ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ကန္ဒာ ဟေဝန် ပန်းခြံတွင် ဗိုလ်ချုပ် အောင်ဆန်း မြင်းစီး ကြေးရုပ်တု ထားရှိမည့် ကိစ္စနှင့် ပတ်သက်၍ ကရင်နီ လူငယ်များက ကန့်ကွက်သည့် အနေဖြင့် ယနေ့ နေ့လယ် ၁ နာရီခွဲ အချိန်က ယင်းပန်းခြံ အတွင်း ထိုင် သပိတ်မှောက်ခြင်း စတင် ပြုလုပ်နေကြောင်း သိရသည်။
ထိုင်သပိတ်တွင် ပါဝင်သူ ကရင်နီပြည် လူငယ်များ သမဂ္ဂမှ ခွန်ရဲမင်းကျော်က“လုံးဝ မတည်ဆောက်ဖို့ထိ ကန့်ကွက်သွား မှာ ဖြစ်ပါတယ်။ အေးအေးဆေးဆေး ထိုင်သပိတ်ပဲ လုပ်ပါမယ်။ သူတို့ လာဖမ်းမယ်ဆိုလည်း ကျနော်တို့က အသာတ ကြည်ပဲ အဖမ်းခံပါမယ်။ ဆူပူမှုတွေ လုပ်မှာ မဟုတ်ပါဘူး”ဟု ဧရာဝတီကို ပြောသည်။
ဆက်လက်၍ ၎င်းက လတ်တလောတွင် လူငယ်အင်အား ၁၀ ယောက်ကျော်ဖြင့် ကန့်ကွက် ဆန္ဒပြလျက် ရှိပြီး ယင်းပန်းခြံ တွင် အချုပ်ကားများ၊ လက်နက် အပြည့်အစုံနှင့် လုံခြုံရေးများ အပြည့်ရောက်ရှိနေပြီ ဖြစ်ကြောင်း ပြောသည်။
“ဝန်ကြီးချုပ်က ကတိပေးထားတာ ရှိတယ်။ ပြည်သူတွေရဲ့ ဆန္ဒပါမှ လုပ်ပါမယ်ဆိုတဲ့ ဟာမျိုး ရှိတယ်။ အခုက ပြည်သူတွေ လိုလိုလားလား မရှိသေးတဲ့ အချိန်မှာ အတင်း အဓမ္မ လုပ်တဲ့ အတွက်ကြောင့် ကန့်ကွက်ရတာပါ”ဟုလည်း ခွန်ရဲမင်းကျော် က ပြောဆိုသည်။
ကယား ပြည်နယ် စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမော်မော်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်များ ဦးဆောင်၍ အဆိုပါ ဗိုလ်ချုပ်ကြေးရုပ်တုကို ကန္ဒာဟေဝန် ပန်းခြံသို့ ဇန်နဝါရီ ၂၉ ရက်ကတည်းက သယ်ဆောင်နေရာ ချထားခြင်း ဖြစ်ကြောင်း၊ ဖွင့်ပွဲကို ဖေဖော်ဝါရီ ၁၂ (သို့) ၁၃ ရက်တွင် ပြုလုပ်ရန် ပြင်ဆင်နေကြောင်း ဒေသခံများထံမှ စုံ စမ်းသိရှိရသည်။
သို့သော် အဆိုပါ ကြေးရုပ်စိုက်ထူရေး ကိစ္စနှင့် ပတ်သက်၍ NLD မပါဝင်ကြောင်း လွိုင်ကော် မြို့နယ် NLD အဖွဲ့ချုပ်ရုံး ဥက္ကဋ္ဌ ဦးသောင်းဌေးက ဧရာဝတီကို ပြောဆိုထားသည်။
“ပြည်နယ် အစိုးရ အဖွဲ့ဝင် တချို့နဲ့ လူတစုက ဒီစီမံချက်ကို ဦးစီး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ကျနော်တို့ မဟုတ်ပါ ဘူး။ ဘာကြောင့်လဲဆိုတော့ ဒေသခံ ပြည်သူတွေက ဒီစီမံချက်ကို ကန့်ကွက် ဆန္ဒပြပြီး ကျနော်တို့ ပါတီ ပုံရိပ်ကျမှာကို လည်း စိုးရိမ်ပါတယ်”ဟု ၎င်းက ပြောသည်။
ဆက်လက်၍ ဦးသောင်းဌေးက“စီမံချက် အကောင်အထည်ဖော်ဖို့လည်း သူတို့ဘာသာ ဆုံးဖြတ်တာပါ။ ကျနော်တို့ ပါဝင် ပတ်သက်မှု မရှိပါဘူး။ ကန့်ကွက်တဲ့ လူတွေ ရှိတဲ့အတွက် ကိုယ့်ဘာသာကိုယ်ပဲ ကြည့်လုပ်ကြ။ ကျနော်တို့က ဘာမှ ပြော လို့ မရဘူး။ ဘာမှလည်း မသိဘူးဗျ ဒီကိစ္စနဲ့ပတ်သက်ပြီး”ဟုလည်း ပြောဆိုသည်။
ထို့အတွက်ကြောင့် ဧရာဝတီက ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုးကို မေးမြန်းရန် ယနေ့ ထပ်မံ ကြိုးစား ဆက်သွယ်ရာ ဆက်သွယ်၍ မရခဲ့သလို လွိုင်ကော်မြို့ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များထံ မေးမြန်းရန် ဖုန်းဆက် ရာ တွင်လည်း ဆက်သွယ်၍ မရခဲ့ပေ။
ကရင်နီ လူငယ်များ အနေဖြင့် ဗိုလ်ချုပ် ကြေးရုပ်တုကို ကရင်နီလူထု ဆန္ဒမပါဘဲ ပြန်လည် တည်ဆောက်နေမှုကို အပြင်း အထန် ကန့်ကွက်သွားမည် ဖြစ်ကြောင်း ဇန်နဝါရီ ၂၉ ရက်က သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့သလို ယနေ့ နေ့လယ် ပိုင်းတွင်လည်း ပြည်သူများပါ ဝိုင်းဝန်း ကန့်ကွက်ရန် နှိုးဆော်သည့် စာတစောင်ကို ထပ်မံ ထုတ်ပြန်ထားသည်။
၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ လတွင်လည်း ဗိုလ်ချုပ် ကြေးရုပ် တည်ဆောက်ရေးနှင့် ပတ်သက်၍ ပြည်နယ် အစိုးရက စတင် ဆွေးနွေးမှု အပေါ် ကရင်နီ လူငယ်များက ကန့်ကွက်မှုများ ပြုလုပ်ခဲ့သည်။
ထိုအချိန်က ကန့်ကွက် ဆန္ဒဖော်ထုတ်ခဲ့သည့် လူငယ် ၁၃ ဦး ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်း လှည့်လည်ခြင်း ဆိုင်ရာ ဥပဒေဖြင့် တရားစွဲဆိုခံရပြီး ယနေ့အထိ တရားရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း သိရသည်။