ပြည်သူ့လွှတ်တော် ဥက္ကဌဟောင်း အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရဦးရွှေမန်းကိုယ်တိုင် နိုင်ငံရေးပါတီ တရပ် ထူထောင်ရခြင်းသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ကူညီရန်အတွက် ဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူများထံမှ သိရသည်။
လက်ရှိတွင်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် အလွန် နီးစပ်မှုရှိသူ သူရဦးရွှေမန်းသည် အတိုင်ပင်ခံကို ကူညီရင်း မြန်မာ့နိုင်ငံရေးတွင် ခိုင်မာသည့် အရပ်သား အစိုးရတခု ဆက်လက် အားကောင်းစေရန် ပါတီတရပ်အနေဖြင့် ဆက်လက် ဝန်းရံမည် ဖြစ်ကြောင်း ရေဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဝင်းဦးက ဧရာဝတီသို့ ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည်တို့ ကြားဖြတ်ဝင်လာကတည်းကလည်း ကျနော်တို့ ကူညီခဲ့တာပဲ။ အဲဒါပြီးသွားတော့ ကျနော်တို့ မဲရှုံးပြီး ထွက်ရပေမယ့်လည်း အဘ(သူရ ဦးရွှေမန်း)တို့ဆိုရင် အထူးကော်မရှင် အနေနဲ့ လုပ်ပြီးတော့ အကုန်ကူညီနေတာပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ အရပ်သား အစိုးရ ဖြစ်လာတာကို ခိုင်မာစေချင်တယ်။ ရေရှည်သွားစေချင်တယ်။ ဒီစေတနာနဲ့ပဲ ကူညီနေတာပါ”ဟု ဦးဝင်းဦးက ပြောသည်။
ထို့ကြောင့် ပြည်ထောင်စု ပါတီ၊ ပြည်သူ့အရေး ပါတီ၊ အမျိုးသား အကျိုးစီးပွားပါတီစသည့် နာမည်များဖြင့် ပါတီကို မကြာမီ မှတ်ပုံ တင်ရန် ရှိကြောင်း၊ ပါတီ ဦးဆောင်သူ ၁၉ ဦး ရှိပြီး သူရ ဦးရွှေမန်းက ဥက္ကဌအဖြစ် ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
“ပြင်ဆင်မှုက လောလောဆယ် ပါတီ မှတ်ပုံတင်ဖို့၊ စနစ်တကျ လုပ်ဖို့ပေါ့နော်။ ကျန်တာ အားလုံးက အဘကြီး (သူရ ဦးရွှေမန်း)က စနစ်တကျနဲ့ လုပ်တတ်တယ်။ ဥပဒေနဲ့ညီအောင် အားလုံး လုပ်တယ်ဆိုတော့ သူက အဆင့်ဆင့် စီစဉ်သွားမှာပါပဲ”ဟု ပါတီထူ ထောင်ရာတွင် ပါဝင်သူတဦးဖြစ်သူ ဦးဝင်းဦးက ဆက်လက် ပြောကြားသည်။
သူရ ဦးရွှေမန်း၏ ပါတီသည် ဇန်နဝါရီလ ၂၈ ရက်နေ့က မှတ်ပုံတင်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့၍ နေပြည်တော်ရှိ သတင်းထောက်များသည် ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် သွားရောက် စောင့်ဆိုင်းခဲ့ကြသော်လည်း ယင်းနေ့တွင် လာရောက် မှတ်ပုံ တင်ခြင်း မရှိခဲ့ပါ။
ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်း ထူထောင်မည့် ပါတီတွင် လွှတ်တော်ကိုယ်စားလှယ်ဟောင်းများ၊ အငြိမ်းစား တပ်မတော် အရာရှိများနှင့် ပညာရှင်တချို့ ပါဝင်ကြောင်း နီးစပ်သူများက ဆိုသည်။ မည်သူများ ပါဝင်မည်ကို အသေးစိတ် မသိရှိရပါ။
“ဘာပဲဖြစ်ဖြစ် အသံကြားနေပြီဆိုတော့ ကောင်းတယ် ပြောတဲ့သူလည်း ရှိတယ်။ ဝိုင်းဆဲကြတဲ့ လူတွေလည်း ရှိတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျနော်တို့ကတော့ လိပ်ပြာသန့်တယ်။ ကျနော်တို့သည် လိုအပ်သည့်ဘက်က ဝိုင်းကူမယ်။ ပါတီထောင်တယ် ဆိုပေမယ့် ဥပဒေအရသာ ပါတီထောင်ပြီး လုပ်ရတာ။ တကယ်တမ်း ကျနော်တို့က နိုင်ငံရေး မလုပ်ဘူး။ နိုင်ငံ့ အရေးအတွက်ပဲ လုပ်ပေးမှာ”ဟု လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဝင်းဦးက ပြောသည်။
သူရ ဦးရွှေမန်းသည် ပါတီ ထောင်ရန် မဆုံးဖြတ်မီ သဘောထားမှတ်ချက်တချို့ တောင်းခံခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ကူညီရာတွင် ပါတီထောင်ရန် လို၊ မလိုဆိုသည့် အချက်တခုလည်း ပါဝင်ခဲ့ကြောင်း၊ ပါတီထောင်ရန် ဆုံးဖြတ်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အသိပေးခဲ့ပြီး ဖြစ်ကြောင်းလည်း ၎င်းနှင့် နီးစပ်သူများထံမှ သိရသည်။
၎င်း၏ နိုင်ငံရေးပါတီ အသစ်တရပ် ထူထောင်မှုသည် အတိုက်အခံ ကြံ့ခိုင်ရေးပါတီကို အတိုင်းအတာ တခုအထိ ရိုက်ခတ်မှု ရှိမည် ဖြစ်သော်လည်း လက်ရှိ ဥက္ကဌ ဦးသန်းဌေး၏ ဦးဆောင်မှုဖြင့် ၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရာတွင် သူရ ဦးရွှေမန်း၏ ပါတီအသစ်ကြောင့် စိုးရိမ်မှု လုံးဝ မရှိကြောင်း ကြံ့ခိုင်ရေးပါတီ ပြောခွင့်ရသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။
သို့သော် “ပါတီမှာ တာဝန်ကြီးကြီး ယူခဲ့တဲ့ ပုဂ္ဂိုလ်တွေ အနေနဲ့ ဘယ်သူမဆို နိုင်ငံတော်နဲ့ နိုင်ငံသား အကျိုးအတွက် ရွည်ရွယ်ပြီး လုပ်ကြတာပဲ။ ကိုယ်တည်ဆောက်ခဲ့တဲ့ ကိုယ်ဦးဆောင်ခဲ့တဲ့ ပါတီအပေါ်ကနေ တာဝန်ယူခဲ့တဲ့ ပုဂ္ဂိုလ်တွေက ဒီလိုမျိုး ဆောင်ရွက်မှုမျိုး ကတော့ ကျနော်တို့ အနေနဲ့ ပြောရင် စိတ်မကောင်းဘူး”ဟုလည်း ၎င်းက ပြောသည်။
သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းကမူ သူရ ဦးရွှေမန်း၏ ပါတီသည် လက်ရှိ နိုင်ငံရေး အခြေအနေ အရ ထောက်ခံမှု တချို့ရရှိနိုင်သော်လည်း နေရာများစွာ ရရှိမည် မထင်ကြောင်း မကြာမီက တည်ထောင်ထားသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်း ဦးကိုကိုကြီးတို့၏ ပါတီနှင့် ယှဉ်၍ သုံးသပ်သည်။
“သူ(သူရ ဦးရွှေမန်း)က အရင် USDP ပါတီ ဒု ဥက္ကဌ ဖြစ်ခဲ့တဲ့ အခါကျတော့ အခုလုပ်ရပ်က USDP ပါတီကို အားဖြည့်တာမျိုး မဖြစ်ဘဲနဲ့ USDP ပါတီ ကို အားနည်းသွားအောင် NLD ကို ကူညီရာ ရောက်မှာပေါ့။ ဦးကိုကိုကြီးတို့ အနေနဲ့က NLD ကို ကူညီဖို့ ထောင်တယ်လို့ ပြောပေမယ့် လက်တွေ့မှာ သူတို့ NLD ကို အားနည်းအောင် လုပ်သလို ဖြစ်သွားလိမ့်မယ်”ဟု ၎င်းက ပြောသည်။
၎င်းက ဆက်၍ “လက်တွေ့ ရွေးကောက်ပွဲဝင်ရင် ဦးရွှေမန်းပါတီကို မဲပေးမယ့် လူတွေက NLD စစ်စစ်တွေက ပေးမှာ မဟုတ်ဘူး။ USDP ထဲက ဝေဝါးနေတဲ့၊ USDP ကို အားမရတဲ့ သူတွေကပဲ ပေးမှာ။ အရင် သူတို့ USDP ထဲမှာ ရှိတဲ့ အစွယ်အပွားတွေ၊ နောက် တခုက တပ်မတော်မှာ ဦးရွှေမန်းကို သဘောကျတဲ့ ပုဂ္ဂိုလ်တွေ၊ ဆိုလိုတာက NLD ကို အားဖြည့်ရာရောက်မှာတော့ သေချာ တယ်”ဟု ပြောသည်။
သူရ ဦးရွှေမန်းသည် ၁၉၆၅ ခုနှစ်၊ စစ်တက္ကသိုလ် ဗိုလ်လောင်း အမှတ်စဉ် ၁၁ ကို တက်ရောက်ခဲ့သူ တဦး ဖြစ်ပြီး တပ်မတော်တွင် ၂၀၁၀ ပြည့်နှစ် အထိ ဗိုလ်ချုပ်ကြီး အဆင့်နှင့် ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး တာဝန်ကို ထမ်းဆောင်ခဲ့သူ တဦး ဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပေါ်ပေါက်လာပြီး တပ်မတော်က အာဏာလွှဲသည့်အခါ တပ်မတော်မှ ထူထောင်ထားသည့် ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီမှ တဆင့် ၂၀၁၀ ရွေးကောက်ပွဲကို နေပြည်တော်၊ ဇေယျာသီရိမြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင်ရာ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ ဖြစ်လာခဲ့သည်။
သို့သော် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီတွင် ကြံ့ခိုင်ရေးပါတီ ယာယီ ဥက္ကဋ္ဌ ဘဝတွင် “သန်းခေါင်ယံ အာဏာသိမ်းပွဲ” ဖြင့် ရာထူးမှ ဖြုတ်ချခံရပြီး ၂၀၁၅ ရွေးကောက်ပွဲကို သာမန် ပါတီဝင်တဦး အနေဖြင့် ဖြူးမြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ သော်လည်း အနိုင်မရတော့ပါ။
ယခုအခါ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တာဝန်ပေးထားသည့် ပြည်ထောင်စု လွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဌအဖြစ် ၂၀၁၆ ခုနှစ်မှ စတင်ပြီး ဆောင်ရွက်လျက်ရှိပြီး ၎င်း၏ ကော်မရှင်သည် ရှေ့ နေချုပ် ရုံးကဲ့သို့ ဥပဒေများ၊ လုပ်ငန်း စီမံကိန်းများနှင့် ပတ်သက်ပြီး သဘောထားမှတ်ချက်ပြုသည့် နေရာတွင် အရေးပါသည့် အထူးကော်မရှင်တခု ဖြစ်လာသည်။
၂၀၁၅ ရွေးကောက်ပွဲကို NLD အနိုင်ရပြီးနောက် အစိုးရ ဖွဲ့ နိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ကူညီခဲ့ပေးခဲ့ပြီး လက်ရှိ အချိန်အထိ အစိုးရ အဖွဲ့ ဝန်ကြီး၊ ဒုဝန်ကြီးနှင့် ပြည်ထောင်စု အဆင့် အဖွဲ့ ဝင်များ အပြောင်းအလဲ ပြုလုပ်ရာတွင် ၎င်း၏ အထူးကော်မရှင် အဖွဲ့ဝင် အများစု နေရာ ရလျက် ရှိသည်။
လက်ရှိတွင် ပါတီထူထောင်ရန်နှင့် လုပ်ငန်းစဉ်များ ရှေ့ဆက်နိုင်ရေး ပုံမှန် အစည်းအဝေးများ ပြုလုပ်လျက်ရှိကြောင်း၊ ဦးရွှေမန်း၏ အထူးကော်မရှင်မှ အဖွဲ့ ဝင် ၄ ဦးခန့် ပါတီတွင် ပြန်ပါမည် ဖြစ်ကြောင်း၊ ပါတီရန်ပုံငွေကို ပါတီစတင်တည်ထောင်သူများက တတ်နိုင်သလောက်ထည့်ရမည့် စနစ်ဖြင့် ပြုလုပ်ထားကြောင်း သိရသည်။