ကချင်ပြည်နယ် အစိုးရနှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တို့၏ အကူအညီနှင့် ကချင် စစ်ဘေးရှောင် ဒုက္ခသည် ၁၀၀ ကျော် နေရပ်ရင်း ဝိုင်းမော်မြို့၊ နမ်ဆန်ယန် ကျေးရွာသို့ ပြန်လည် အခြေချ နေထိုင်နေပြီဟု သတင်း ရရှိသည်။
နေရပ် ပြန်ကြသူများမှာ ၂၀၁၂ ခုနှစ်တွင် တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ ကြား တိုက်ပွဲများ ကြောင့် ဝိုင်းမော်မြို့နယ်မှ လုံခြုံရာ နေရာ ဒေသ အသီးသီးသို့ တိမ်းရှောင်ခဲ့ရသော ထောင်ချီသည့် စစ်ဘေးရှောင် ဒုက္ခ သည်များထဲတွင် ပါဝင်သည့် အိမ်ထောင်စု ၁၇ စု၊ လူဦးရေ ၁၀၅ ဦး ဖြစ်သည်။
အဆိုပါ ၁၀၅ ဦးသည် မြစ်ကြီးနားမြို့၊ အောင်နန်းရိပ်သာ ရပ်ကွက်ရှိ စိန်ကိုလန်ဘတ်ကာသီဒြယ် ဘုရားကျောင်း၊ ဝိုင်း မော်မြို့၊ စိန့်ဂျိုးဇက် ဘုရားကျောင်း တို့တွင် ခိုလှုံနေကြသူများ ဖြစ်ပြီး ဇန်နဝါရီလ ၃၀ ရက် နံနက်ပိုင်းက မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ကားများဖြင့် လာခေါ်ကာ နေရပ် ပြန်ပို့ပေးခြင်း ဖြစ်သည်။
နမ်ဆန်ယန် ဒေသခံများ နေရပ်ပြန်လည် ချထားရေး အခမ်းအနားတွင် ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ် ရေးရာ ဝန် ကြီး ဗိုလ်မှူးကြီး နေလင်းထွန်းက “၂၀၁၁ ခုနှစ်၊ ထိတွေ့ တိုက်ပွဲတွေ ကချင်ပြည်နယ်မှာ ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ ပထမ ဆုံး စတင် ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ခြင်းသည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကနေ ဒီဇင်ဘာ လ ၂၁ ရက်မှာ လမ်းညွှန် မှာကြားခဲ့တဲ့ အပေါ် မူတည်ပြီး ဒီလို နေရာချထားရေးတွေ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်” ဟု ပြော သည်။
၂၀၁၈ ခုနှစ်အတွင်းက စစ်ဘေးရှောင် ဒုက္ခသည် မိသားစု ၁၅ စုသည် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးထံသို့ နေရပ် ပြန်လိုကြောင်း စာတင်ပြလာ သဖြင့် တိုင်းမှူးမှ တဆင့် အထက်သို့ တင်ပြရာ ခွင့်ပြုမိန့် ရခဲ့ပြီး ကချင်ပြည်နယ် အစိုးရ အဖွ့ဲနှင့် ပူးပေါင်းကာ တပ်မတော်က နေရပ် ပြန်လည်ချထားရေး လုပ်ပေးရခြင်း ဖြစ်သည်ဟု ဗိုလ်မှူးကြီး နေလင်းထွန်းက ဆိုသည်။
စစ်ဘေးရှောင် ဒုက္ခသည်များ အတွက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တိုင်းမှူးထံသို့ စာတင်ပေးခဲ့သူမှာ ဗန်းမော်မြို့မှ အရပ်သား တဦး ဖြစ်သည့် ဦးဖောင်လားဂန်ဖန် ဖြစ်ပြီး ယခု နေရပ်ပြန်ရေးတွင်လည်း ၎င်းက ကူညီလျက် ရှိသည်။
ဇန်နဝါရီလ ပထမပတ်တွင် နမ်ဆန်ယန် ကျေးရွာသို့ ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့ပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ စစ်မြေပြင် အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များ၊ ရှေ့တန်း အမှတ် (၁၀၁) စစ်မြေပြင် အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်း ရေး လုပ်ဆောင်ပေးသည်ဟု သိရသည်။
မိုင်းရှင်းလင်းရေး ပြီးစီးပြီးနောက် ကချင်ပြည်နယ် ဝန်ကြီးချုပ်၊ ဒေါက်တာ ခက်အောင်နှင့် ပြည်နယ် အစိုးရ အဖွဲ့၊ မြောက် ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့ကို ပြန်တင်ပြပြီး ဒေသခံတို့၏ နေအိမ်များ၊ အုပ်ချုပ်ရေးရုံးနှင့် ဘာသာရေး အဆောက် အအုံများကို သန့်ရှင်းရေး ပြုလုပ်ပေးထားသည် ဟုလည်း ဗိုလ်မှူးကြီး နေလင်းထွန်းက ပြောသည်။
“နေရပ်၊ အိမ် မှန်ကန်မှု ရှိမရှိကို ဒီမှာ တာဝန် ထမ်းဆောင်ခဲ့ဖူးတဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေနဲ့ စိစစ်ပါတယ်။ အဲဒီလို ပြီးပြည့်စုံတဲ့ မှန်ကန်မှုတွေ ရှိပြီး လုပ်ငန်းစဉ်တွေ ပြီးတော့မှ နေရာချထားတာ ဖြစ်ပါတယ်” ဟုလည်း ၎င်းကဆိုသည်။
ထပ်မံ၍ နေရပ်ပြန်ရန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ထံသို့ အိမ်ထောင်စု ၃၀ က စာရင်း တင်ပြထားပြီး တပ်မတော်ဘက် ကလည်း စိစစ်ကာ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ နမ်ဆန်ယန်ရွာ မဟုတ်သည့် အခြား ရွာများတွင်လည်း နေရပ် ပြန်လိုပါက တပ်မတော်ကို တင်ပြလျှင် ပြန်လည် နေရာချထားရေးကို ဆောင်ရွက်ပေးမည် ဟု သိရသည်။
ဝိုင်းမော်မြို့၊ စိန့်ဂျိုးဇက် ဘုရားကျောင်းမှ စစ်ဘေးရှောင် ဒုက္ခသည် စခန်း တာဝန်ခံ ဦးဂွမ်ဆိုင်းက “ကျနော့်စခန်းက မိသား စု ၃ စု ပြန်တယ်။ ကျား ၈ ယောက်၊ မ ၉ ဦး၊ ၁၇ ဦးပါ။ အဲဒီ နေရာက တိုက်ပွဲ မဖြစ်ပေမယ့် အစိုးရနဲ့ KIO က လက်မှတ် မထိုးရသေးတော့ နယ်မြေက ငြိမ်းချမ်းမှု မရှိသေးဘူး။ တပ်မတော် ကတော့ အပြည့်အဝ ထိုင်ထားတဲ့ နေရာပါ” ဟု ပြော သည်။
နမ်ဆန်ယန် ကျေးရွာရှိ အချို့နေအိမ်များသည် တိုက်ပွဲများ ဖြစ်ပွားချိန်က လက်နက်ကြီး ကျည်များ ကျရောက်ခြင်းနှင့် မီး လောင်ခြင်းကြောင့် ပျက်စီး ပျောက်ဆုံးနေပြီ ဖြစ်ကာ အချို့နေအိမ် ခြံဝင်းများမှာလည်း ဒေသခံများ ထွက်ပြေးသွားသည့် ၇ နှစ်တာ အတွင်း နှစ်ရှည်ပင်များ ပေါက်နေပြီ ဖြစ်သည်။
ဦးဂွမ်ဆိုင်းက “တချို့အိမ်တွေက မရှိတော့ဘူး။ အခု ပြန်တဲ့ သူတွေက အများအားဖြင့် သူတို့ အိုးအိမ်တွေက မပြိုပျက် သေးဘူး။ မီးလောင်တဲ့ အထဲ မပါသွားတဲ့ အိမ်ရှင်တွေ ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။
စိန့်ဂျိုးဇက် စစ်ဘေးရှောင် ဒုက္ခသည် စခန်းတွင် ဒုက္ခသည် အိမ်ထောင်စု ၃၂၈ စု ရှိပြီး ထိုထဲတွင် နမ်ဆန်ယန်မှ အိမ် ထောင်စု ၃၉ စု၊ လူဦးရေ ၂၀၀ ကျော် ရှိနေသေးသည်ဟုလည်း ဦးဂွမ်ဆိုင်းက ဆိုသည်။
ဦးဂွမ်ဆိုင်းက ၎င်းတို့ စစ်ဘေးရှောင် တာဝန်ခံများ အနေဖြင့် အစိုးရနှင့် KIA ကြား ခိုင်မာသည့် သဘော တူညီချက်များ ရရှိပြီး နိုင်ငံတကာ စံနှုန်းများနှင့် အညီ နေရပ် ပြန်လည် ချထားရေး ဖြစ်လာစေရန် မျှော်လင့်သည် ဟု ဆိုသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ဇန်နဝါရီလ ၃၀ ရက် သတင်းထုတ်ပြန်ချက်တွင် နမ်ဆန်ယန်ကျေးရွာသို့ နေရပ် ပြန်သူများကို ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူး၊ လူသုံးကုန် ပစ္စည်းများနှင့် ငွေများ ထောက်ပံ့ ပေးခဲ့ သည်ဟု ရေးသားထားသည်။
နမ်ဆန်ယန် စစ်ဘေးရှောင်များ နေရပ်ပြန်ရေးကို ကူညီပေးနေသည့် ဦးဖောင်လားဂန်ဖန်ကလည်း စားနပ်ရိက္ခာ များကို ယခု တကြိမ်တည်း ကူညီမည် မဟုတ်ဘဲ လာမည့် လများတွင်လည်း ဆက်လက် ကူညီပေးရန် ရှိသည်ဟု ဆိုသည်။
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ၂၀၁၁ ခုနှစ်၊ ဇွန်လ ၉ ရက်မှ ၂၀၁၈ ခုနှစ် အတွင်း တပ်မတော်နှင့် KIA တို့၏ တိုက်ပွဲများကြောင့် နေရပ် စွန့်ခွာ ပြေးနေရသည့် စစ်ဘေးရှောင် ဒုက္ခသည် တသိန်းကျော် ရှိသည်။
ထို ၁ သိန်းကျော်ထဲမှ တဝက်ခန့်မှာ KIA ထိန်းချုပ် နယ်မြေ အတွင်းရှိ စစ်ဘေးရှောင် စခန်းများတွင် ခိုလှုံ နေကြရသည်။
စစ်ဘေးရှောင် ဒုက္ခသည်များကို အဓိက ကူညီပေးနေသည့် ဘာသာရေး အဖွဲ့အစည်း တခု ဖြစ်သည့် ကချင်နှစ်ခြင်း ခရစ် ယာန် အဖွဲ့ချုပ် (KBC) ကလည်း ဒုက္ခသည်များ နေရပ်ပြန်ရေး အတွက် တပ်မတော်နှင့် KIA တို့ကို တရားဝင် သဘောတူ ညီချက်များ ရသည် အထိ ညှိနှိုင်းရန် ပြောဆိုလျက် ရှိသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက် အထိ ကချင် ပြည်နယ် အပါအဝင် စစ်ဌာနချုပ် နယ်မြေ ၅ ခုတွင် အပစ် ရပ်ဆိုင်းထားပြီး အပစ်ရပ်ထားသည့် ၄ လကျော် ကာလတွင် ပဏာမ အပစ်ရပ်စာချုပ် (Bilateral Agreement) နှင့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှု စာချုပ် (NCA) လက်မှတ်ထိုးရေး အတွက် ညှိနှိုင်းကြမည်ဟု ထုတ်ပြန် ကြေညာ ထားသည်။
KIAသည် တပ်မတော်နှင့် Bilateral Agreement တစောင် ချုပ်ဆိုနိုင်ရေး အတွက် ညှိနှိုင်းရန် ပြင်ဆင်နေပြီး ကချင် စစ် ဘေးရှောင် ဒုက္ခသည်များ လူ့ဂုဏ်သိက္ခာ ရှိရှိ၊ လုံခြုံစိတ်ချစွာဖြင့် နေရပ်ပြန်နိုင်ရေး၊ ဒုက္ခသည်များ နေရပ်ပြန်သည့် နေရာ များတွင် နှစ်ဖက် တပ်များမှ စစ်ရေး အရ အထိအခိုက် မဖြစ်စေရေးကို အာမခံချက်များ ပေးကြရန် စသည့် အချက်များကို ညှိနှိုင်းမည် ဟုလည်း သိရသည်။