စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်ရှိ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ–ကပ္ပလန် (NSCN-K) ၏ ဗဟိုဌာနချုပ်ကို တပ်မတော်က အင်အား ၄၀၀ ခန့်ဖြင့် ဝင်ရောက် ထိန်းချုပ်လိုက်ကြောင်း သတင်းရရှိသည်။
နန်းယွန်းမြို့နယ်၊ တာဂါကျေးရွာရှိ NSCN-K ဌာနချုပ်ဖြစ်သော တံခါးစခန်းကို အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခန္တီးဗျူဟာမှူး ဦးဆောင်သည့် စစ်ကြောင်းက ယခုလ ၂၉ ရက်နေ့က စတင်ဝင်ရောက်၍ တပ်စွဲထားခြင်း ကြောင့် ဆုတ်ခွာပေးလိုက်ရကြောင်း ထားကြောင်း NSCN-K ဘက်က ဧရာဝတီသို့ ပြောသည်။
NSCN-K ဗဟိုကော်မတီဝင် ဦးကျော်ဝမ်းစိန် က “ကျနော်တို့ ဖယ်ပေးလိုက်တာပေါ့၊ ဖယ်ပေးလိုက်တဲ့ အကြောင်းရင်းကတော့ ကျနော်တို့ လက်နက်ကြီးတွေပစ် သေနတ်တွေ ပေါက်သွားရင် မြန်မာနိုင်ငံအစိုးရနဲ့ ကျနော်တို့ကြားမှာ ငြိမ်းချမ်းမှု ဖြစ်စဉ်တွေက ပျက်ပြားသွားမှာ အဲဒါကြောင့် ကျနော်တို့က ဖယ်ပေးလိုက်တယ်၊ နောက်ဆုတ်ပေးလိုက်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် တပ်မတော်က NSCN-K ဗဟိုဌာနချုပ်တွင် တပ်ရင်း ၆ ရင်း အင်အား ၄၀၀ ကျော်ဖြင့် တပ်စွဲထား သော်လည်း တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသကဲ့သို့ ထိခိုက်မှု တစုံတရာ မရှိကြောင်း၊ NSCN-K မှ ငြိမ်းချမ်းရေးကော် မတီ အဖွဲ့ဝင်များ အပါအဝင် လက်နက် မတပ်ထားသော တပ်ဖွဲ့ဝင် တချို့လည်း အတူတကွရှိကြောင်း သိရသည်။
NSCN-K ဗဟိုဌာနချုပ်ကို မည်သည့်အတွက်ကြောင့် ဝင်ရောက် သိမ်းလိုက်ခြင်းကို မသိကြောင်း၊ စစ်ကြောင်း ထိုးခြင်း ကြောင့်သာ ဖြစ်သွားခြင်းဟု နားလည်မိကြောင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့မှ အလုပ် အမှုဆောင် (လူမှု) ဦးကာစီရန်း က ပြောသည်။
ဦးကာစီရန်း က “သိမ်းလိုက်တယ်လို့ပဲ ပြောရမှာပေါ့။ လူထိခိုက်မှု မရှိဘူး၊ တချို့တွေကတော့ ဒီစခန်းမှာ ရှိနေတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုကိစ္စနှင့် ပတ်သက်ပြီး NSCN-K အထက်လူကြီးပိုင်းများနှင့် ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း၊ ထို့အတူ တပ်မတော်အနေဖြင့် ၎င်းတို့ဌာနချုပ်ကို အင်အားအလုံးအရင်ဖြင့် ဝင်ရောက်လာရသည့် အကြောင်း အရင်းကိုလည်း မေးမြန်းနေဆဲ ဖြစ်ကြောင်း ပြောသည်။
NSCN-K ဗဟိုဌာနချုပ်သို့ ဝင်ရောက်ထိန်းချုပ်မှုနှင့်ပတ်သက်ပြီး ဧရာဝတီက အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး သန်းနိုင် ကို မေးမြန်းရာတွင် “အချိန်တန်ရင်တော့ သိရပါမယ်၊ ကျနော်တို့လည်း အဲလောက်ပဲ ပြောခွင့်ရသေးလို့ပါ။ အချိန် တန်ရင်တော့ အသိပေးပါမယ်။ သိမ်းတော့ မသိမ်းပါဘူး။ အချိန်တန်ရင်တော့ ပြောပေးပါမယ်” ဟု ပြောသည်။
NSCN-K နှင့် အစိုးရသည် ၂၀၁၂ ခုနှစ်၊ ဧပြီလ ၉ ရက်က တိုင်းဒေသကြီးအဆင့် အပစ်အခတ် ရပ်စဲရေး စာချုပ်ကို လက်မှတ် ထိုးထားပြီး တာဂါဒေသရှိ တံခါးစခန်းကို NSCN-K ၏ ဗဟိုဌာနချုပ်အဖြစ် ၂ ဖက် သဘောတူညီမှု ရရှိထားခြင်းကြောင့် အခြားဒေသသို့ ဗဟိုဌာနချုပ်ပြောင်းလဲရန် အစီအစဉ်မရှိကြောင်း ဦးကျော်ဝမ်းစိန်က ပြောသည်။
NSCN-K ကို မြန်မာအစိုးရက တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အပါအဝင် ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်တို့ လက်မှတ်ရေးထိုးနိုင်ရေး ကမ်းလှမ်းထားသည်။
NSCN-K ဘက်ကတော့ အိန္ဒိယရှိ နာဂလူမျိုးများနှင့် မြန်မာရှိ နာဂလူမျိုးများကို လွှမ်းခြုံနိုင်သည့် စေ့စပ်မှု မရှိလျှင် NCA ထိုးရန် မဖြစ်နိုင်ကြောင်း ဧရာဝတီကို ပြောထားဖူးသည်။
NSCN ကို ၁၉၈၀ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သော်လည်း အထက်ပိုင်းတွင် သဘောထား မတူညီမှုကြောင့် ၁၉၈၈ ခုနှစ်တွင် မြန်မာဘက်တွင် အခြေစိုက်သည့် NSCN-K နှင့် အိန္ဒိယဘက်တွင် အခြေစိုက်သည့် NSCN-IM ဆို၍ ၂ ဖွဲ့ ခွဲသွားပြီး နာဂနိုင်ငံရေးကို ဆောင်ရွက်ကြသည်။
နာဂလက်နက်ကိုင် အဖွဲ့များ၏ အိမ်မက်သည် နာဂနိုင်ငံ ထူထောင်ရေးဖြစ်ပြီး NSCN-K က အိန္ဒိယအစိုးရကို လက်နက်ကိုင် တိုက်ခိုင်လျက်ရှိရာ အိန္ဒိယတပ်မတော်နှင့် NSCN-K ကြား အိန္ဒိယ–မြန်မာနယ်စပ် အနီးတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသကဲ့သို့ အိန္ဒိယအရှေ့မြောက်ဒေသအတွင်လည်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။
ထိုကြောင့် အိန္ဒိယအစိုးရက မြန်မာအစိုးရအနေဖြင့် NSCN-K ကို မြန်မာပိုင်နက်အတွင်း အခြေစိုက်ခွင့် မပြုရန် တောင်းဆိုလျက် ရှိသကဲ့သို့ ပူးပေါင်း၍ စစ်ဆင်ရေးလုပ်ဆောင်ရန် သို့မဟုတ် နယ်စပ် ဖြတ်ကျော် တိုက်ခိုက်ခွင့် ပေးရန်လည်း အမြဲတောင်းဆိုလျက် ရှိကြောင်း သိရသည်။
မြန်မာဘက်တွင်တော့ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းတွင် မြန်မာ့တပ်မတော်နှင့် NSCN-K ကြား တိုက်ပွဲများ မဖြစ်တော့သလို ၂၀၁၂ ခုနှစ်က တိုင်းဒေသကြီးအဆင့် အပစ်အခတ်ရပ်စဲရေး စာချုပ်ကိုလည်း လက်မှတ်ထိုး ထားပြီး NCA တွင် ပါဝင် လက်မှတ် ထိုးလာနိုင်ရေး ကြိုးပမ်းနေကြောင်း သိရသည်။
သို့သော် ၂၀၁၈ ခုနှစ် ဇူလိုင်လကုန်ပိုင်းက NSCN-K ဥက္ကဋ္ဌ ဟောင်း ဦးခမ်းငေါ်ကို အနောက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က နယ်မြေကျော် မလှုပ်ရှားရန်နှင့် တာဂါဒေသတွင် နေထိုင်ရန် သတိပေးခဲ့သလို တိုက်ပွဲငယ်တခုဖြစ်ပွားခဲ့ပြီး NSCN-K ၏ အကောက်ခွန် စခန်းတခု ဆုတ်ပေးလိုက်ရသည်။
ထို့နောက် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်တွင် NSCN-K အဖွဲ့အစည်းအတွင်း အစည်းအဝေး တရပ်ကျင်းပပြီး နောက် ဥက္ကဋ္ဌ ဦးခမ်းငေါ်ကို ဖြုတ်ချလိုက်ပြီး သေဆုံးသွားသည့် ဦးကပ္ပလန်၏ တူဖြစ်သူ ဦးယုံးအောင်ကို ဥက္ကဋ္ဌ အဖြစ် တင်မြောက်ခဲ့ရာ လက်ရှိမှာ ဦးယုံးအောင် က NSCN-K အား ဦးဆောင်လျက်ရှိကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန် –
“အခုထိ NCA လက်မှတ် ထိုးဖို့ အစီအစဉ် မရှိသေးဘူး”
NSCN –K နာဂအဖွဲ့ အတွင်း ဥက္ကဋ္ဌကို ဖြုတ်ကာ ခေါင်းဆောင်အပြောင်းအလဲလုပ်