ကွယ်လွန်သူ သံတမန်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ ယခုနှစ်တွင် ကျရောက်သော ၁၁၀ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးကို အားပေးသော လှုပ်ရှားမှုများကို ကုလသမဂ္ဂ ကမ္ဘာ့ ကလေးငယ်များ ရန်ပုံငွေအဖွဲ့ (UNICEF) နှင့် ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးသန့် နေအိမ်ပြတိုက်က ဇန်နဝါရီလ ၂၇ ရက်နေ့က ထုတ်ပြန်ကြေညာထားသည်။
ပြတိုက်သို့ လာရောက်လည်ပတ်သော ကလေးငယ်များနှင့် လူငယ်များအနေဖြင့် ငြိမ်းချမ်းရေးနှင့် သည်းခံနိုင်ရေး၊ ရေရှည် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်ဝန်ကျင် ထိန်းသိမ်းကာကွယ်ရေးတို့ အပါအဝင် ဦးသန့်အတွက် အရေးပါသော ပြဿနာများကို လေ့လာနိုင်ရန် လူငယ်ပညာပေးရေးနှင့် တိုးတက်ရေး အစီအစဉ်ကို အာရုံစိုက် လုပ်ဆောင်သွားမည်ဟု UNICEF အမှုဆောင် ဒါရိုက်တာ ဟတ်ရီကက်တာဖိုးနှင့် ဦးသန့်နေအိမ်ပြတိုက် ဥက္ကဋ္ဌ ဒေါက်တာသန့်မြင့်ဦးတို့က ကြေညာသည်။
“ဦးသန့်ဟာ ငြိမ်းချမ်းရေး၊ ပညာရေး၊ သည်းခံခြင်းနဲ့ ခွဲခြားဆက်ဆံမှု ပုံစံအားလုံး ပပျောက်ရေးတို့ကို အပြင်းအထန် ယုံကြည်သူ ဖြစ်ပါတယ်။ လူသားတဦးချင်းစီရဲ့ လူသားဂုဏ်သိက္ခာ ကိုလည်း သူက ခိုင်မာစွာယုံတယ်။ သူ့ရဲ့ အတွေးအခေါ်တွေဟာ မြန်မာနိုင်ငံ အနာဂတ်အကြောင်းကို သစ်လွင်ထူးခြားတဲ့ နည်းလမ်းတွေနဲ့ စဉ်းစားရာမှာ အထောက်အကူ ပြုနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဦးသန့်၏ မြေးဖြစ်သူ ဒေါက်တာသန့်မြင့်ဦးက ပြောသည်။
“UNICEF နဲ့ ပူးပေါင်းဆောင်ရွက်ရမှာမို့ အရမ်းကို စိတ်လှုပ်ရှားမိပါတယ်။ ကျနော်တို့ရဲ့ ပညာရေးအစီအစဉ်ဟာ ကျောင်းသားနဲ့ ဆရာအများအပြားကို ဆွဲဆောင်ထားပြီး UNICEF ရဲ့ အကူအညီနဲ့ အများကြီး ပိုမိုလုပ်ဆောင်နိုင်ပါမယ်” ဟုလည်း သူက ပြောသည်။
ဆွီဒင် အစိုးရ၏ ငွေကြေးထောက်ပံ့မှုဖြင့် လုပ်ဆောင်နေသော ဦးသန့်နေအိမ်ပြတိုက်ရှိ ထိုပညာပေးရေး အစီအစဉ်သည် ကျောင်းသား ၁၃၀၀ ကျော်အတွက် ဝန်ဆောင်မှုများ ပေးပြီးဖြစ်သည်။
လူငယ်များအနေဖြင့် ဦးသန့်၏ စီမံကိန်းများ၊ အထူူးသဖြင့် မည်ကဲ့သို့သော စီမံကိန်းများတွင် သူပါဝင်ခဲ့သည်နှင့် ထိုစီမံကိန်းများ၏ သမိုင်းများ၊ ဦးတည်ချက်များကိုလည်း လူငယ်များ လေ့လာစေလိုကြောင်း ဒေါက်တာသန့်မြင့်ဦးက ပြောသည်။
“ဒီ ပညာပေး အစီအစဉ်အတွက် ဦးသန့်လည်း စိတ်ချမ်းမြေ့လိမ့်မယ်လို့ ထင်ပါတယ်” ဟု သူက ဆိုသည်။
ဦးသန့်နေအိမ်ပြတိုက်နှင့် ပတ်သက်သော ရည်မှန်းချက်များအကြောင်း ပြောရာတွင် ပြတိုက်၏ အမှုဆောင်ဒါရိုက်တာ ဆိုဖီယာဘက်ရှ်က “ ဦးသန့်ရဲ့ နေအိမ်ကို ဦးသန့်အကြောင်းသာမက၊ ဒီနေ့ခေတ်အထိ သက်ဆိုင်နေတဲ့၊ သူ ဆောင်ရွက်ခဲ့တဲ့ ပြဿနာတွေကိုပါ လေ့လာနိုင်တဲ့ နေရာဖြစ်အောင် လုပ်ဆောင်ပြီး ဖြစ်ပါတယ်။ ဧည့်သည်တွေ ပိုမို တက်ကြွစွာ ပါဝင်ဖို့ ဖိတ်ခေါ်ပြီး ပြတိုက်မှာ အသစ်တွေကို တိုးချဲ့မယ်” ဟု ပြောသည်။
လတ်တလော ပြတိုက်သို့ လာရောက်လေ့လာသူများမှာ နိုင်ငံတကာ ကျောင်းများမှ ဖြစ်နေပြီး အစိုးရကျောင်းများမှ ကျောင်းသားများ ပိုမိုလာရောက်လေ့လာကြရန် စီစဉ်နေသည်ဟု သိရသည်။
“ကျောင်းသားတွေကို ပညာပေးတဲ့အခါ သူတို့ကို ဆွဲဆောင်ဖို့နဲ့ ပျော်ရွှင်စရာ သင်ယူမှု ပတ်ဝန်းကျင် ဖန်တီးပေးဖို့ ပညာပေး ကစားနည်းတွေ၊ လက်တွေ့လုပ်ဆောင်တဲ့ စာအုပ်ငယ်ဖြစ်တဲ့ Passport to One World နဲ့ ဉာဏ်စမ်း ပဟေဠိတွေလည်း ပါမယ်” ဟု ဘက်ရှ်က ပြောသည်။
အခမ်းအနား အစိတ်အပိုင်းအဖြစ် ဖိုးသည် သူ၏ ဦးသန့် အမှတ်တရ သင်ခန်းစာကို ဦးသန့်နေအိမ် ပြတိုက်တွင် စတုတ္ထအကြိမ် ပို့ချသည်။
“ကလေးများနှင့် လူငယ်များတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် ငြိမ်းချမ်းသော အနာဂတ်ကို တည်ဆောက်ခြင်း” အမည်ရှိ ထို ဟောပြောပို့ချချက်တွင် သူက “ကျမတို့ဟာ အစိုးရနဲ့ အစိုးရကို သြဇာသက်ရောက်သူတွေနဲ့ အလုပ်လုပ်ရမယ်။ ပဋိပက္ခ လက်နက်တိုက်ကို ဦးသန့်ရဲ့ ငြိမ်းချမ်းရေး ကာကွယ်မှုနဲ့ အစားထိုးဖို့ သူတို့ကို တောင်းဆိုရမယ်” ဟု ထည့်သွင်း ပြောဆိုသည်။
ပြည်နယ်နှင့် တိုင်းများအားလုံးတွင် ကလေးများအားလုံးအတွက် ပညာရေးတွင် ရင်းနှီးမြှုပ်နှံကြရန်လည်း သူက အစိုးရနှင့် စီးပွားရေးလုပ်ငန်းရှင်များကို တောင်းဆိုသည်။
“ငြိမ်းချမ်းရေးကို သွားရာမှာ သူတို့ ဘယ်သူဘယ်ဝါဖြစ်တယ်၊ ဘာတွေ ကြုံတွေ့နေရပေစေ သူတို့အနာဂတ်ကို သူတို့ ပိုမိုကောင်းမွန်စွာ ပုံဖော်ဖို့ လူငယ်တွေကို ကူညီတာထက် ကောင်းတဲ့နည်းလမ်းမရှိဘူး” ဟုလည်း သူက ပြောသည်။
ဦးသန့် နေအိမ်ပြတိုက်သည် ကမ္ဘာ့စိန်ခေါ်မှုများကို ပိုမိုခိုင်မာ စိတ်ဝင်စားဖွယ်ရာ တင်ပြနိုင်ရေးအတွက် အကူအညီရရန် Installations များဖြင့် ပြသနိုင်ရေးအတွက်လည်း အနုပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်နေသည်။
ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ဦးသန့်ပြတိုက်သည် ဦးသန့်၏ ဦးထုပ်၊ မှတ်စုစာအုပ်၊ နိုင်ငံကူးလက်မှတ် စသည့် ပုဂ္ဂလိက ပစ္စည်းများကို ဧည့်သည်များအား ပထမဆုံးအကြိမ် ပြသခဲ့သည်။
“ဒါတွေအားလုံးကို အမေက စုထားတာ။ ကျနော်တို့မှာ နောက်ထပ် ပစ္စည်းတွေ ရှိသေးပေမယ့် နယူးယောက်မှာ ကျန်ခဲ့တယ်။ ကျနော်တို့က ထပ်ယူလာချင်သေးပေမယ့် ဦးသန့်နေအိမ်ပြတိုက်မှာ နေရာ သိပ်မကျန်တော့ဘူး” ဟု ဒေါက်တာ သန့်မြင့်ဦးက ပြောသည်။
“ဦးသန့်ရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆောင်ရွက်ချက်တွေကို ဂုဏ်ပြုဖို့ ဥယျာဉ်လေးကို မြန်မာနိုင်ငံရဲ့ ဇီဝမျိုးကွဲ စုံလင်မှုနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုအကြောင်း လေ့လာတဲ့ နေရာလေး ဖြစ်အောင်လုပ်ဖို့ စီစဉ်ထားတယ်” ဟုလည်း ဘက်ရှ်က ပြောသည်။
“လူတွေက ဦးသန့်ကို ငြိမ်းချမ်းရေးတည်ဆောက်သူ၊ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား၊ ပညာတတ်၊ အတွေးအခေါ်ပညာရှင် အနေနဲ့ လေးစားကြတယ်။ ကျမတို့ ပေးချင်တဲ့သတင်းစကားက လူတိုင်းလူတိုင်း ဦးသန့်လို ဖြစ်နိုင်တယ် ဆိုတာပါပဲ” ဟုလည်း သူက ပြောသည်။
ဦးသန့်ကို ၁၉၀၉ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် မွေးဖွားသည်။ သူ ယခင်နေထိုင်ခဲ့သော ရန်ကုန်ရှိ ပန်ဝါလမ်း အမှတ် ၃၁ နေအိမ်ကို ပြတိုက်နှင့် ဆွေးနွေးရန်ဌာနအဖြစ် သတ်မှတ်ထားသည်။ ထိုပြတိုက်ကို ၂၀၁၄ ခုနှစ်မှ စတင်၍ ဦးသန့် နေအိမ်ပြတိုက် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့က စီမံနေပြီး ဦးသန့်စိတ်ဓာတ်ဖြင့် ဆက်လက် လုပ်ကိုင်နိုင်ရန် အစိုးရ မဟုတ်သော အဖွဲ့အစည်းအနေဖြင့် ထူထောင်ထားသည်။
ပြတိုက်ကို သောကြာ၊ စနေ၊ တနင်္ဂနွေနေ့များတွင် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ထားရှိသည်။
(လွင်မာထွန်းသည် ဧရာဝတီသတင်းဌာန အင်္ဂလိပ်ပိုင်း၏ အကြီးတန်းသတင်းထောက် တဦးဖြစ်သည်။ ၎င်း၏ U Thant House, Unicef to Bring Late Diplomat’s Message of Tolerance to Young People ကို ဆီလျော်အောင် ဘာသာပြန်သည်။)