သတင်း

တမံဘောင် အက်ကွဲနေသည့် တောင်နဝင်း ရေလှောင်တမံမှ ရေများထုတ်လွှတ်

Want create site? Find Free WordPress Themes and plugins.

ပဲခူးတိုင်း အနောက်ခြမ်း ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ရှိ တောင်နဝင်း ရေလှောင်တမံမှာ ဇန်နဝါရီလ ပထမပတ်မှစတင်ကာ အပေါ်ပိုင်း မြေသား အက်ကွဲ၍ တမံဘောင် နိမ့်ကျမှုများ ဖြစ်ပေါ်ခဲ့သောကြောင့် ရေလှောင်တမံအတွင်းမှ ရေပမာဏအား လျော့ချနေရကြောင်း သိရသည်။

ယင်းရေလှောင်တမံအား သက်ဆိုင်ရာဆည်မြောင်းနှင့် ဘူမိဗေဒပညာရှင်များ စမ်းသက်လေ့လာတိုင်းတာမှုများပြုလုပ်နေပြီး စစ်ဆေးချက်များ မထွက်ပေါ်မှီ ရေလှောင်တမံအတွင်းရှိ ရေပမာဏကို လျော့ချနိုင်ရန် အပြင်သို့နေ့စဉ် ထုတ်နေရကြောင်း ပြည်ခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုဦးစီးဋ္ဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဦးက ပြောသည်။

ဦးဇော်ဦး က “ရေလျော့တယ်ဆိုတာက ကျနော်တို့မှာ တမံအောက်မှာ ရေထုတ်ပြွန်ဆိုတာ ၈.၂ ပေအချဉ်းရှိတဲ့ ရေထုတ်ပြွန်ရှိပါတယ်။ အဲဒီရေထုတ်ပြွန်ရဲ့ ရေထုတ်နိုင်တဲ့စွမ်းအားက တစက္ကန့်ကို ၉၆၀ ကုဗပေပါ။ အခုဆိုရင် လက်ရှိအချိန်မှာသူရဲ့ ၅၀ ရာနှုန်း ထုတ်လွှတ် ထားပါတယ်။ ချက်ခြင်းကြီး ၅၀ ကနေ ၁၀၀ လွှတ်လို့ ကျနော်တို့ရဲ့ ပုံမှန်ထက်ပို လွှတ်လို့မရတဲ့အတွက် တနေ့ တနေ့တိုးပြီးတော့ သူ့ရဲ့ခွင့်ပြုနိုင်တဲ့ ဒီဇိုင်းအတိုင်း တဖြည်းဖြည်း တိုးလွှတ်သွားပါ့မယ်” ဟု ပြောသည်။

၂၀၁၈ ခုနှစ်ကုန်ပိုင်းက ငလျင်လှုပ်ခတ်မှု ၄ ကြိမ် ဖြစ်ပြီးနောက် ဇန်နဝါရီ ၅ ရက် နေ့တွင် တာဘောင် တလျှောက်ရှိ  ပေ ၆၀၀၀ နှင့် ၆၁၀၀ ကြားရှိ တွင် ၃ လက်မ အကျယ်ရှိပြီး အရှည် ၃၅ ပေအရှည်ရှိ အက်ကွဲကြောင်းများ ဖြစ်ပေါ်ကာ ပေ ၁၀၀ ခန့် အောက်သို့ နိမ့်ဆင်း သွားခြင်းဖြစ်သည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ဇန်နဝါရီလ ၁၃ ရက်နေ့မှစတင်ကာ နေစဉ် တိုင်းတာမှုများပြုလုပ်ခဲ့ပြီး ယနေ့အထိ ပိုမိုဆိုးရွားလာသည့် အခြေအနေ မတွေ့ရှိရသေးကြောင်း ဆည်မြောင်းနှင့် ရေအသုံးချရေး စီးဦးဋ္ဌာန ဒုဦးစီးမှူး ဦးဇော်ဝဏ္ဏ က ဧရာဝတီကိုပြောသည်။

ဘူမိဗေဒ စူးစမ်းလေ့လာရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် တောင်နဝင်း ရေလှောင်တမံ (ဓာတ်ပုံ – ကောင်းမြတ်မင်း)

ဇန်နဝါရီလ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့များတွင် လျှပ်စစ်ဓာတ်အားလွှတ်၍ မြေကြီးခံနိုင်ရည်အား စမ်းသပ်သည့် ရလဒ်များနှင့် မြေငလျင် လှုပ်ခေတ်ခဲ့သည့် အခြေအနေများကိုပါ တိုင်တာမှုများ ပြုလုပ်ခဲ့ပြီး ဇန်နဝါရီ ၃၁ ရက်နေ့မှစတင်ကာ တမံ၏ပေတိုင် ၅၅၉၀ နှင့် ၅၆၅၀ ကြားတွင် လွန်တွင်းတူးခြင်းကို အနက်ပေ ၁၀၀ ခန့်အထိ ဘူမိဗေဒနည်းအရ လွန်တွင်းတူး စမ်းသပ်မှုများကိုလုပ်ဆောင်မှာဖြစ်ပြီး ယင်းစမ်းသက်ချက်၏ အဖြေရရှိမှသာ ရှေ့လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း သိရသည်။

ဦးဇော်ဦး က “ကျနော်တို့ အင်ဂျင်နီယာပိုင်းက နေပြီးတော့ ဒီဘူမိဗေဒ စူးစမ်းမှုတွေဆောင်ရွက်ပြီးမှသာ တမံရဲ့ ကြံ့ခိုင်မှုနဲ့ လုံခြုံစိတ်ချမှု အတွက် လိုအပ်တဲ့ လုပ်ငန်းစဉ်တွေရှိရင် ဆောင်ရွက်နိုင်မှာ ဖြစ်တဲ့အတွက် ဒါကို ပထမဆုံး ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဘူမိဗေဒ စမ်းသက်ချက်တွေ ထွက်လာပြီးမှပဲ ကျနော်တို့လုပ်ရမယ့် လုပ်ငန်းစဉ်တွေကို ဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။ မြေသားတမံ ဖြစ်တဲ့ အတွက်ကြောင့် ဒီလိုကိစ္စရပ်ဖြစ်လာမယ့် လုပ်ငန်းစဉ်တွေကလည်း ကျနော်တို့ ဋ္ဌာနအနေနဲ့တင် လုပ်ဆောင်နိုင်မယ့် အနေအထား ရှိပါတယ်ခင်ဗျ” ဟု ဆက်ပြောသည်။

ယင်းရေလှောင်တမံ အခြေအနေနှင့် ပတ်သက်၍ ပေါက်ခေါင်းမြို့နယ် လွတ်တေ်ာကိုယ်စားလှယ်များ၊ အထွေထွေအုပ်ချုပ်ရေးနှင့် ဆည်မြောင်း ဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်း၍ ထူးခြားဖြစ်စဉ်များကို ဇန်နဝါရီ ၂၈ ရက်နေ့က တမံအောက်ရှိ ကျေးရွာများ ဖြစ်သော ရပ်သစ်၊ ဆိုင်ခေါင်း၊ ဝက်တိုး စသည့်ကျေးရွာများ၊ ၂၉ ရက်နေ့တွင် ပေါက်ခေါင်းမြို့ပေါ် ရပ်ကွက် ၅ ခုနှင့် ၃၀ ရက်နေ့တွင် ဥသျှစ်ကုန်းနှင့် အခြားကျေးရွာများထံ လိုက်လံရှင်းပြော ဟောပြောမှုများ ပြုလုပ်ပေးခဲ့ရပြီး ဒေသခံများမှ ရေလှောင်တမံအတွင်းမှ ရေများကို လျော့ချပေးရန် တောင်းဆိုမှုများပြုလုပ်ခဲ့ကြသည်။

ပေါက်ခေါင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဌေး က “သူတို့ အဓိက တောင်းဆိုတာကတော့ ပြင်ဆင်ရေးလုပ်ငန်းတွေကို ထိရောက်မြန်ဆန်စွာလုပ်ပေးဖို့နဲ့ ဆည်ရေကိုလျှော့ပေးဖို့ တောင်းဆိုတာ တွေ့ရတယ်။” ဟု ပြောသည်။

သို့သော်လည်း ဒေသခံများမှာ ရေလွတ်ရာကုန်မြင်နေရာများနှင့် ဘေးကင်းရာနေရာများသို့ ကြိုတင်ပြောင်းရွှေ့မှုများလည်း ပြုလုပ်နေကြောင်း ရပ်သစ်ကျေးရွာမှ ဒေသခံများကပြောသည်။

တမံအောက်ပိုင်း ဝက်တိုးရွာမှ ဦးသိန်းဝင်း က “ဒီဆည်မြောင်းနဲ့ပတ်လို့ အထိပ်တလန့်တွေဖြစ်နေတယ်။ ရွှေ့ပြောင်းတဲ့သူတွေလည်း လွတ်ကင်းရာကို တိမ်းရှောင်နေကြတယ်။ တချို့လည်း မြင့်တဲ့နေရာတွေမှာ တက်အိပ်ကြတယ် ဒါပေမယ်လို့ ဖြစ်စေချင်တာက ဒီရေကိုလည်း လျှော့ပေးစေချင်တယ် အမြန်ဆုံးလည်း ပြင်ဆင်စေချင်တယ် ရေလျော့သွားရင်တော့ အကောင်းဆုံးလို့မျှော်လင့်ပါတယ်” ဟု ပြောသည်။

တောင်နဝင်းရေလှောင်တမံမှာ ပေါက်ခေါင်းမြို့အရှေ့ဘက် ၂ မိုင်ခန့်ရှိ တောင်နဝင်းဆည်ကို  မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရလက်ထက် ၁၉၈၅ ခုနှစ်တွင် ဂျပန်နိုင်ငံမှ ODA ချေးငွေဖြင့် စတင်တည်ဆောက်ခဲ့ပြီး ၁၉၉၅ ခုနှစ်တွင်  ပြီးစီးခဲ့သည်။

အဆိုပါ ရေလှာင်တမံကို ကျပ်သန်းပေါင်း ၁၄၇၂. ၆၅ သန်း ကုန်ကျခံတည်ဆောက်ခဲ့ကြောင်း သိရသည်။

ပြည်၊ သဲကုန်း၊ ပေါက်ခေါင်းစသည့် မြို့နယ်များရှိ စိုက်ပျိုးမြေဧက တသောင်းနီးပါး ရေပေးဝေနိုင်ပြီး၊ ရေလှောင် ပမာဏ ဧကပေ ၂၈၇၀၀၀ ရှိ၍ မြန်မာနိုင်ငံတွင် ရေမြုပ်ဧရိယာအကျယ်ဆုံး အဆင့် ၅ ရှိသည့် ရေလှောင်တမံကြီး ဖြစ်ကာ လက်ရှိတွင် ရေလှောင်ပမာဏ ဧကပေ ၂၂၀၀၀၀ သိရသည်။

ဆက်စပ်ဖတ်ရှုရန် – တောင်နဝင်းဆည်ဘောင် နေရာတချို့ တပေခန့် နိမ့်ကျ၍ အက်ကွဲကြောင်းများဖြစ်ပေါ်

Did you find apk for android? You can find new Free Android Games and apps.
Loading