ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေ ပုဒ်မ ၁၆(ခ)/၂၂ ဖြင့် ထောင်ဒဏ် တနှစ်ချမှတ်ခံရသည့် ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်မှာ မနက်ဖြန် ဖေဖော်ဝါရီလ ၁ ရက်နေ့ ပြန်လွတ်မည်ဖြစ်ကြောင်း အင်းစိန် အကျဉ်းထောင်တာဝန်ရှိသူက ဧရာဝတီ သို့ပြောသည်။
၎င်းသည် မောင်းတောမြို့နယ်၊ အင်းဒင်ကျေးရွာအနီး ဘင်္ဂါလီ ၁၀ ဦးအသတ်ခံရမှုအား ဖော်ထုတ်ခဲ့သည့် Reuters သတင်းထောက် နှစ်ဦးကို ရဲမှူးချုပ်တင်ကိုကိုက ထောင်ခြောက်ဆင် ဖမ်းဆီးခဲ့ကြောင်း တရားခွင်တွင် ဖွင့်ချထွက်ဆိုခဲ့သူဖြစ်သည်။
ယင်းသို့ထွက်ဆိုပြီး ရက်ပိုင်းအတွင်းပင် ၎င်း၏မိသားစုများလည်း နေပြည်တော် ရဲလိုင်းခန်းမှ ထွက်ခွာပေးခဲ့ရပြီး ပြစ်ဒဏ်အတွက် ချုပ်ရက်ခံစားခွင့်များလည်း မရခဲ့ကြောင်း မိသားစုဝင်များကပြော သည်။
ဦးမိုးရန်နိုင်သည် သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အား မဖမ်းဆီးမီ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့ကတည်းက ထိန်းချုပ်ခံခဲ့ရပြီး ဖမ်းဆီးထိန်းသိမ်းထားစဉ်အတွင်း ရက်ပေါင်း ၁၂၀ ကျော်ကြား မိသားစု၊ ရှေ့နေများနှင့် တွေ့ဆုံခွင့်မရခဲ့ပေ။
ရဲတပ်ဖွဲ့၏ ထောင်ချောက်ဆင်ဖမ်းဆီးမှုအကြောင်း တရားခွင့်အတွင်း ဖွင့်ချထွက်ဆိုခဲ့သည့် ဦးမိုးရန်နိုင်အား Pen Myanmar အဖွဲ့က လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ကို ထူးချွန်စွာကာကွယ်ကျင့်သုံးသူ နိုင်ငံ့ဝန်ထမ်းဟောင်းအဖြစ် ဂုဏ်ပြုဆုကို ဒီဇင်ဘာ ၂၂ ရက်နေ့က ပေးအပ်ခဲ့သည်။