သတင်း

တိုက်ပွဲများရပ်ရန် ဒုက္ခသည် လက်မှတ်များ ရှမ်းလက်နက်ကိုင်များထံ ပေးပို့

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ စစ်ဘေးရှောင် ရှမ်းတိုင်းရင်းသားဒုက္ခသည် ၃၀၀၀ ကျော်တို့က ရှမ်းလက်နက်ကိုင် အဖွဲ့နှစ်ဖွဲ့တို့ကို တိုက်ပွဲများ အဆုံးသတ်ရန်နှင့် ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းရန် အသနားခံ လက်မှတ်ရေးထိုး တောင်းဆိုမှုပြုခဲ့ကြကြောင်း ဒေသခံ သတင်းရင်းမြစ်များ၏အဆိုအရ သိရသည်။

အဆိုပါ စစ်ဘေးရှောင် ဒုက္ခသည်များက ၎င်းတို့ အသနားခံတောင်းပန်လွှာကို သီပေါမြို့ရှိ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ရုံးသို့ ဇန်နဝါရီလ ၂၂ ရက်၌ ပေးပို့ခဲ့ကြသည်။

ယင်းတောင်းပန်လွှာမှာ ယခုလအတွင်း လက်နက်ကိုင်အုပ်စုသို့ လိပ်မူ၍ ဒုတိယအကြိမ် ပေးပို့ခြင်းဖြစ်သည်။

သီပေါရှိ SNLD ရုံးမှ အတွင်းရေးမှူး စိုင်းလောင်ဆန်းက “ဒေသခံပြည်သူတွေက တိုက်ပွဲဖြစ်နေတော့ မကြာခဏ ထွက်ပြေးနေရပါတယ်။ သူတို့ရွာတွေမှာ စားစရာအတွက် ပိုက်ဆံရှာဖို့ အလုပ်လုပ်လို့မရဘူး။ ဖြစ်နိုင်တယ် ဆိုရင် အခုချက်ချင်း ရွာပဲ ပြန်နေချင်ကြတယ်။ အဲဒါကြောင့် လက်နက်ကိုင်နှစ်ဖွဲ့ဆီကို တိုက်ပွဲတွေ ရပ်ကြဖို့နဲ့ စေ့စပ်ညှိနှိုင်းကြဖို့ သူတို့လက်မှတ်ထိုး အသနားခံလွှာ ပို့တာပါ” ဟု ဧရာဝတီသို့ တနင်္လာနေ့က ပြောသည်။

ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့ဖြစ်သည့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) နှင့် သျှမ်းပြည် တိုးတက်ရေးပါတီ (SSPP) တို့အကြား နယ်မြေ အငြင်းပွားမှုကြောင့် မကြာသေးမီက သီပေါမြို့နယ်အတွင်း တိုက်ပွဲများ ဆိုးရွားလာခဲ့သည်။ RCSS သည် ရှမ်းပြည်နယ်မြောက်ပိုင်း၌ ယခင်က တအာင်းအမျိုးသား လွတ်မြောက်ရေးတပ် (TNLA) ကိုသာ တိုက်ခိုက်ခဲ့သော်လည်း ယမန်နှစ်က နယ်မြေကိစ္စ အငြင်းပွား၍ RCSS နှင့် SSPP တို့အကြား ထိတွေ့ရင်ဆိုင်မှု ရှိလာခဲ့သည်။

ဒီဇင်ဘာလက သီပေါမြို့နယ်အတွင်း တိုက်ပွဲများကြောင့် ကလေးသူငယ်များအပါအဝင် ရှမ်းဒေသခံတချို့ သေဆုံးခဲ့ရပြီး ဒဏ်ရာရသူအချို့ ရှိခဲ့သည်။ ယင်းလက်နက်ကိုင် နှစ်ဖွဲ့အကြား ယခုလအတွင်း သီပေါမြို့နယ် ထဲ၌ အနည်းဆုံး ထိတွေ့တိုက်ခိုက်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ဒေသခံတိုင်းရင်းသားများမှာ အန္တရာယ် မကင်းတော့၍ ၎င်းတို့ နေအိမ်များအား စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

“သူတို့ကို စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းပေါ် အတူထိုင်ကြစေဖို့ ကျနော်တို့ ဖြစ်စေချင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျနော်တို့ပြည်သူတွေ ဒုက္ခပင်လယ် ဝေနေရလို့ပါ” ဟု စိုင်းလောင်ဆန်းက ပြောသည်။

သီပေါရှိ ဒုက္ခသည်စခန်း ၅ ခုတွင် လူ ၁၀၀၀ ကျော် လက်ခံထားရသည်။ တချို့ဒုက္ခသည်စခန်းများမှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများတွင် ဖွင့်လှစ်ထားသည်။ စိုင်းလောင်ဆန်းသည် တနင်္လာနေ့က ဒုက္ခသည် စခန်းအချို့သို့ ကျောက်မဲမြို့နယ်မှ ဒေသခံအလှူရှင်တစုနှင့်အတူ သွားရောက်၍ ထောက်ပံ့ရေး ပစ္စည်းများ ဝေငှခဲ့သည်။

ဒုက္ခသည်စခန်းများ အခြေအနေကိုကြည့်ပြီး စိတ်ထိခိုက်ရကြောင်း စိုင်းလောင်ဆန်းက ပြောပြသည်။

“ကျနော်က ကြုံကြိုက်မှ တခါတလေ ဒုက္ခသည်စခန်းတွေကို ရောက်ဖြစ်ပါတယ်။ အဲဒီက ဒုက္ခသည်တွေ အခြေအနေကို ကျနော် မကြည့်ရက်ဘူးဗျာ။ သူတို့မျက်နှာလေးတွေ ခင်ဗျားတွေ့ရင် စိတ်မကောင်းဖြစ်မှာ အမှန်ပဲ” ဟု သူက ပြောသည်။

ရှမ်းပြည်ညီညွတ်ရေး ကော်မတီ (CSSU) သည် အဆိုပါ လက်နက်ကိုင်နှစ်ဖွဲ့အကြား ငြိမ်းချမ်းရေး အကျိုးဆောင်အဖြစ် ဆောင်ရွက်ပေးနေသော အဓိက အုပ်စုဖြစ်သည်။ SNLD အပါအဝင် အခြား ရှမ်းအဖွဲ့အစည်း များသည် ရှမ်းပြည်နယ်ရှိ ပဋိပက္ခများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် CSSU နှင့် ပူးပေါင်း ဆောင်ရွက်နေကြသည်။

ဇန်နဝါရီလ ၁၁ ရက်က ဒုက္ခသည် ၄၀၀၀ ကျော်တို့က အဆိုပါ လက်နက်ကိုင်နှစ်ဖွဲ့အကြား ငြိမ်းချမ်းရေး အတွက် ပထမအကြိမ် အသနားခံ တောင်းပန်လွှာကို လက်မှတ်ရေးထိုး ပေးပို့ခဲ့ကြောင်း SNLD ၏အဆိုအရ သိရသည်။ အဆိုပါ လက်မှတ်များကို ရန်ကုန်မြို့ရှိ SNLD ဌာနချုပ်သို့ ဦးစွာပေးပို့ခဲ့ပြီး ထိုမှနေ၍ ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့ထံ ဆက်လက်ပေးပို့ခဲ့သည်။

ယင်းရှမ်းနှစ်ဖွဲ့အား စေ့စပ်ဆွေးနွေးရေး စားပွဲပေါ်သို့ ဆောင်ကြဉ်းနိုင်ရန် ကြိုးပမ်းနေသူ SNLD ဝါရင့် ခေါင်းဆောင် တဦးဖြစ်သည့် စိုင်းလိတ်က ဧရာဝတီသို့ တနင်္လာနေ့၌ ပြောကြားရာတွင် ၎င်းတို့ပါတီက အသနားခံ လက်မှတ်များကို လက်နက်ကိုင်နှစ်ဖွဲ့ထံ ပေးပို့ခဲ့သော်လည်း အကြောင်းပြန်မှု မရှိကြောင်း ဆိုသည်။

“အဲဒီလက်မှတ်တွေကို ကျနော်တို့က လက်နက်ကိုင်နှစ်ဖွဲ့ဆီကို ပို့ခဲ့ပါတယ်။ ပထမအကြိမ်ပို့တုန်းက လက်မှတ်ပေါင်း ၄၀၀၀ ကျော်ပါပါတယ်။ ဒုတိယအကြိမ်မှာ လက်မှတ် ၃၀၀၀ ကျော် ထပ်ပို့လိုက်ပါတယ်” ဟု စိုင်းလိတ်က ပြောသည်။

SNLD ၏ အဆိုအရ ယင်းနှစ်ဖွဲ့ထံမှ ဖုန်းဖြင့်ပင် အကြောင်းကြား တုံ့ပြန်ခြင်း မရှိကြောင်း သိရသည်။

တွေ့ဆုံ ဆွေးနွေးရေးတခု ဖြစ်မြောက်ရန် အဆိုပြု ကမ်းလှမ်းခြင်းလည်း မလာကြောင်း ၎င်းက ဆက်ပြောသည်။ CSSU က ယင်းတို့နှစ်ဖွဲ့ ဖေဖော်ဝါရီ လဆန်းပိုင်းတွင် တွေ့ဆုံကြရေး ဖြစ်မြောက်စေလိုသည်။

“သူတို့တတွေ တဖက်နဲ့တဖက် တိုက်နေတာ ကျနော်တို့ ရပ်စေချင်ပါတယ်။ အဓိက ကျနော်တို့ စိုးရိမ်တာက ဒုက္ခသည်ဖြစ်နေတဲ့ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ အတွက်ပါ” ဟု စိုင်းလိတ်က ပြောသည်။

အဆိုပါ ကလေးသူငယ်များမှာ စာသင်ကြားရန် ရှိသော်လည်း ဒုက္ခသည်စခန်းတွင် ခိုလှုံနေကြရ၍ ကျောင်း မတက်နိုင်ကြကြောင်း သူက ပြောသည်။

အဆိုပါ တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့များအနေဖြင့် တိုက်ပွဲများရပ်တန့်စေရန် ၎င်းတို့ နယ်မြေ အငြင်းပွားမှုကို အဖြေရှာကြရန် မိမိတို့က လိုလားနေကြောင်း SNLD ခေါင်းဆောင်က ထပ်လောင်း ပြောကြားသည်။

RCSS ၏ အခြေစိုက်စခန်းမှာ ရှမ်းပြည်နယ်တောင်ပိုင်းတွင် တည်ရှိခဲ့သည်မှာ ကာလကြာမြင့်ခဲ့ပြီ ဖြစ်သည်။ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ်က လက်မှတ်ရေးထိုး ကြပြီးနောက် အဆိုပါ လက်နက်ကိုင်အဖွဲ့က ၎င်းတပ်များကို ရှမ်းပြည်နယ် မြောက်ပိုင်းသို့ ပြောင်းရွှေ့ရန် ကြိုးစားသည်။

ထိုသို့ ရွှေ့ပြောင်းနိုင်ရေးအတွက် နမ္မတူမြို့နယ်ကို ကြားခံနယ်မြေအဖြစ် RCSS အသုံးချရမည် ဖြစ်သည့်အတွက် ယင်းနယ်မြေမှာ SSPP စိုးမိုးနယ်မြေ ဖြစ်နေသဖြင့် အဆိုပါနှစ်ဖွဲ့အကြား ထိပ်တိုက် ရင်ဆိုင်မှုများ ဖြစ်ပွားလာခဲ့သည်။

(လဝီဝမ်သည် ဧရာဝတီသတင်းဌာန အင်္ဂလိပ်ပိုင်း၏ အကြီးတန်း သတင်းထောက်တဦး ဖြစ်သည်။ ၎င်း၏  Thousands of IDPs Sign Petition Urging Shan Groups to Stop Fighting ကို ဘာသာပြန်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading