တပ်မတော်အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်သဘောတူထားကြောင်း သို့သော်လည်း စံနစ်တကျပြင်ရန်လိုကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ ပြောဆိုလိုက်သည်။
မွန်းလွဲပိုင်းက မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်အတွင် ယနေ့ ပြုလုပ်သည့် တပ်မတော်၏ စစ်ရေး လေ့ကျင့်မှု အခမ်းအနားသို့ တက်ရောက်၍ မိန့်ခွန်း ပြောကြားမှု အပြီးတွင် မီဒီယာများ၏ မေးမြန်းမှုကို အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။
တပ်ချုပ်က “ပြင်ဖို့ သဘောတူပြီးသား။ အခြေခံ ဥပဒေ မပြင်ဘူးလို့ တခါမှ မပြောခဲ့ဖူးဘူး။ ဟိုးနှစ်ပေါင်းများစွာ ကတည်းက ပြောခဲ့တယ်။ ပထမ အကြိမ် အစိုးရ ကတည်းက ပြောခဲ့တယ်။ သို့သော် စနစ်တကျ ပြင်ဖို့ပဲလိုတယ်။ ကျန်တာတော့ ဘာမှမပြောဘူး။ ပြင်သင့် ပြင်ထိုက်ချိန်မှာ ပြင်ဖို့ ရှိပါတယ်” ဟု ပြောသည်။
ဇန်နဝါရီလ ၂၉ ရက်နေ့က ပြည်ထောင်စု လွှတ်တော်တွင် အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) က ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီတရပ် ဖွဲ့ စည်းနိုင်ရေး အရေးကြီးအဆိုတခုကို တပ်မတော်က လုပ်ထုံးလုပ်နည်းနဲ့ မညီဟု ဆိုကာ အပြင်းအထန် ကန့်ကွက်ခဲ့ကြသည်။
ပြည်ထောင်စု လွှတ်တော်က စက်ခလုတ်နှိပ်၍ မဲခွဲရန် ဆုံးဖြတ်သည့်အခါတွင်လည်း မတ်တပ်ထရပ်ခဲ့ကြပြီး လွှတ်တော် နာယက ဦးတီခွန်မြတ်က ပြန်ထိုင်ပေးရန် ၂ ကြိမ်တိုင်တိုင် တောင်းပန်ခဲ့ရသည်။
ယင်းအဆိုကို တင်သွင်းခဲ့သူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်က ယခုလို ပြင်ဆင်ရေး ကော်မတီ ဖွဲ့စည်းမှုသည် ပါတီ တစုတဖွဲ့ ၊ ပုဂ္ဂိုလ်တဦး တယောက်အတွက် ဆောင်ရွက်သည့် ကိစ္စ မဟုတ်ဘဲ အားလုံး ပူးပေါင်းပါဝင်ပြီး အနာဂတ် နိုင်ငံအတွက် ညှိနှိုင်းရမည့် ကိစ္စတခု ဖြစ်ကြောင်း၊ ထို့ကြောင့် မည်သည့်ပုဒ်မကို ပြင်ဆင်မည်ဆိုသည့် ကြိုတင် သတ်မှတ်ချက် လုပ်မထားကြောင်း ယနေ့ နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။
၂၀၀၈ ဖွဲ့ စည်းပုံ ပြင်ဆင်ရေးသည် လျှို့ဝှက်စရာ ကိစ္စ မဟုတ်ဘဲ ၂၀၂၀ ရွေးကောက်ပွဲ နီးကပ်နေချိန် ရောက်မှ တက်သုတ်ရိုက် ဆောင်ရွက်မှုသည် ပွင့်ပွင့် လင်းလင်း မရှိသလို လုပ်ထုံး လုပ်နည်းများကိုပါ ကျော်လွန်နေကြောင်း လွှတ်တော်တွင်း တပ်မတော်သား အဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးချုပ် မောင်မောင်က သတင်းထောက်များကို ပြောသည်။
ဗိုလ်မှူးချုပ် မောင်မောင်က “အချိန်က ဘာမှ မကျန်တော့ဘူး။ ဒီကြားထဲမှာ ဒီလိုမျိုးလုပ်လာတာက ဘယ်လိုရည်ရွယ်ချက်တွေနဲ့ သူတို့ လုပ်နေသလဲ ဆိုတာကိုလည်း ပွင့်ပွင့် လင်းလင်း မရှိတော့ ကျနော်တို့ အနေနဲ့ကတော့ ဒီလိုဖွဲ့စည်းပုံပြင်ဆင်ရေးဆိုပြီး တက်သုတ်ရိုက်ပြီး လုပ်တဲ့သဘော ဖြစ်တယ်။ လုပ်ထုံးလုပ်နည်းတွေကို ကျော်လွန်ပြီး လုပ်တယ်။ ဒီလို လုပ်ရပ်တွေဟာ ဒီမိုကရေစီ မဆန်ဘူး” ဟု ပြောသည်။
လက်ရှိ ပြည်ထောင်စု လွှတ်တော်တွင် အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်မှ ကိုယ်စားလှယ် ၅၉ ရာခိုင်နှုန်း၊ တိုင်းရင်းသား ပါတီ အသီးသီးမှ ကိုယ်စားလှယ် ၁၁ ရာခိုင်နှုန်း၊ ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ် ၅ ရာခိုင်နှုန်းနှင့် တပ်မတော်မှ ၂၅ ရာခိုင်နှုန်း ရှိရာ တပ်မတော်၏ သဘောထား မပါဘဲ ၂၀၀၈ ဖွဲ့ စည်းပုံ မပြင်နိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။
၂၀၁၈ ခုနှစ်အတွင်းက နေပြည်တော်တွင် ပြုလုပ်ခဲ့သော ၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးတွင် တပ်ချုပ်က ၂၀၀၈ ဖွဲ့စည်းပုံဖြင့် နိုင်ငံတော်တာဝန်ကို ရယူရသည်မှာ အခက်အခဲ ရှိသည်ဆိုသည့် အသံများ ပိုမိုကြားလာရကြောင်း သို့သော်လည်း ယင်းဖွဲ့စည်းပုံသည် နိုင်ငံကို အာမခံချက်ပေးထားခြင်းဖြစ်ကြောင်း ပြောသည်။
ယင်းဖွဲ့စည်းပုံနှင့်ပင် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် နိုင်ငံရေး၊ စီးပွားရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး တို့ကို အတိုင်းအတာတခုထိ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး အတိုက်အခံဖြစ်သည့် NLD ပင်လျှင် ဝင်ရောက် အရွေးခံခဲ့ပြီး အာဏာရပါတီဖြစ်လာခဲ့ကြောင်း ထောက်ပြထားသည်။
တပ်ချုပ် က “အလားတူ နိုင်ငံရေးလက်စား ချေလိုမှုနဲ့ တည်ဆဲဥပဒေတွေကို စိတ်ချရတဲ့ အခြေအနေတစ်ခု မရောက်မီ ဖျက်သိမ်းပစ်တာ၊ အသစ်ပြဋ္ဌာန်းတာတွေကိုလည်း ဆင်ခြင်ရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီအစပျိုးကာလမှာ လုံခြုံရေးနဲ့ တည်ငြိမ် အေးချမ်းရေးဟာ အဓိကအရေးကြီး ပါတယ်။ တိုင်းရင်းသားအရေး၊ အမျိုးသားအကျိုးစီးပွားအရေးထက် ပိုအရေးကြီးတာ မရှိပါဘူး။ စစ်ရေးနဲ့ နိုင်ငံရေးမှာ မတရားတာမရှိဘူးလို့ ဆိုရိုးစကားရှိပေမယ့်၊ ကျနော့် အနေနဲ့ ကတော့ ရိုးသားတဲ့နိုင်ငံရေး၊ တရားမျှတတဲ့ နိုင်ငံရေးကိုသာ လိုချင်ပါတယ်” ဟု ဆိုထားသည်။
NLD အနေဖြင့် ၂၀၀၈ ပြင်ဆင်ရေး လွှတ်တော်ထဲကို တင်သွင်းသည့် အခြေအနေကို ကြည့်လျှင် တပ်မတော်နှင့် ညှိနှိုင်းမှု အားနည်းပုံရကြောင်း ဖွဲ့စည်းပုံပြင်ဆင်ရေး အတွက် တပ်မတော်နှင့် စနစ်တကျ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်လျင် ပြဿနာများကို အတိုင်းအတာတခုထိ ဖြေရှင်းနိုင်လိမ့်မည်ဟု ယူဆကြောင်း နိုင်ငံရေး သုတေသီ ဦးမောင်မောင်စိုး က ပြောသည်။
ဦးမောင်မောင်စိုး က “မနှစ်ကသူ (တပ်ချုပ်) ပြောခဲ့သလိုပေါ့ ၂၀၂၀ မှာငြိမ်းချမ်းရေးကို လူထုလက်ထဲ အပ်မယ်ဆိုတဲ့ ဟာကိုကြည့်ရင်တော့ ဒီ ၂၀၂၀ အမီကတော့ တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ အခြေခံဥပဒေ တချို့ကို ပြင်ပေးမယ် ဆိုတဲ့ သဘောထား ရှိပုံတော့ ရတယ်။ ဒါပေမယ့် NLD လိုလားတဲ့ ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ တချို့အချက်တွေ ကိုတော့ သဘောတူနိုင်ဦးမှာ မဟုတ်ဘူးလို့ထင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။