ဧရာဝတီတိုင်း ဒေသကြီး ပုသိမ် ခရိုင် ရေကြည် မြို့နယ်ရှိ ဌာနဆိုင်ရာ စွန့်လွှတ်မြေ ဧက ၁၃၀၀ ကို မြေယာမဲ့ လယ် သမားများအား ခွဲဝေပေးရန် ကြန့်ကြာနေသည့် အတွက် ဒေသခံ လယ်သမား ၁၅၀ ကျော် ယမန်နေ့က ဆန္ဒဖော် ထုတ် သည်။
လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာန လက်အောက်ရှိ စက်မှု သီးနှံ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ စွန့်လွှတ်ခဲ့ သည့် ရေကြည် မြို့နယ် ရေနံ့သာ စိုက်ကွင်းရှိ မြေလွတ်မြေရိုင်း ဧက ၁၃၀၀ ကို မြေယာမဲ့ လယ်သမားများထံ စနစ် တကျ ခွဲဝေ ချထားပေးရန် နေပြည်တော်ရှိ ဗဟို လယ်ယာမြေ စီမံခန့်ခွဲရေး အဖွဲ့နှင့် ဧရာဝတီတိုင်း အစိုးရ အဖွဲ့တို့က ညွန်ကြားထားကြောင်း သိရသည်။
သို့သော်လည်း ရေကြည်မြို့နယ်မှ ဌာနဆိုင်ရာများက လိုက်နာ ဆောင်ရွက်ခြင်းမရှိဟု ဆိုကာ လယ်သမားများက ၂၀၁၆ ခုနှစ်တွင် တကြိမ် ဆန္ဒဖော်ထုတ်ခဲ့ပြီး လက်ရှိတွင် ဒုတိယ အကြိမ် ဆန္ဒ ဖော်ထုတ်ရခြင်း ဖြစ်ကြောင်း ဆန္ဒပြ လယ်သမားများက ပြောဆိုသည်။
ရေကြည်မြို့နယ် မကျဉ်း လဟာ ကျေးရွာမှ မြေယာမဲ့ လယ်သမား ဦးညိုဝင်းက“စွန့်လွှတ်မြေတွေကို မြေယာမဲ့တွေကို မပေးဘဲ အရင် အကျိုးတူ လုပ်ခဲ့တဲ့လူတွေက ဆက်ပြီး အဓမ္မ လုပ်ကိုင်နေတယ်။ ရေကြည်မြို့နယ်က တာဝန်ရှိတဲ့ ဌာန တွေကလည်း ထိထိရောက်ရောက် ဖြေရှင်းပေးတာ မရှိဘူး။ အထက်က ညွှန်ကြားချက်တွေကို အောက်ခြေ ဌာန ဆိုင်ရာ တွေက လိုက်နာခြင်း မရှိတဲ့ အတွက် ကျနော်တို့ မြေယာမဲ့ လယ်သမားတွေမှာ အရမ်း ထိခိုက်နစ်နာတယ်။ ဒါကြောင့် ဒုတိယ အကြိမ် ဆန္ဒဖော်ထုတ်ခြင်း ဖြစ်ပါတယ်”ဟု ဧရာဝတီကို ပြောသည်။
စက်မှု သီးနှံ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ရေကြည်မြို့နယ် ရေနံ့သာ စိုက်ကွင်းရှိ မြေလွတ်မြေရိုင်း ဧက ၁၃၀၀ ကို ရာသီ ကော်ဖီ စီမံကိန်း အတွက် ၁၉၇၄ ခုနှစ်မှ စတင်၍ သိမ်းဆည်းကာ စိုက်ပျိုးခဲ့ကြောင်း၊ ကော်ဖီ စီမံကိန်း မအောင်မြင် သည့် အတွက် ၂၀၀၀ ပြည့်နှစ် ဝန်းကျင်တွင် ရေကြည်မြို့နယ် မကျည်းလဟာနှင့် သရက်ချောင်း ကျေးရွာ အုပ်စုများမှ ငွေကြေး တတ်နိုင်သည့် လယ်သမားများကို သီးစားချထား ပေးခဲ့ကြောင်း သိရသည်။
စက်မှုသီးနှံ ဖွံ့ဖြိုးရေး ဦးစီးဌာနက အသုံးပြုရန် မလိုအပ်၍ စွန့်လွှတ်ခဲ့သည့် မြေဧက ၁၃၀၀ ၏ မူလ လယ်သမား များ မှာ အသက်အရွယ် ကြီးရင့်၍ ကွယ်လွန်ခဲ့ကြကြောင်း၊ ဌာနမှ ၂၀၁၅ ခုနှစ်တွင် ကော်ဖီစိုက်ခင်း မြေများကို စွန့်လွှတ် ခဲ့ရာ ထိုမြေယာများ ခွဲဝေချထားပေးရန် ရေကြည်မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က ဦးစီး၍ မြေယာမဲ့ များအား ခွဲဝေ ချထားပေးရန် လျှောက်လွှာများ ခေါ်ယူကြောင်းလည်း ဆိုသည်။
ထိုသို့ လျှောက်လွှာ ခေါ်ယူသည့် အတွက် ရေကြည်မြို့နယ် မကျည်းလဟာနှင့် သရက်ချောင်း ကျေးရွာအုပ်စုများမှ မြေယာမဲ့ သမားများက စွန့်လွှတ်မြေများ ချထားပေးရန် လျှောက်ထားခဲ့ပြီး ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က ထိုမြေယာများ ခွဲဝေချထားပေးရန် ၂၀၁၆ ခုနှစ်တွင်လည်းကောင်း၊ ဧရာဝတီတိုင်း အစိုးရက ၂၀၁၈ ခုနှစ်တွင် လည်းကောင်း ပုသိမ်ခရိုင်နှင့် ရေကြည်မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များသို့ ညွှန်ကြားခဲ့ကြောင်း သိရသည်။
ရေကြည်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေး အဖွဲ့မှ ထိရောက်စွာ ဆောင်ရွက် ခြင်း မရှိသည့် အတွက် ယခင်က ဌာနထံမှ သီးစား ရယူလုပ်ကိုင်ခဲ့သည့် လယ်သမား ၂၀၀ ကျော်က ဖယ်ရှား မပေးဘဲ ဆက်လက် လုပ်ကိုင်နေခြင်း ဖြစ်ကြောင်း ဒေသခံ မြေယာမဲ့ လယ်သမားများက ပြောသည်။
အဆိုပါ စွန့်လွှတ်မြေ ဧက ၁၃၀၀ နှင့် ပတ်သက်၍ ရေကြည်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်းထံ ဧရာဝတီက သွား ရောက် မေးမြန်းရာ ရုံးတွင် မရှိဘဲ ခရီးသွားနေကြောင်း ဆိုသဖြင့် ရေကြည်မြို့နယ် စာရင်းအင်းနှင့် လယ်ယာမြေ
စီမံခန့်ခွဲရေး ဦးစီးဌာနမှူး ဦးကိုကိုနိုင်ထံ ထပ်မံသွားရောက် မေးမြန်းရာတွင် အလုပ်မအားသည့် အတွက် ဖြေကြား မပေးနိုင်ကြောင်း ပြောဆိုခဲ့သည်။
ရေကြည်မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေး အဖွဲ့ အနေဖြင့် အစည်းအဝေး ခေါ်ယူတိုင်း ရေနံ့သာ မြေယာ ကိစ္စကို ဆွေးနွေး ဖြစ်ကြောင်း ရေကြည်မြို့နယ် လယ်/စီ ကော်မတီဝင်လည်း ဖြစ်ကာ ရေကြည် မြို့နယ် အမှတ် ၁ တိုင်းဒေသ ကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးညွှန့်က ပြောသည်။
“ဒီကိစ္စကို အောက်ခြေရဲ့အသံတွေကို ကျနော်တို့ စုစည်းပြီးတော့ ဧရာဝတီတိုင်း အစိုးရကို ပြန်လည် တင်ပြ သွားပါ မယ်။ တိုင်း အစိုးရက သူတို့ သဘောထား အတိုင်း ဆုံးဖြတ်ပေါ့။ ကျနော်တို့ကတော့ ဥပဒေအရ ခံစားခွင့် ခံစားထိုက် တဲ့ လူတွေ ရရှိဖို့ လုပ်ဆောင် သွားပါမယ်”ဟု ၎င်းက ဆိုသည်။
ယမန်နေ့က ဆန္ဒပြပွဲသို့ ရေကြည် မြို့နယ် မကျည်းလဟာ အုပ်စုနှင့် သရက်ချောင်း ကျေးရွာ အုပ်စုမှ လယ်သမား ၁၅၀ ကျော် ပါဝင် ဆန္ဒပြခဲ့ပြီး ဆန္ဒပြသူ လယ်သမားများမှာ “စွန့်လွှတ်မြေ ဧက ၁၃၀၀ အမြန်ချထားရေး”၊ “အကျင့်ပျက် တောင်သူ လယ်သမားများအား အရေးယူ ပေးရေး”၊ “အကျင့်ပျက် ဝန်ထမ်းများအား အရေးယူပေး ရေး”စသည့် ပိုစတာ များ ကိုင်ဆောင်၍ ရေကြည်မြို့ နေဝင်း ရပ်ကွက် ဘောလုံးကွင်းမှ မြို့လယ် လူစည်ကားရာ နေရာများသို့ လှည့်လည် ကာ ကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့ကြသည်။