဖေဖော်ဝါရီလ ၁၅ ရက်တွင် ပေးဆောင်ရန် ရွာသူရွာသား များက RCSS တပ်ဖွဲ့နှင့် ချိန်းဆိုထားသည်ဟု သိရသည်။
ပန်သပြေရွာသည် ယခင်က RCSS ကို ငွေကြေးပေးဆောင်ရခြင်း မရှိသည့် ရွာဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ စ၍ ငွေပေးရန် စတင်တောင်းခံရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
RCSS အတွင်းရေးမှူး ၃ ဗိုလ်မှူးကြီး စိုင်းငင်း က “ကျနော်သိသလောက်တော့ ကျနော်တို့အဖွဲ့အနေနဲ့ လူထုဆီက ငွေကြေး အကူအညီတောင်းခံတာ မရှိပါဘူး။ လုပ်ခွင့်လဲ မပြုဘူး။ ဌာနချုပ်ကနေပဲ အားလုံး တာဝန်ယူပေးတာ၊ ထောက်ပံ့ပေးတာပါ” ဟု ဧရာဝတီသို့ပြောသည်။
စာထဲတွင် မိတ္တူတွဲကာ ပေးပို့ခံထားရသည့် နမ္မတူမြိုကနယ်၊ အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဆိုင်ဟွမ်က ဒေသခံများ၏စာ ရရှိပါသည်ဟု ပြောသည်။
ဒေါ်နန်းဆိုင်ဟွမ် က “ယတိပြတ် အဖြေကတော့ ကျမ ဒီနေ့ ပေးနိုင်ဦးမယ် မထင်ပါဘူး။ ပါတီကိုလည်း တိုင်ပင်ရမယ်။ လက်လှမ်း မီသလောက်တော့ လုပ်ပေးပါမယ်။
အဓိကက ကိုယ်က ကိုယ်စားပြုထားတဲ့ လူဆိုတော့ ကိုယ့်ဘက်က အသံထွက်လာတဲ့ အနေအထားမျိုးကိုပဲ ဖြစ်အောင် ကျမက ကြိုးစားပေးမှာပါ” ဟု ပြောသည်။
လက်နက်ကိုင် တပ်ဖွဲ့များနှင့် ပတ်သတ်သည့် ကိစ္စများတွင် ဒေသခံများ၏ လုံခြုံရေးကိုပါ ထည့်သွင်းစဉ်းစား ရသဖြင့် ကြမ်းကြမ်း တမ်းတမ်း ပြောဆို၍ မရကြောင်း၊ သိမ်သိမ်မွေ့မွေ့ဆောင်ရွက်ရမည့် ကိစ္စများ ဖြစ်သည်ဟုလည်း ဒေါ်နန်းဆိုင်ဟွမ်က ဆိုသည်။
နမ္မတူမြို့နယ်တွင် တပ်မတော်၊ RCSS ၊ SSPP၊ TNLA နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဖွဲ့များ လှုပ်ရှားသည်။
နမ္မတူမြို့နယ်တွင် SSPP နှင့် TNLA တို့က အများဆုံး လှုပ်ရှားနေထိုင်ပြီး ၂၀၁၅ ခုနှစ်တွင် RCSS တပ်ဖွဲ့ဝင်များ ဝင်ရောက် အခြေချလာခြင်း ဖြစ်သည်။
၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလတွင် TNLA နှင့် RCSS တို့ကြား နယ်မြေအငြင်းပွားကာ တိုက်ပွဲများ စတင် ဖြစ်ပွားပြီး ၂၀၁၈ ခုနှစ်၊ သြဂုတ်လတွင် SSPP က TNLA နှင့် ပူးပေါင်းကာ RCSS ကို တိုက်ခိုက်လျက် ရှိသည်။
SSPP၊ TNLA နှင့် RCSS ၃ ဖွဲ့လုံးက ၎င်းတို့ လှုပ်ရှားသွားလာသည့် ကျေးရွာများရှိ အိမ်ထောင်စုစာရင်း၊ လူဦးရေ၊ သက်ဆိုင်ရာ ကျေးရွာဥက္ကဋ္ဌ ၏ ဖုန်းများကို စာရင်းများ ပြုစုထားပြီး နှစ်စဉ် စစ်မှုထမ်းရန် စစ်သားစုဆောင်းမှုများ လည်း ပြုလုပ်လျက်ရှိသည်။
ဧရာဝတီ၏ ကွင်းဆင်း စုဆောင်းထားချက်အရ နမ္မတူမြို့နယ်တွင်းရှိ ရွာပေါင်း ၅၀ ကျော်ကို ရှမ်းပြည်တိုးတတ် ရေးပါတီ (SSPP/SSA) က နှစ်စဉ် ငွေကြေး ကောက်ခံနေပြီး အချို့ရွာများကို တအန်းအမျိုးသား လွတ်မြောက် ရေး တပ်မတော် (TNLA) ကလည်း ရိက္ခာနှင့် ငွေကြေး တောင်းခြင်း၊ ၎င်းတို့ တပ်ဖွဲ့များ သွားလာရာတွင် ပစ္စည်းများကို လိုက်လံထမ်းခိုင်းခြင်းများ ပြုလုပ်လျက် ရှိသည်။
နမ္မတူမြို့နယ်တွင်း လှုပ်ရှားနေသည့် လက်နက်ကိုင်တပ်ဖွ့ဲများက ၎င်းတို့၏ စစ်သုံး လက်နက်နှင့် ပစ္စည်းများကို ရွာများအတွင်း သိမ်းဆည်းခိုင်းခြင်းများလည်း ရှိသလို ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဥက္ကဋ္ဌများ ကိုလည်း တဖက်အဖွဲ့၏ သတင်းများကို ပေးခိုင်းသည်။
ရွာသူရွာသားများက အလှည့်ကျစနစ်ဖြင့် လက်နက်ကိုင်တပ်ဖွ့ဲများ ခိုင်းသည့် အလုပ်များ လုပ်ပေးရပြီး မသင်္ကာပါကလည်း ရိုက်နှက်စစ်ဆေးခြင်း ခံရသည်။
TNLA နှင့် RCSS တို့သည် နယ်မြေအငြင်းပွားမှုကြောင့် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလမှ ယနေ့ထိ နမ္မတူမြို့နယ် တွင်း တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။
၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း နမ္မတူမြို့နယ်တွင် TNLA မှ ရှမ်းရွာသား ၆၀ ကျော်ကို RCSS ၏ သူလျှိုဟု စွပ်စွဲကာ ဖမ်းဆီးရိုက်နှက်မှုနှင့် သတ်ဖြတ်ခြင်းများ ပြုလုပ်ထားသည်။
၂၀၁၈ ခုနှစ်၊ RCSS နှင့် TNLA တို့အကြား တိုက်ပွဲတွင် ပန်ကွတ်ရွာမှ တအန်းရွာသား ၉ ဦး ဈေးဝယ်သွားစဉ် ပျောက်ဆုံးသွားပြီး ရွာသူရွာသားများက RCSS ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု ပြောဆိုနေကြသည်။
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် ဧရာဝတီသတင်းဌာနမှ ရောက်ရှိခဲ့သည့် ပန်ကွတ်ရွာ တဝိုက်တွင် RCSS နှင့် TNLA တို့၏ စစ်ရေးတင်းမာမှုများ၊ မြေမြှုပ်မိုင်း အန္တရာယ်များကြောင့် တောင်ပေါ်ရွှေ့ပြောင်းတောင်ယာများ မလုပ်နိုင်သဖြင့် စားနပ်ရိက္ခာ အခက်အခဲ ကြုံတွေ့နေရသည်များ ရှိသည်ကို တွေ့ခဲ့ရသည်။
ဆက်စပ်ဖတ်ရှုရန် – လက်နက်ကိုင်ရန် ကြောက်နေရတဲ့ နမ္မတူ ဒေသခံများ