လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကို ကယားပြည်နယ်မြို့တော် လွိုင်ကော်ရှိ ပန်းခြံတွင် မြို့ခံအများအပြား၏ သဘောထားနှင့် ဆန့်ကျင်လျက် စိုက်ထူထားရှိရန် အတွက် အင်္ဂါနေ့က သယ်ဆောင်လာခဲ့သည်။
အများပြည်သူ ထောက်ခံချက်မပါဘဲ ယင်းသို့ စိုက်ထူခြင်းပြုမည် မဟုတ်ကြောင်း ပြည်နယ် ဝန်ကြီးချုပ်က ဇူလိုင်လက ပေးခဲ့သည့်ကတိကို ချိုးဖောက်လျက် ယခုကဲ့သို့ ကြေးရုပ် ရောက်ရှိလာသည်ကို တွေ့ရ၍ မြို့ခံအများအပြားက အံ့အားသင့်နေကြကြောင်း ဒေသဆိုင်ရာ အခွင့်အရေးလှုပ်ရှားသူများက ပြောသည်။
ကုန်တင်ကားကြီးနှင့် သယ်ဆောင်လာသော ရုပ်တုကို လွိုင်ကော်မြို့ထဲရှိ ပန်းခြံတွင် နေရာ ချထားရေး လုပ်ဆောင်နေချိန်၌ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ တချို့က ထိုနေရာကို လာရောက် ဟန့်တားရန် ကြိုးစားသော်လည်း အစိုးရ တာဝန်ခံတချို့က ထိုကိစ္စနှင့်ပတ်သက်၍ အစိုးရထံသို့သာ ပြောရမည်ဖြစ်ကြောင်း ပြန်လည် ပြောဆိုခဲ့သည်။
“သူတို့ကို မနှစ်က ရုပ်တုမထားဖို့ ကျနော်တို့ တောင်းဆိုတဲ့အခါမှာ သူတို့က မလုပ်ပါဘူးလို့ ပြောတယ်။ ဒါပေမယ့် သူတို့က တကယ်လုပ်ပြီးပြီ။ သူခိုးလို သူတို့လုပ်တာပါ။ ကျနော်တို့ ပြည်သူတွေအပေါ် သူတို့မရိုးသားပါဘူး” ဟု ဒေသခံတဦးဖြစ်သည့် ကိုမျိုးလှိုင်ဝင်းက ဧရာဝတီသို့ ဗုဒ္ဓဟူးနေ့တွင် ပြောသည်။
“တကယ်လို့ သူတို့က ရုပ်တု စိုက်ထူမယ်ဆိုရင် မြို့ခံလူထုနဲ့ ပြဿနာတွေ အများကြီး တက်လိမ့်မယ် ဆိုတာ သူတို့သိပါတယ်။ ဒါပေမယ့် သူတို့က လုပ်နေတုန်းပဲဗျ။ သူတို့လုပ်ချင်ရာ လုပ်နေကြတာ။ ဂုဏ်သိက္ခာ မရှိပါဘူး” ဟု လွိုင်ကော်အခြေစိုက် ကယန်းအမျိုးသား ပါတီဥက္ကဋ္ဌ ခွန်းဘီထူးက ပြောသည်။
ကြေးရုပ် စိုက်ထူခြင်းကို ဆန့်ကျင်ပြီး ဆန္ဒပြရန် ဒေသခံများ မကြာမီ စုဝေးကြမည်ဖြစ်ကြောင်း ကိုမျိုးလှိုင်ဝင်းနှင့် ခွန်းဘီထူးတို့က ပြောကြသည်။
ကြေးရုပ်စိုက်ထူရေးကိစ္စ၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မပါဝင်ကြောင်း လွိုင်ကော်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံး ဥက္ကဋ္ဌ ဦးသောင်းဌေးက ပြောသည်။
“ပြည်နယ် အစိုးရအဖွဲ့ဝင်တချို့နဲ့ လူတစုက ဒီစီမံချက်ကို ဦးစီး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ကျနော်တို့ မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒေသခံပြည်သူတွေက ဒီစီမံချက်ကို ကန့်ကွက် ဆန္ဒပြပြီး ကျနော်တို့ ပါတီပုံရိပ်ကျမှာကိုလည်း စိုးရိမ်ပါတယ်” ဟု သူက ပြောသည်။
“စီမံချက် အကောင်အထည်ဖော်ဖို့လည်း သူတို့ဖာသာ ဆုံးဖြတ်တာပါ။ ကျနော်တို့ ပါဝင်ပတ်သက်မှု မရှိပါဘူး။ ကန့်ကွက်တဲ့လူတွေ ရှိတဲ့အတွက် ကိုယ့်ဖာသာကိုယ်ပဲ ကြည့်လုပ်ကြ။ ကျနော်တို့က ဘာမှ ပြောလို့ မရဘူး။ ဘာမှလည်း မသိဘူးဗျ၊ ဒီကိစ္စနဲ့ပတ်သက်ပြီး” ဟု သူက ဖြည့်စွက် ပြောဆိုသည်။
ဧရာဝတီက ဗုဒ္ဓဟူးနေ့၌ ဆက်သွယ်၍ ယင်းကိစ္စအပေါ် ပြည်နယ်အဆင့် တာဝန်ရှိသူများထံမှ သဘောထား မှတ်ချက် တောင်းခံခဲ့သော်လည်း အလုပ်များနေသည် ဟုသာ ဆိုသည်။
တခြားသော ပြည်နယ်များတွင်လည်း ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်များကို ဗမာမဟုတ်သော တိုင်းရင်းသားများ သဘောထားနှင့် ဆန့်ကျင်လျက် စိုက်ထူထားပြီး ဖြစ်သည်။ နိုင်ငံရှိ လူနည်းစု တိုင်းရင်းသားများ ထိခိုက်နစ်နာနေဆဲ ဖြစ်ပြီး ၎င်းတို့ တောင်းဆိုထားသော ဖက်ဒရယ်စနစ်ဖြင့် အစိုးရဖြစ်ရေး မပြည့်ဝသေးသည့် ကာလအတောအတွင်း ယင်းသို့ ကြေးရုပ် မစိုက်ထူသင့်ကြောင်း တိုင်းရင်းသား အခွင့်အရေး တက်ကြွလှုပ်ရှားသူ တချို့က ပြောသည်။
တိုင်းရင်းသား အသိုင်းအဝိုင်းအနေဖြင့် ၎င်းတို့၏ နိုင်ငံရေးသမားနှင့် လွတ်လပ်ရေး ခေါင်းဆောင် များ၏ ရုပ်တုများကို အစားထိုး စိုက်ထူခွင့် ရှိသင့်ကြောင်း အဆိုပါ တက်ကြွလှုပ်ရှားသူ တချို့က ဆိုသည်။
လွိုင်ကော်တွင် ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူ ဖွင့်လှစ်မည့်အချိန်ကို ကယားပြည်နယ် အစိုးရက ပြောကြားခြင်း မရှိသေးပေ။
(Lawi Weng ၏ Gen. Aung San Statue Lands in Loikaw, Renews Local Ire ကို ဘာသာပြန်သည်။)